အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ရန်ကုန်မြို့တော်ခန်းမ၌ ကုသိုလ်ပြုအမျှပေးဝေခြင်း အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ကုသိုလ်ပြုအမျှပေးဝေခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမြို့တော်ခန်းမပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ (၇၆) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ကော်မတီဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌအဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မစိုးရိမ်ဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များရွတ်ပွား သရဇ္ဇျာယ်တော်မူကြသည့် မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြကာ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မစိုးရိမ်ဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသထံမှ အနုမောဒနာတရားနာယူကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

Be the first to comment

Leave a Reply

Your email address will not be published.