အာဇာနည်နေ့တွင် ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ရဟန်းရှင်လူပြည်သူနှင့် ကျောင်းသား ကျောင်းသူများ လာရောက်လေ့လာ

ရန်ကုန် ဇူလိုင် ၁၉

၂၀၂၃ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် (၇၆) နှစ်မြောက် အာဇာနည်နေ့၌ ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ရဟန်းရှင်လူပြည်သူနှင့် ကျောင်းသားကျောင်းသူ ဦးရေ ၃၀၀၀ ကျော် လာရောက်လေ့လာကြသည်။

ဖွင့်လှစ်ပြသ

မြန်မာ့လွတ်လပ်ရေး ဖခင်ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သော နေအိမ်ပြတိုက်ကို ယနေ့မှ ဇူလိုင် ၂၁ ရက်အထိ နံနက် ၇ နာရီ မှ ညနေ ၅ နာရီ အထိအထူးပြပွဲအဖြစ် သုံးရက်တာဖွင့်လှစ်ပြသမည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အား တနင်္လာနေ့နှင့်နေ့ထူးနေ့မြတ် ပိတ်ရက်တို့မှအပ ကျန်နေ့ရက်တို့၌ နံနက် ၉ နာရီခွဲ မှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပြသလျက်ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) မှ ဦးစီးအရာရှိဒေါ်ညိုညိုယဉ်မောက်က “ဒီနေ့ (၇၆) နှစ်မြောက်အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို အထူးပြပွဲအနေနဲ့ ခင်းကျင်းပြသထားပါတယ်။ ပြတိုက်မှာ ကြည့်ရှုလေ့လာဖို့ လမ်းကြောင်းပြထားပါတယ်။ ပထမဆုံးပြတိုက်ဝင်းတံခါးအဝင်မှာ ဗိုလ်ချုပ်စီးတဲ့ကားပြကွက်ကို အရင်တွေ့ရမှာပါ။ ပြတိုက်အတက်လမ်းမှာ ဘုတ်ပြား ၁၈ ချပ်နဲ့ ဗိုလ်ချုပ်ရဲ့သမိုင်းဝင်မှတ်တမ်း အချက်အလက်များနဲ့ဓာတ်ပုံတွေကို ပြသထားပါတယ်။ ပြတိုက်ကိုတက်လာပြီးရင် ပြတိုက်ရဲ့အဝိုင်းထိပ်လေသာဆောင်မှာ ပက်လက်ကုလားထိုင်နဲ့ စာဖတ်အနားယူနေတဲ့ ဆီလီကွန်ဗိုလ်ချုပ်ရုပ်တုပုံကို တွေ့ရမှာပါ။ ဗိုလ်ချုပ်ဖတ်ခဲ့တဲ့စာအုပ်၊ ဗိုလ်ချုပ်နာမည်ပါတဲ့ မီးခြစ်နဲ့ ဆေးလိပ်၊ ပြာခွက်၊ ဆေးလိပ်ဘူးကိုပြသထားပါတယ်။ အဲဒီကနေ ပြတိုက်ထဲကိုဝင်ရင် ဗိုလ်ချုပ်မိသားစု ထမင်းစားခန်းမှာအသုံးပြုခဲ့တဲ့ ပရိဘောဂများကိုတွေ့ရမှာပါ။ အဲဒီအခန်းမှာ ဗိုလ်ချုပ်ရဲ့ငယ်ဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ၊ နိုင်ငံရေးဘဝ၊ တပ်မတော်‌ ခေါင်းဆောင်ဘဝနဲ့ နိုင်ငံခေါင်းဆောင်ဘဝ ဖြစ်စဉ်တွေကိုဘုတ်ပြားငါးချပ်နဲ့ ပြသထားပါ တယ်။ ထမင်းစားခန်းကိုလေ့လာပြီးရင် မိသားစုဘဝ၊ ဗိုလ်ချုပ်ရဲ့ဘဝဖြစ်စဉ် အကျဉ်းချုပ်ကို မြန်မာ/အင်္ဂလိပ် နှစ်ဘာသာနဲ့ရေးထိုးထားတဲ့ ဘုတ်ပြားနှစ်ချပ်ကို ပြသထားပါတယ်။ ပြတိုက် အပြင်လျှောက်လမ်းမှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)ရဲ့ သမိုင်းအကျဉ်းကို မြန်မာ/အင်္ဂလိပ်နှစ်ဘာသာနဲ့ပြသထားပြီးတော့ ပြတိုက်ခေါင်းရင်းကနေ အတွင်းကို ပြန်ဝင်တဲ့အခါမှာဧည့်ခန်းထဲမှာ ဗိုလ်ချုပ်မိသားစုအသုံးပြုခဲ့တဲ့ ဆက်တီ၊ ပရိဘောဂပစ္စည်းတွေနဲ့ အိန္ဒိယနိုင်ငံခေါင်းဆောင်ကြီး ဂျဝါဟလ်လာမစ္စတာနေရူး လက်ဆောင်ပေးခဲ့တဲ့ ကုတ်အင်္ကျီ၊ ဗိုလ်ချုပ်နားထောင်ခဲ့တဲ့ ရေဒီယို၊ ၁၉၆၄-၆၅ ခုနှစ်မှာ ပန်းချီဆရာကြီး ဦးငွေကိုင်ရေးဆွဲခဲ့တဲ့ ‘‘အိမ်နောက်ဖေးဈေးဆိုင်တည်” လို့အမည်ပေးထားတဲ့ ဗိုလ်ချုပ်စိုက်ပျိုးရေးလုပ်နေတဲ့ ဆီဆေးပန်းချီကား၊ ဗိုလ်ချုပ်မိသားစုဓာတ်ပုံ၊ ဗိုလ်ချုပ်ကိုယ်တစ်ပိုင်း ရုပ်တု၊ ပန်းချီကား၊ ဗိုလ်ချုပ်တို့မိသားစု ဧည့်ခန်းကဓာတ်ပုံနဲ့ ဗိုလ်ချုပ်ရှူးဖိနပ် စီးရင်ထိုင်ခဲ့တဲ့ကုလားထိုင်တို့ကို ပြသထားပါတယ်” ဟု ရှင်းလင်းပြောကြားသည်။

ပြတိုက်အပေါ်ထပ်တွင် ဗိုလ်ချုပ်တို့ဇနီးမောင်နှံအိပ်ခန်း၌ ခုတင်၊ မှန်တင်ခုံ၊ သစ်သားဗီရို၊ ဗိုလ်ချုပ်အသုံးအဆောင်ပစ္စည်းများထားရှိပြီး ထိုအခန်းခေါင်းရင်း၌ ကြောင်လိမ်လှေကားဖြင့် တက်ရသည့် တတိယထပ်တာဝါတွင်ရှိသော ဘုရားခန်းအတွင်း ဗိုလ်ချုပ်မိသားစုပူဇော်ခဲ့သည့် ဒက္ခိဏသာခါ ဆင်းတုတော်နှင့် ကျောင်းဆောင်ပုံကို ဗိုလ်ချုပ် အိပ်ခန်းခေါင်းရင်းတွင် ဘုတ်ပြားပေါ်၌ ဓာတ်ပုံ/စာသားတို့ဖြင့် ပြသထားသည်။ ဗိုလ်ချုပ်အိပ်ခန်းနံရံတွင် ဗိုလ်ချုပ်ပုံတူပိုးပန်းချီ၊ ဇနီးမောင်နှံပုံ၊ ဘေးတစ်ဖက်ရှိစာဖတ်ခန်းတို့ကိုပြသထားပြီးကလေးများ အိပ်ခန်း၌ခုတင်သုံးလုံး၊ အဝတ်ထည့်ဗီရို၊ မှန်တင်ခုံ၊ မောင်အောင်ဆန်းလင်း၏ ဓာတ်ပုံနှင့်လက်ရေးမူစာအုပ်များ၊ ဖတ်စာအုပ်များ၊ ကစားစရာ များနှင့်အတူ ၁၉၅၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင်ဆုံးပါးခဲ့သည့် မောင်အောင်ဆန်းလင်း၏ထိုနံနက်ပိုင်းကအက်ဆေးပုံစံ အင်္ဂလိပ်ဘာသာဖြင့် ရေနစ်သူတစ်ယောက်အား ကယ်ဆယ်သည့် နည်းလမ်းများကိုယ်တိုင် ရေးသားထားသည့် လက်ရေးမူရင်းစာသားများကိုလည်း ပြသထားသည်။

အများပြည်သူလေ့လာနိုင်

ထိုအိပ်ခန်းတွင် မိသားစုပုံများ၊ ဗိုလ်ချုပ်မိခင်နှင့် မိသားစုပုံ၊ ဒစ်ဂျစ်တယ် ပြကွက်များဖြစ်သည့် ဗိုလ်ချုပ်၏ဓာတ်ပုံမှတ်တမ်း၊ မိန့်ခွန်းနှင့် သမိုင်းကြောင်းတို့ကို မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြင့် ပြသထားသည်။ ကလေးအိပ်ခန်းအနီးတွင် အထူးအစည်းအဝေးခန်း၌ ဆက်တီတစ်စုံနှင့် နံရံတွင်ဗိုလ်ချုပ်မိန့်ခွန်းများ ကောက်နုတ်ချက်တို့ကို မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြင့် ပြသထားပြီး ကလေးအိပ်ခန်း အနောက်ဘက်တံခါးရှိ စင်္ကြံလမ်းမှပြတိုက်အောက်သို့ ပြန်ဆင်းပါက ခြံဝင်းစိုက်ခင်းပြကွက်၌ သီးပင်စားပင် စိုက်ပျိုးနေသည့် ဗိုလ်ချုပ်ရုပ်တုပုံကိုပြသထားသည်။ ရေကန်အနီး ပြတိုက်ဝင်းအထွက်လမ်း၌ ဗီနိုင်းဘုတ်ပြား ၁၄ ချပ်ဖြင့် အာဇာနည် ခေါင်းဆောင်တို့၏ဓာတ်ပုံများ၊ ဗိုလ်ချုပ်‌၏သမိုင်းကြောင်းဆိုင်ရာများနှင့် ဓာတ်ပုံများ၊ ပြတိုက်၊ ပုဂံနှင့်မြန်မာနိုင်ငံ၏ ရှုခင်းအလှတို့ ကို VR Systen ဖြင့် အများပြည်သူ လေ့လာနိုင်ရန် ပြသထားသည်။

“ဗိုလ်ချုပ်ပြတိုက်မှာ လာရောက်လေ့လာသူတွေအတွက် ကိုဗစ်-၁၉ စည်းကမ်းချက်များနဲ့အညီ ဆောင်ရွက်ထားပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့လည်း မြို့နယ်ကျန်းမာရေးအဖွဲ့၊ မြို့တော်စည်ပင်သာယာ ကျန်းမာရေးအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့တွေအပြည့်အစုံရှိပါတယ်။ လာရောက်ကြည့်ရှုသူတွေ အဆင်ပြေအောင် ပြတိုက်တာဝန်ရှိသူတွေနဲ့ ဌာနဆိုင်ရာတွေဝိုင်းဝန်းကူညီဆောင်ရွက်ပေးထားပါ တယ်” ဟု ဒေါ်ညိုညိုယဉ်မောက်က ပြောကြားသည်။         

စည်ကားများပြား

ယနေ့ အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) အား ယခင်နှစ်တို့ထက်အထူးပြပွဲရက်နှင့် အစီအစဉ်များကို တိုးမြှင့်ပြသထားပြီး ပြတိုက်အင်္ဂါနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရာ ကြည့်ရှုလေ့လာသူတို့ဖြင့် စည်ကားများပြားခဲ့သည်။

သတင်းစဉ်

Be the first to comment

Leave a Reply

Your email address will not be published.