မဲခေါင်-လန်ချန်းနိုင်ငံများအကြား စာကြည့်တိုက်များရှိ ရှားပါးစာပေအမွေအနှစ် ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးကွန်ရက်ထူထောင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ နေပြည်တော်၊ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၅ ရက်

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ”မဲခေါင်-လန်ချန်းနိုင်ငံများအကြား စာကြည့်တိုက်များရှိ ရှားပါးစာပေအမွေ အနှစ်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးကွန်ရက်ထူထောင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” (Seminar on Building Network on Preservation and Conservation of Literary Heritage among Mekong-Lancang Area, especially Rare Materials in Libraries)ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်း‌ညှိနှိုင်းရေးအဖွဲ့(မြန်မာ)မှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်း၊ မဲခေါင်ဒေသတွင်း နိုင်ငံများရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများမှ သံရုံးတာဝန်ရှိသူများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများမှ စာကြည့်တိုက် မှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများက Hybrid စနစ်ဖြင့် တက်ရောက် ခဲ့ကြပါသည်။ ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက Video Message ဖြင့် အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ လာအိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ စသည့် မဲခေါင်မြစ်စီးဆင်းနေသည့် နိုင်ငံများအကြား ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ တွေးခေါ်မှုပုံစံများ၊ နေထိုင်စားသောက်မှု စရိုက်လက္ခဏာများသည် ပျံ့နှံ့ဆက်နွယ်လျက်ရှိပြီး ရှေးယခင်ကပင် ဟန်ချက်ညီညီ အပြန်အလှန် မှီခိုနေထိုင်ခဲ့ကြကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား ကောင်းမွန်သော ဆက်ဆံရေးကို ခိုင်မာစေရန်အတွက် ဘာသာစကား၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ အနုပညာ ကူးလူးဖလှယ်မှုနှင့် အပြန်အလှန် နားလည်မှုများကို မြှင့်တင် ခြင်းသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လာပါကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု၏ အဓိကရည်ရွယ်ချက်မှာ မဲခေါင်ဒေသအတွင်း နိုင်ငံများ၏ လူမှုစီးပွားဖွံဖြိုး တိုးတက်ရေးကို အထောက်အကူပြုပြီး သာယာ၀ပြောမှုကို တိုးမြှင့်ပေးရန်၊ စဉ်ဆက်မပြတ် ဖွံဖြိုး တိုးတက်မှုရှိစေရန်နှင့် ဖွံဖြိုးတိုးတက်မှုကွာဟနေခြင်းကို လျော့ချရန်၊ ဖွံဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်သွားရန်တို့ဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် မဲခေါင်-လန်ချန်း နိုင်ငံများရှိ စာကြည့်တိုက်နှင့် မော်ကွန်းတိုက်များမှ စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက် နေကြသည့် ပညာရှင်များ၏ နည်းပညာနှင့် အတွေ့အကြုံများကို လက်ဆင့်ကမ်းဝေမျှပေးသည့် အတွက် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရပ်များ ဖွံဖြိုးတိုးတက်မှု ရရှိမည်ဖြစ်ကြောင်းကို မိမိအနေဖြင့် ယုံကြည်မိပါကြောင်း၊ မဲခေါင်-လန်ချန်းနိုင်ငံများရှိ စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေး ပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းဆောင်ရွက်မှု၊ အတွေ့အကြုံများနှင့် နည်းပညာ များ ဖလှယ်ခြင်းများဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေမည်ဟု ပြောကြားလိုပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံစီမှ သက်ဆိုင်ရာ နိုင်ငံများရှိ စာကြည့်တိုက်များ၊ မော်ကွန်းတိုက်များတွင် ထိန်းသိမ်းထားရှိသော ရှားပါးသည့် အထောက်အထားများ၊ စာပေအမွေအနှစ်များအား စီမံခန့်ခွဲမှု၊ ခေတ်မီနည်းစနစ်များဖြင့် ရေရှည် တည်တံ့စေရန်ထိန်းသိမ်းမှု၊ သဘာဝဘေးအန္တရာယ်များကြောင့် ယင်းစာပေအထောက်အထား များတွင် ကျရောက်နိုင်သည့် အန္တရာယ်များကို ကြိုတင်ကာကွယ်မည့်နည်းလမ်းများနှင့် သက်ဆိုင်သည့် ခေါင်းစဉ်များကို ဖတ်ကြားသွားမည်ဖြစ်သဖြင့် ထိုအလုပ်ရုံဆွေးနွေးပွဲမှ ရရှိ သည့် နည်းစနစ်များ၊ အတွေ့အကြုံများ၊ ဗဟုသုတများကိုမျှဝေခြင်းဖြင့် ပိုမိုကောင်းမွန်သည့် ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းများကို လုပ်ဆောင်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခု စီမံကိန်းအား ကျင်းပခွင့်ရရှိရန် ကူညီပံ့ပိုးပေးသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြသည့် မဲခေါင်-လန်ချန်းဒေသမှ စာကြည့်တိုက်ပညာရှင်များ၊ သုတေသီများ၊ မြန်မာနိုင်ငံရှိ စာကြည့်တိုက်များ၊ မော်ကွန်းတိုက်များ၊ စစ်သမိုင်းပြတိုက်နှင့် တက္ကသိုလ် များမှ အရာထမ်း၊ အမှုထမ်းများ၊ အငြိမ်းစား ဆရာ/ ဆရာမများ၊ မဲခေါင်-လန်ချန်း (၆)နိုင်ငံမှ ပူးပေါင်းပါဝင်ကြသူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပြီး ဆုမွန်ကောင်းများ ပို့သလိုက်ပါ ကြောင်း ပြောကြားပါသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ  ယဉ်ကျေးမှုသံမှူးကြီး Mr. Pan Feng က Video Message အမှာစကားပြောကြားပြီး မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)မှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်းက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

ထို့နောက် မဲခေါင်-လန်ချန်း စီမံကိန်းပေါ်ပေါက်လာပုံနှင့် မြန်မာနိုင်ငံစာကြည့်တိုက် ဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်လုပ်ငန်းစဉ် အကျဉ်းအား  Video Clip ဖြင့် ဖွင့်လှစ်ပြသ၍ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြ ပါသည်။

ထို့နောက် နိုင်ငံတကာပညာရှင် Ms. Tian Zhouling နှင့် ပြည်တွင်းပညာရှင် ဦးမြင့်ကြိုင် တို့က အမှာစကားပြောကြားပြီး မဲခေါင်-လန်ချန်း (၆)နိုင်ငံမှ တစ်နိုင်ငံလျှင် စာတမ်း(၁)စောင်စီ ဖတ်ကြားခြင်းနှင့် မေးခွန်းမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်းများကို ဆောင်ရွက်ကြသည်။

ဆက်လက်၍ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် က နိဂုံးချုပ်အမှာစကား ပြောကြားကာ ညနေ ၃:၃၀ နာရီတွင် အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာ ပြီးမြောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Be the first to comment

Leave a Reply

Your email address will not be published.