(၂၄) ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုဆပ်ကော်မတီ အစည်းအဝေးကျင်းပရန်ကုန် ၂၉-၈-၂၀၂၃

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၄) ကြိမ်မြောက် အာဆီယံ-ယဉ်ကျေးမှုဆပ်ကော်မတီ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၀၉:၀၀) နာရီတွင် ရန်ကုန်မြို့ရှိ  Novotel Yangon Max Hotel ရှိ Pyay Room ၌ ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ အာဆီယံနိုင်ငံများမှ သံရုံးအကြီးအကဲများ၊ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါ သည်။

          အခမ်းအနား၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် မြန်မာ နိုင်ငံတွင် ပထမဆုံးအနေဖြင့် လူကိုယ်တိုင်ပါဝင် တက်ရောက်ခွင့်ရသည့် ယဉ်ကျေးမှုကဏ္ဍ ဆိုင်ရာ ယခုအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်သည့်အတွက် ကျေနပ်ပီတိ ဖြစ်ရပါကြောင်းနှင့် မိတ်ဆွေနိုင်ငံများအားလုံး ယနေ့အခမ်းအနားသို့ တက်ရောက်ကြသည့် အတွက် ဝမ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံအစိုးရသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ဒေသတွင်း ချိတ်ဆက်ဆောင်ရွက်မှုများကို ဦးစားပေး၍ အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်  (၂၄) ကြိမ်မြောက် အာဆီယံ-ယဉ်ကျေးမှုဆပ် ကော်မတီ အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သည့် အာဆီယံဂုဏ်ပြု ယဉ်ကျေးမှု သည် အာဆီယံဒေသအတွင်း ပြည်သူများ၏ အကျိုးအတွက်သာမက ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ကြွယ်ဝပြည့်စုံရေးများကို တိုးတက်ထိန်းသိမ်းရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ပါကြောင်း၊ အာဆီယံ-ယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီကို ၁၉၇၈ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည့် အချိန်မှစ၍ ယဉ်ကျေးမှုနှင့် ပြန်ကြားရေးကတွင် အကျိုးရှိသည့်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်ရန် အရေးကြီးသည့် အခန်းကမှ ပါဝင်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အာဆီယံ-ယဉ်ကျေးမှုဆပ်ကော်မတီသည် အာဆီယံဒေသအတွင်း မတူကွဲပြားသည့် ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ၊ အာဆီယံဒေသအတွင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း ကာကွယ်မြှင့်တင်ရေးနှင့် ဖျော်ဖြေမှုဆိုင်ရာ အနုပညာရပ်များ၊ ယဉ်ကျေးမှုဆိုင်ရာ တီထွင်ဖန်တီးမှုများ မြှင့်တင်ရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာစီမံကိန်းများတွင် လူငယ်များပါဝင်ချိတ်ဆက် ဆောင်ရွက်နိုင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အချို့စီမံကိန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ အများပြည်သူများ အာဆီယံ-အသိုက်အဝန်းအကြောင်းကို သိရှိနားလည်မှု မြှင့်တင်ရန်နှင့် မတူကွဲပြားသော အာဆီယံ၏ယဉ်ကျေးမှုကို တန်ဖိုးထား နားလည်သဘောပေါက်ရန် ရည်ရွယ်ချက်များ ထားရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံယဉ်ကျေးမှုဆပ်ကော်မတီ အစည်းအဝေးများကို အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်လျက်ရှိရာ ၂၀၀၂ ခုနှစ်တွင် (၄)ကြိမ် မြောက်နှင့် ၂၀၁၃ ခုနှစ်တွင် (၁၄)ကြိမ်မြောက် လက်ခံကျင်းပခဲ့ပြီး ယခုကျင်းပသည့် (၂၄) ကြိမ်မြောက် အာဆီယံ-ယဉ်ကျေးမှု ဆပ်ကော်မတီအစည်းအဝေးသည် တတိယအကြိမ် လက်ခံကျင်းပသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံ၏ တာဝန်ဝတ္တရားများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် တာဝန်ရှိသကဲ့သို့ မိတ်ဆွေအာဆီယံနိုင်ငံများနှင့်အတူ ငြိမ်းချမ်းသော၊ ကြွယ်ဝပြည့်စုံသော အာဆီယံအသိုက်အဝန်းကြီး ထူထောင်ရေးရည်မှန်းချက်များ ရရှိရေးအတွက် ဆက်လက် ဆောင်ရွက်ရန် ရည်မှန်းချက်များ ထားရှိပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် အာဆီယံအသိုက် အဝန်းမျှော်မှန်းချက် ၂၀၂၅ အလွန် အောင်မြင်မှုရရှိရေးကို ဦးတည်၍ အာဆီယံ-ယဉ်ကျေးမှု ဆိုင်ရာ စီမံကိန်းများကို အာဆီယံ၏ အကောင်းဆုံးသော အမြင်သဘောတရားများ၊ အာဆီယံ စိတ်ဓာတ်များနှင့်အတူ ဆွေးနွေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ အနာဂတ်အာဆီယံ ကို ပုံဖော်ဆောင်ရွက်ရန်အတွက် ယခုအစည်းအဝေးမှ အရေးပါသည့် အတွေးအမြင်များ၊ ဦးတည်ချက်များ၊ အထောက်အပံ့ဖြစ်စေသည့် အပြုသဘောဆောင်သည့် ရလဒ်များ၊ အကျိုး ရှိသည့်အဖြေများ ရရှိမည်ဟု မျှော်လင့်ထားပါကြောင်းနှင့် အာဆီယံကိုယ်စားလှယ်များ မြန်မာနိုင်ငံ၌ နေထိုင်စဉ်ကာလအတွင်း ပျော်ရွှင်ကြပါစေရန် ဆုမွန်ကောင်းတောင်း အပ်ပါကြောင်း  ပြောကြားခဲ့ပါသည်။

          ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို (၁၀:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

          ဆက်လက်၍ (၂၄) ကြိမ်မြောက် အာဆီယံ-ယဉ်ကျေးမှုဆပ်ကော်မတီ အစည်းအဝေး ကို Pyay Room ခန်းမ၌ ကျင်းပခဲ့ရာ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် (၂၄)ကြိမ်မြောက် အာဆီယံ-ယဉ်ကျေးမှုဆပ်ကော်မတီအစည်း အဝေး သဘာပတိနှင့် မြန်မာကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အာဆီယံဒေသတွင်း ဆောင်ရွက်လျက် ရှိသော ယဉ်ကျေးမှုဆိုင်ရာကဏ္ဍနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီမံကိန်းများ၊ ဆောင်ရွက်ဆဲ စီမံကိန်းများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဆက်လက်တင်သွင်းမည့် စီမံကိန်းအသစ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ် အတည်ပြုခဲ့ကြပါသည်။

ထို့နောက် Novotel Yangon Max Hotel ရှိ ပုသိမ်ခန်းမ၌ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ ရာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ကျောင်းသား၊ ကျောင်းသူလေး များက မြန်မာ့ရိုးရာယဉ်ကျေးမှု အက အလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ဖျော်ဖြေတင်ဆက်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုငွေချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.