နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်

နေပြည်တော် ဩဂုတ် ၁၁

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး များ၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွန်ကြားရေးမှူးချုပ်များ၊ အကဲဖြတ် ပညာရှင်များ နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာစကား ပြောကြားရာတွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ်ကစတင်ပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှ နိုင်ငံတော်အဆင့်အထိ ခမ်းနားသိုက်မြိုက်စွာ နှစ်စဉ် ရည်ရွယ်ချက်ကောင်းများစွာနှင့် ၂၀၁၆ ခုနှစ်အထိ (၂၂) ကြိမ်တိုင် ကျင်းပပြုလုပ်ခဲ့ ကြောင်း၊ သို့သော် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ် အထိ ၅ နှစ်တာ ကာလအတွင်း အကြောင်း ပြချက် အမျိုးမျိုးဖြင့် ယခင် ပြည်ထောင်စုအစိုးရမှ ကျင်းပပေးနိုင်ခဲ့ခြင်း မရှိကြောင်း၊ ထိုသို့ကြာမြင့်ချိန်ကာလအတွင်း ပြိုင်ပွဲအချို့ မြန်မာ့ရိုးရာယဉ်ကျေးမှု ပညာရပ်များနှင့် ကင်းကွာစပြုလာသလို သဘာရင့်ဝါရင့် သက်ကြီးပညာရှင် အချို့ တိမ်ပါးကွယ်လွန်ခဲ့ခြင်း များလည်းရှိခဲ့ကြကြောင်း၊ အခြားတစ်ဘက်တွင်လည်း ထိုကာလ မတိုင်ခင်ကထဲကပင် မြန်မာ့ရိုးရာယဉ်ကျေးမှုစရိုက်လက္ခဏာနှင့် ဆန့်ကျင်သည့် သရုပ်လွန်ဂီတများ၊ စကားလုံး ကြမ်းကြမ်းဖြင့် တေးသီချင်းများ၊ ငြိမ့်ညောင်းညက်ညောမှု၏ ဆန့်ကျင်ဘက် ဖြစ်သည့် လှုပ်ရှားကပြမှုများသည် လူငယ်ထုအတွင်း အတိုင်းအတာတစ်ခုအထိ ထိုးဖောက် ဝင်ရောက်စပြုလျက်ရှိခဲ့ကြောင်း၊

ထိုသို့သော အခြေအနေများကြားတွင် မြန်မာ့ရိုးရာ အနုသုခုမ ပညာရပ်များကို ထိန်းသိမ်း ဆောင်ရွက်ထားသူ ပညာရှင်ကြီးများ၊ မြန်မာ့ရိုးရာအနုသုခုမ ပညာရပ်များကို မြတ်နိုး ဖက်တွယ်ထားသူ ဝါသနာရှင် လူငယ်များအနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး ပြန်လည်ပေါ်ထွန်းလာရေးကို အားကိုးတကြီး မျှော်လင့်ခဲ့ကြ ကြောင်း၊

၂၀၂၂ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရ အဖွဲ့၏ အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၂)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ခမ်းခမ်းနားနားနှင့် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပ နိုင်ရန် လမ်းညွှန်ခဲ့ပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်ပြီး အတွေ့အကြုံ ရင့်ကျက်မှုအပြင် စည်းမျဉ်း စည်းကမ်းများနှင့်အညီ မှန်ကန်စွာ သုံးသပ်ဆုံးဖြတ်နိုင်ပြီး၊ အဂတိတရားကင်းရှင်းသည့် အကဲဖြတ်ပညာရှင်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ မျိုးဆက်သစ်ရွက်ပုန်းသီး အနုပညာရှင်များကို ဖော်ထုတ်မြှင့်တင်နိုင်ရေး အတွက်လည်း အလေးအနက်ထား မှာကြားခဲ့ကြောင်း၊

ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီအနေဖြင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဆပ်ကော်မတီဝင် များဖြင့် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နိုင်ငံတော်အဆင့် ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် အနုသုခုမဆိုင်ရာ ရှုထောင့်အပြင် လုံခြုံရေး ရှုထောင့်နှင့် ထိုစဉ်က ရောဂါလက္ခဏာ အရှိန်အဟုန် အနည်းငယ်ရှိနေသေးသည့် ကိုဗစ် ၁၉ ရောဂါကို အကြောင်းပြုသည့် ကျန်းမာရေးရှုထောင့်ကပါ ပြည့်စုံစေ့စပ်စွာ ကြိုတင် စဉ်းစားဆောင်ရွက်ခဲ့ကြသည့်အတွက် (၂၃) ကြိမ်မြောက်ပြိုင်ပွဲကြီးသည် ရွက်ပုန်းသီး အနုပညာရှင်များစွာ ပေါ်ထွက်လာမှုနှင့်အတူ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါကြောင်း၊

ပြိုင်ပွဲဝင် အင်အားအနေဖြင့်လည်း နောက်ဆုံးပြိုင်ပွဲကြီး ကျင်းပရန် နီးကပ်ချိန်အထိ ကြိုတင် မျှော်မှန်းထားသည့် အရေအတွက်ထက် တက်ကြွစွာ ပိုမိုပါဝင်ခဲ့သည့်အတွက်လည်း ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအနေဖြင့် နိုင်ငံတော်အဆင့် ပြိုင်ပွဲ အခမ်းအနားကြီး တစ်ခုကို အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်ရကျိုးနပ်သည့် ရလဒ်ပင်ဖြစ်ပါကြောင်း၊

မြင့်မားသည့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့်ပြည်စုံသည့် နိုင်ငံတစ်နိုင်ငံ ဆိုသည်မှာ ထိုနိုင်ငံ၏ သမိုင်းနှင့်ချီပြီး ရှည်လျားခဲ့သည့် ရိုးရာအစဉ်အလာ ဒြပ်ရှိဒြပ်မဲ့ အထောက်အထားများအပြင် အဆင့်ဆင့် ပြောင်းလဲတိုးတက်လာသည့် ကိုယ်ပိုင် ယဉ်ကျေးမှု အနုသုခုမအစဉ်အလာများသည် အဆိုပါနိုင်ငံ၏ ထူးခြားပေါ်လွင်သည့် အဓိကသွင်ပြင် လက္ခဏာများပင်ဖြစ်ကြောင်း၊

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်များကို တာဝန်ယူ ထမ်းဆောင်ရာ တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက်ပါ ပုဒ်မ (၂၇)အရ နိုင်ငံတော်သည် အမျိုးသားယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက် ခိုင်မာရေးနှင့် စောင့်ရှောက် ထိန်းသိမ်းရေးအတွက် ကူညီဆောင်ရွက်မည့် အချက်အား လည်းကောင်း၊ ပုဒ်မ (၃၃) အရ နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေး တို့အတွက် ဆောင်ရွက်ရမည့် အချက်အားလည်းကောင်း၊ ပုဒ်မ ၃၉၀ (က) အရ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း အချက်အားလည်းကောင်း အလေးထားလျက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးအား ခြိမ့်ခြိမ့်သဲသဲ အောင်မြင်စွာကျင်းပခဲ့ပြီး ယခု ၂၀၂၃ ခုနှစ် (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကိုလည်း နိုင်ငံတော်အဆင့် အားလျော်စွာ ခမ်းနား သိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေးအတွက် ယခုကဲ့သို့ ညှိနှိုင်းအစည်းအဝေးကို ကျင်းပခြင်း ဖြစ်ကြောင်း၊

ထို့ကြောင့် နိုင်ငံတော်က ဦးတည်ချက်ချမှတ်ပြီး အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ (၂၄)ကြိမ်မြောက်ပြိုင်ပွဲကြီးကို ယခင်နှစ်များကဲ့သို့ ပြိုင်ပွဲဝင် ဘာသာရပ်ဆိုင်ရာ ပြည့်ပြည့် စုံစုံ၊ အကဲဖြတ် ပညာရှင်ကြီးများ သိုက်သိုက်ဝန်းဝန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မျိုးဆက်သစ် ရွက်ပုန်းသီး ပြိုင်ပွဲဝင်လူငယ်မောင်မယ်များ အင်ပြည့်အားပြည့်ဖြင့် ပါဝင် ယှဉ်ပြိုင်နိုင်ကြရန်အတွက် သက်ဆိုင်ရာ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆက်စပ် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးသွားကြရန် တိုက်တွန်းပါကြောင်းနှင့် ယခင် (၂၃) ကြိမ်မြောက်ပြိုင်ပွဲမှ အားနည်းချက်များကို သင်ခန်းစာယူ၍ အားသာချက်များ အဖြစ်ပြောင်းလဲကာ ပြိုင်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်း ကြိုးပန်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်က ယခင်ပြိုင်ပွဲကျင်းပနိုင်ခဲ့မှုအခြေအနေများ၊ ယခုပြိုင်ပွဲကျင်းပမည့် အစီအမံများနှင့် ဆုချီးမြှင့်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဦးစီးကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါ်နုမြဇံ က (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဦးတည်ချက်များ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များ၊ ပြိုင်ပွဲ ကျင်းပရေး နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာသက်သက်ခိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်း ဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတို့နှင့်ပါတ်သပ်၍ ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် လုံးခြုံရေးဆပ်ကော်မတီ၊ ပြိုင်ပွဲကျင်းပရေး၊ အခမ်းအနားပြင်ဆင်ရေးနှင့် အကဲဖြတ်အမှတ်ပေး ကြီးကြပ်ရေးဆပ်ကော်မတီ၊ ပြိုင်ပွဲဝင်စိစစ်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေး နှင့် ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေးနှင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပရေးဆပ်ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေး၊ ဆုချီးမြှင့်ရေးနှင့် အခမ်းအနားများကျင်းပရေး ဆပ်ကော်မတီ၊ ပြန်ကြားရေး၊ သတင်းထုတ်ပြန်ရေးနှင့် လှုံ့ဆော်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ လုပ်ငန်းစစ်ဆေးရေး ဆပ်ကော်မတီ၊ တည်းခိုရေးနှင့်ပြိုင်ပွဲကျင်းပမည့်နေရာ အုပ်ချုပ်ရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက်ရှင်းလင်း တင်ပြကြသည်။

ထို့နောက် အကဲဖြတ်ပညာရှင်များနှင့် အစည်းအဝေးသို့တက်ရောက်လာကြသည့် တာဝန်ရှိသူများ က (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.