သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် အမျိုးသားပြတိုက်(နေပြည်တော်)၌ ကျင်းပပြုလုပ်သော Digital Museum နှင့် Pagoda Digital Directory အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် နေပြည်တော်၊ ဩဂုတ် (၂၁)

Digital Museum နှင့် Pagoda Digital Directory အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၁.၈.၂၀၂၃)ရက် (၁၀:၀၀)နာရီအချိန်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားပြတိုက် (နေပြည်တော်)၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ Digital Museum အခြေခံသင်တန်း တက်ရောက်နေကြသော သင်တန်းသား/သူများ တက်ရောက်ခဲ့ ကြပါသည်။

အစည်းအဝေး၌ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အဖွင့်အမှာစကားပြောကြားရာတွင် ပြတိုက်နှင့်စာကြည့်တိုက်များကို ခေတ်မီနည်းပညာများဖြင့်် ပြည်သူလူထုကို ပြသရန်လိုအပ်ကြောင်း နှင့် Digital Museum ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားထားပါကြောင်း၊ အလားတူ ပြတိုက်၊ စာကြည့်တိုက်များသာမက မြန်မာ နိုင်ငံမှ အထင်ကရ  ဘုရားများတွင် Pagoda Digital Directory ပြုလုပ်၍ အများပြည်သူ သိရှိအောင် ပြသထားရှိရန်လည်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှုပြုခဲ့၍ ယခုအစည်းအဝေးကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးက အမျိုးသားပြတိုက်(နေပြည်တော်)နှင့် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ရှိ Digital နည်းပညာဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ အဆိုပါ Digital နည်းပညာဆိုင်ရာဆောင်ရွက်ချက်များကို ဆက်လက်၍ ကျယ်ကျယ်ပြန့်ပြန့် ပြည့်စုံအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား ခဲ့ပါကြောင်း၊ ပြတိုက်၊ စာကြည့်တိုက်များသာမက နိုင်ငံအတွင်း ထင်ရှားသော တန်ခိုးကြီးဘုရား         ၉ ဆူကို ဦးစွာရွေးချယ်၍ ဘုရားဂေါပကအဖွဲ့များကို ဖိတ်ကြားကာ  အဆိုပါ ဘုရားများအတွက်  Pagoda Digital Directory ပြုလုပ်ရေး ဦးဆောင်ဆွေးနွေး ရှင်းလင်းပြသရမည်ဟု လမ်းညွှန်ထားပါကြောင်း၊ ထို့ကြောင့်  ရှေးဟောင်းသုတေသနနှင့်  အမျိုးသားပြတိုက်ဦးစီးဌာနက ဆောင်ရွက်ထားသည့် Digital Museum လုပ်ငန်းများကို ပြသ၍ နမူနာထား ရှင်းလင်းသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့်  အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် က ဌာနမှ ဆောင်ရွက်ထားသည့် Digital Museum ဆိုင်ရာအကောင်အထည်ဖော်ထားရှိမှုများကို ရှင်းလင်းတင်ပြကာ Digital Museum ဆောင်ရွက်ထားမှု အခြေအနေကို လက်တွေ့သရုပ်ပြရှင်းလင်း တင်ပြခဲ့ပါသည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသူများက Pagoda Digital Directory အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စနှင့် ပတ်သက်၍ အကြံပြု တင်ပြဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ အထင်ကရဘုရားများမှ ပထမအဆင့်အနေဖြင့် ရွှေတိဂုံ၊ ရွှေဆံတော်(ပြည်)၊ ရွှေမော်ဓောဘုရား (ပဲခူး)၊ မြသလွန်ဘုရား (မကွေး)၊ မဟာမြတ်မုနိဘုရား (မန္တလေး)၊ ကျိုက်ထီးရိုးဘုရား၊ ဥပ္ပါတသန္တိ ၊ အာနန္ဒာ၊ ရွှေစည်းခုံနှင့် မြောက်ဦးမြို့မှ သျှစ်သောင်းပုထိုးတော်တို့ကို ဆောင်ရွက်ရန် လျာထားပါကြောင်း၊  ယဉ်ကျေးမှုအမွေအနှစ်များကို နိုင်ငံတကာအဆင့်မီ Digital စနစ်ဖြင့် ပြသနိုင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဘုရားများ အတွက် Digital Directory ဆောင်ရွက်ရာတွင် ပါဝင်သင့်သော အချက်အလက်များနှင့် အညီ ရှင်းလင်းချက်စာသားများ ရေးသားရာတွင် မြန်မာနိုင်ငံ၏ ထေရဝါဒဗုဒ္ဓသာသနာတော် ရေရှည် တည်တံ့ထွန်းကားပြန့်ပွား တိုးတက်စေရေး ဦးတည်ချက် ပေါ်လွင်ရေး ထည့်သွင်းရေးသားရန်လည်း လိုအပ်ကြောင်း၊ Digital  Museum အခြေခံသင်တန်းသို့ တက်ရောက်လာသော သင်တန်းသား/ သူများအနေဖြင့် ကြိုးစား လေ့လာကြရန် တိုက်တွန်းပြောကြားပြီး အစည်းအဝေးကို နံနက် (၁၁:၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.