နှစ်(၃၀)ပြည့် ပုလဲရတုအထိမ်းအမှတ် အာစရိယပူဇော်ပွဲအခမ်းအနား ကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ပုလဲရတုအထိမ်းအမှတ် ဆရာကန်တော့ပွဲအခမ်းအနားကို ၃-၉-၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ ယဉ်ကျေးမှုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများနှင့် တပည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားအစီအစဉ်အရ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခြင်း၊ ဂီတပညာဌာနမှ ကထိက(ဂီတ) ဒေါ်ခိုင်ဇင်ရွှေနှင့် ဒေါ်သိမ့်သိမ့်ဆွေ ရေးသားသည့် ဂုဏပူဇာ ရတုညှပ်ရှစ်ဆယ်ပေါ်တေးထပ်အား ကထိက(ဂီတ) ဒေါ်ခိုင်ဇင်ရွှေက သီဆိုပူဇော်ခြင်း၊ အနန္တော အနန္တဂိုဏ်းဝင် ဆရာများအား ထုတိဝန္ဒနာ အာစရိပူဇာ ကန်တော့ချိုးဖြင့် ပါမောက္ခ၊ ဌာနမှူး(သဘင်)ဦးခိုင်ထွန်း ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူဟောင်းများ၊ တက္ကသိုလ်တွင် တာဝန် ထမ်းဆောင်နေသော တပည့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ပထမနှစ်မှ မဟာတန်းထိ တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသား၊ ကျောင်းသူများက ကန်တော့ခဲ့ကြပါသည်။

          ဆက်လက်၍ ကန်တော့ခံ ပါမောက္ခချုပ်များကိုယ်စား ပါမောက္ခချုပ်(ငြိမ်း) ဦးဇော်သန်းက လည်းကောင်း၊ စာပေပညာဌာနကိုယ်စား ဒုတိယပါမောက္ခချုပ်(သင်ကြား)(ငြိမ်း) ဒေါ်ခင်လှဌေးက လည်းကောင်း၊ အနုပညာဌာနများကိုယ်စား ပါမောက္ခ၊ ဌာနမှူး(ဂီတ)(ငြိမ်း) ဦးကြည်သွင် က လည်းကောင်း ဩဝါဒစကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၊ တပည့် ဆရာ၊ ဆရာမများ၊ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများက အဆို၊ အကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြပါသည်။

          ဆက်လက်၍ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများအား စုပေါင်းမှတ်တမ်းဓာတ်ပုံနှင့် တစ်ဦးချင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးမှတ်တမ်းတင်ပြီး အခမ်းအနားကို နေ့လယ် ၁၂:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ ထို့နောက် ကန်တော့ခံ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၊ တက္ကသိုလ်မှ တပည့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူဟောင်းများ၊ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.