သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် အမျိုးသားပြတိုက် (နေပြည်တော်) သို့ သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော် ဩဂုတ် ၁၂

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သည် ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် တာဝန်ရှိသူများ လိုက်ပါ၍ အမျိုးသားပြတိုက်(နေပြည်တော်)သို့ ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ အမျိုးသားပြတိုက်(နေပြည်တော်)ရှိ Mini Theatre တွင် အမျိုးသားပြတိုက်         (နေပြည်တော်)၌ ပြသထားသည့် ပြခန်းများနှင့်ပတ်သက်၍ ပြသသည့် Video Clip ကို ကြည့်ရှု ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းခန်းမဆောင်၌ မြင့်မားသည့် မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားမှု၊ အဆင့်အတန်းမြင့်မားပြီး ကြွယ်ဝသည့် ယဉ်ကျေးမှုအမွေ အနှစ်များနှင့် မြန်မာတိုင်းရင်းသားတို့၏ စွမ်းဆောင်ချက်များကို တစ်နေရာတည်းတွင် လေ့လာ သိရှိနိုင်ရန်အတွက် ပြတိုက်များကို တည်ဆောက်ပြသရခြင်းဖြစ်ကြောင်း၊ အမျိုးသားပြတိုက် (နေပြည်တော်)ရှိ ခင်းကျင်းပြသထားသည့် ပြခန်းများဖြစ်သော လက်ဆောင်ပစ္စည်းများပြခန်း၊ ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ သမိုင်းမတင်မီခေတ် (ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်)ပြခန်း၊  သမိုင်းတင်ခေတ်ဦး (ဘီစီ ၂ ရာစု – အေဒီ ၉ ရာစု)ပြခန်း၊ သမိုင်းတင်ခေတ် (အေဒီ ၁၁ ရာစု – ၁၄ ရာစု) ပြခန်း၊ မြန်မာပန်းချီပြခန်း၊  မြန်မာ့အနုသုခုမပြခန်း၊ သီဟာသနပလ္လင် ပြခန်း၊ ဗုဒ္ဓအနုပညာပြခန်းနှင့် နိုင်ငံတော်အကြီးအကဲများ၏ မော်တော်ယာဉ်များပြခန်း၊ လက်မှု အနုပညာပြခန်း၊ အာဆီယံပြခန်းနှင့် ကလေးသူငယ်ပညာပေးပြခန်း၊ စုစုပေါင်းပြခန်း (၁၃)ခန်းကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ အများပြည်သူလေ့လာကြည့်ရှုပြီး မြန်မာနိုင်ငံ၏ ရှည်လျား၍ စဉ်ဆက်မပြတ်သည့် သမိုင်းစဉ်အဆက်ဆက်ကို လေ့လာနိုင်ခြင်း၊ မိမိတို့ ဘိုးဘေး များ၏ ယဉ်ကျေးမှုအမွေအနှစ်များအား ထိန်းသိမ်းမြှင့်တင်လိုစိတ်များ ဖြစ်ပေါ်လာစေခြင်းနှင့် မြန်မာနိုင်ငံသားများအဖြစ် ဂုဏ်ယူတတ်လာစေခြင်းတို့ကို ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ ရဟန်းရှင်လူ ပြည်သူများ၊ ကျောင်းသား၊ကျောင်းသူများ၊ နိုင်ငံခြားသားများ၊ လေ့လာ လိုက်စားသူ သုတေသီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဝန်ကြီးဌာန/အဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်းများ အမျိုးသားပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာရာတွင် အဆင်ပြေ ချောမွေ့စွာပြသနိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်ပေးသွားရန် ပြောကြားခဲ့ပြီး ပြတိုက်တွင် ခင်းကျင်းပြသထားမှုများနှင့်ပတ်သက်၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.