မြန်မာ့သမိုင်းစဉ် ဆွေးနွေးပွဲရလဒ်များအား သက်ဆိုင်ရာကဏ္ဍအလိုက် စိစစ်၊ သုံးသပ် ညှိနှိုင်းအတည်ပြုနိုင်ရေးအတွက် “ပျူခေတ်ဆိုင်ရာ အထောက်အထား အချက်အလက် ဆွေးနွေးပွဲ” ကျင်းပ ရက်စွဲ၊ ၂၈ . ၈ . ၂၀၂၃

“ပျူခေတ်ဆိုင်ရာ အထောက်အထား အချက်အလက် ဆွေးနွေးပွဲ”ကို ယနေ့ နံနက် ၁၀နာရီ တွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ အမျိုးသားပြတိုက် (ရန်ကုန်)၌ ကျင်းပရာ  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါ်နုမြဇံ တက်ရောက် အမှာစကား ပြောကြားသည်။

          ဆွေးနွေးပွဲသို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး(ငြိမ်း) ဒေါ်စန္ဒာခင်၊ မြန်မာသမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂)၊ ဒေါက်တာတိုးလှနှင့် မြန်မာသမိုင်းအဖွဲ့ဝင် ပညာရှင်ကြီးများ၊ ပညာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ပညာရှင်ကြီးများနှင့် ပါမောက္ခများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီး များ၊  အကြံပေး ပညာရှင်များ၊ ပျူခေတ်သုတေသန တူးဖော်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့သည့် အရာရှိကြီးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြင်ပပညာရှင်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။

              ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး၊ ဒေါ်နုမြဇံ က သမိုင်းတင်ခေတ်ကာလဖြစ်သည့် ရှေးဦးမြို့ပြ တည်ထောင်သောကာလ(ပျူခေတ်)ဆိုင်ရာ အထောက်အထား တွေ့ရှိချက်များကို အခြေခံပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များက ဖြည့်စွက်တည်းဖြတ် ရေးသားထားသည် များကို အပြန်အလှန်ဆွေးနွေး၍ ပြန်လည် စိစစ် သုံးသပ်ညှိနှိုင်း အတည်ပြုနိုင်ရန် အဓိကထားပြီး ယခုဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးကြမည့် စာတမ်းသည် မြန်မာနိုင်ငံ၏ ‌ရှေးဦးမြို့ပြတည်ပုံစံကို တည်ထောင်ခဲ့သည့် ပျူယဉ်ကျေးမှုခေတ် အခန်းကဏ္ဍကို ပုံဖော်ရေးသား ထားသည့် အထောက်အထားများအကြောင်း ဖြစ်ပါကြောင်း၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပြီး ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူရှေးမြို့ဟောင်းများသာမက အခြား ပျူမြို့ဟောင်း များဖြစ်သည့် ပင်လယ်(မိုင်းမော)မြို့ဟောင်း၊ ကျိုင်းဟုန်မိုင်းမောမြို့ဟောင်း၊ တကောင်းမြို့ဟောင်း၊ ပေါရိသတ်မြို့ဟောင်း(သို့) ကောသမ္ဘီမြို့ဟောင်း၊ ဝတီးမြို့ဟောင်း စသဖြင့် ထည့်သွင်းဖော်ပြ ထားပါကြောင်း၊ အဆိုပါပျူမြို့ဟောင်းများနှင့်အတူ ဆက်နွယ်နေသည့် ရှေးဦးမြို့ပြ တည်ဆောက်မှု ပုံစံ၊ အဆောက်အဦတည်ဆောက်မှုဗိသုကာလက်ရာများ၊ ပျူခေတ်ကာလ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီးပွားရေးနှင့် ဝတ်စားဆင်ယင်မှုများ၊ ရေကိုလိုသလိုဖန်တီးအသုံးချမှုနှင့်  ရေစီမံခန့်ခွဲမှုများ၊ကိုးကွယ်ယုံကြည်မှုနှင့်ဓလေ့ထုံးစံများ၊လက်မှုလုပ်ငန်းများ၊ ကျောက်ဆစ် လက်ရာများ၊ပျူဂီတနှင့်တူရိယာများ၊ စာပေ အထောက်အထားများ စသည်ဖြင့် သုတေသနပြု တွေ့ရှိထားသည့် အထောက်အထား အချက်အလက်များကို ဖြည့်စွက်၍ ထည့်သွင်း ရေးသား ဖော်ပြထားသည့် စာတမ်းမူကြမ်းကို တက်ရောက်လာကြသည့် ပညာရှင်များက အကြံပြု ဆွေးနွေး ပေးစေလိုပါကြောင်း၊ မြန်မာနိုင်ငံ၏ သမိုင်းစဉ်ကို ခိုင်ခိုင်မာမာ ကိုးကားစရာ အနေနှင့် အနောက်တိုင်း သမိုင်းဆရာများ ရေးသားသည့် ခေတ်နောက်ကျနေပြီဖြစ်သော မြန်မာ့သမိုင်း စာအုပ်များနှင့် လွန်ခဲ့သော နှစ် (၅၀)ကျော်က ရေးသားခဲ့သည့်“အခြေပြ မြန်မာနိုင်ငံရေး သမိုင်း” သာရှိပါကြောင်း၊ နောက်ပိုင်းတွင် ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ ဘာသာရပ်အလိုက် ကွင်းဆင်း လေ့လာ သုတေသနပြုအသစ် တွေ့ရှိချက်များ၊ ပြည်ပဓာတ်ခွဲခန်းများမှ သိပ္ပံနည်းကျ သက်တမ်း တွက်ချက်မှုများကြောင့် ပျူယဉ်ကျေးမှုနှင့် ပတ်သက်သည့် မှားယွင်းဖော်ပြခဲ့မှုများ၊ သက်တမ်း အမှားများ၊ ကွက်လပ်များကို ပြင်ဆင် ဖြည့်စွက်ရန် လိုအပ်လာပြီ ဖြစ်ပါကြောင်း၊ ယခု ဆွေးနွေးပွဲမှ ကွက်လပ်များကို ဖြည့်စွက်ပြင်ဆင်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

          ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

          ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ကိုယ်စားလှယ်က ယနေ့ဆွေးနွေးပွဲသို့ စစ်ဘက်လက်ထောက်အရာရှိက ပေးပို့လာသော ဆန္ဒပြုတိုက်တွန်းစာ အမှာစကားအား ကိုယ်စား ဖတ်ကြားသည်။

          ဆက်လက်၍ ပျူခေတ်သုတေသနတူးဖော်မှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပညာရှင်များနှင့် ဝန်ထမ်းများက ပျူခေတ် ဆိုင်ရာ အထောက်အထားအချက်အလက်များ မူကြမ်းရေးသားထားမှုကို ရှင်းလင်းတင်ပြကြသည်။           ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ပညာရှင်များနှင့် ပြင်ပပညာရှင်များ၊ လေ့လာသူများက ဖြည့်စွက်ကာ အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.