၂၄ ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုဆပ်ကော်မတီအစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီအစည်းအဝေး ကျင်းပ

နေပြည်တော်၊ ၂၀၂၃ ခုနှစ် ဩဂုတ် ရက်

          ၂၄ ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုဆပ်ကော်မတီအစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ အစည်းအဝေးအား ၃.၈.၂၀၂၃ ရက်နေ့ နေ့လယ် ၁၄:၀၀ နာရီတွင် Orientation ခန်းမ၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၌ ကျင်းပခဲ့ပါသည်။

          အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ဖိတ်ကြားထားသည့် ဝန်ကြီးဌာန အသီးသီး မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အာဆီယံလူမှုယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့် အရာရှိကြီးဖြစ်သူ၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်နှင့် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

          အဆိုပါဦးစီးကော်မတီအစည်းအဝေး၌ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အာဆီယံ ယဉ်ကျေးမှု ဆပ်ကော်မတီအစည်းအဝေးများကို  အာဆီယံနိုင်ငံများ၏ ယဉ်ကျေးမှု၊ သမိုင်းကြောင်း၊ ကိုးကွယ်ရာ ဘာသာနှင့် လူမှုတိုးတက်မှုဆိုင်ရာ အပြန်အလှန် နားလည်ယုံကြည်မှုတို့ကို တိုးမြှင့်ခိုင်မာစေရန်နှင့် အာဆီယံ ရိုးရာဓလေ့၊ ရိုးရာအနုပညာ၊ ရှေးဟောင်းသုတေသန၊ စာကြည့်တိုက်နှင့် ပြတိုက်များ အကြား ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများမှတစ်ဆင့် ပြည်သူအချင်းချင်း  ထိတွေ့ဆက်ဆံ၍ ပူးပေါင်းပါဝင် ဆက်သွယ်ဆောင်ရွက်နိုင်ရေး   ကြိုးပမ်းဆောင်ရွက်ရန်၊ အာဆီယံနိုင်ငံများအကြား မတူကွဲပြားသည့် ယဉ်ကျေးမှုများအား အပြန်အလှန် အသိအမှတ်ပြုစေရန်နှင့် အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် အချက်အချာကျမှုကို ရေရှည်တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်၍ နှစ်စဉ် အာဆီယံအဖွဲ့ဝင်နိုင်ငံများက အက္ခရာစဉ်အလိုက် ကျင်းပရခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် ၂၀၂၃ ခုနှစ်တွင် အလှည့်ကျအိမ်ရှင်အဖြစ်လက်ခံ ကျင်းပခွင့်ရခြင်း ဖြစ်ပါကြောင်း၊ ယခု ကျင်းပမည့် ၂၄ ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုဆပ်ကော်မတီအစည်းအဝေးသို့ ယဉ်ကျေးမှု နှင့် အနုပညာဆိုင်ရာစီမံကိန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုများ၊ လက်ရှိဆောင်ရွက်မှု များ၊ ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ၂၀၂၄ ခုနှစ်အတွက် အာဆီယံ ယဉ်ကျေးမှု ရန်ပုံ‌ငွေဖြင့် ဆောင်ရွက်မည့် အာဆီယံနိုင်ငံများ၏ ယဉ်ကျေးမှု၊ အနုပညာ၊ အမွေအနှစ်ဆိုင်ရာ စီမံကိန်းအသစ်များအား ဆွေးနွေးအမြင်ချင်းဖလှယ်ကြမည် ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေး သို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံနိုင်ငံများမှ ညွှန်ကြားရေးမှူးနှင့် အထက်ရှိသည့် အဆင့်မြင့်အရာရှိကြီးများ အပါအဝင် ကိုယ်စားလှယ် ၂ ဦးစီ တက်ရောက်သွားကြမည် ဖြစ်ပါ ကြောင်း၊  ကိုဗစ် ၁၉ ကပ်ရောဂါအလွန်ကာလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရချိန်၌ အာဆီယံဒေသအတွင်းတွင် မိမိနိုင်ငံ၏ ဧည့်ဝတ်ကျေပွန်မှု၊ အစည်းအဝေးများကို အဆင့်မြင့်စွာ စီမံနိုင်မှု၊ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအကအလှများကို တင်ပြနိုင်မှု စသည်ဖြင့် စနစ်တကျ ပြည့်စုံအောင် စီမံဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့် အခွင့်အရေးကောင်းတစ်ရပ်ကို အကျိုးရှိစွာ အသုံးချပြီး အာဆီယံဒေသအတွင်း အဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စီမံကိန်းများကို အထူးဦးစားပေး ဆွေးနွေးကြမည့် ၂၄ ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုဆပ်ကော်မတီ အစည်းအဝေး အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် ကော်မတီဝင်များနှင့် ဆပ်ကော်မတီအသီးသီးက တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းပံ့ပိုး အကြံပြုဆွေးနွေးပြီး  ကူညီဆောင်ရွက်ပေးကြရန် မှာကြား လိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံ အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အဆင့်မြင့် အရာရှိကြီးဖြစ်သူ၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်မြင့်က (၂၄) ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုဆပ်ကော်မတီအစည်းအဝေး အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ဆပ်ကော်မတီအလိုက် ဆွေးနွေး တင်ပြကြပြီး အစည်းအဝေးအား ၁၅ :၄၆ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.