သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နန်းဦးဆုတောင်းပြည့်ဘုရား၊ နန်းစဉ်ဘုရားများ အသောကစေတီတော်မြတ်ကြီးအား ဖူးမျှော်ကြည်ညို၊ မန္တလေးဒေသရှိရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများသွားရောက်ကြည့်ရှုစစ်ဆေး

(၉.၉.၂၀၂၃)ရက်နေ့ နံနက် ၈:၃၀ နာရီ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အမြဲတမ်းအတွင်းဝန်ဦးမြင့်ဦး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ပါမောက္ခချုပ် ဦးအောင်ဆန်းဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် နန်းဦး         ဆုတောင်းပြည့်စေတီတော်အား ဖူးမျှော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆွမ်း၊ ဆီမီး၊ ဆက်ကပ်လှူဒါန်း ပူဇော်ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပုဂံခေတ်၊အင်းဝခေတ်၊ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ် နန်းစဉ်ဆက်ကိုးကွယ်ခဲ့သော ဗုဒ္ဓရုပ်ပွားဆင်တုတော်များအား ဖူးမျှော်ကြည်ညိုပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် အောင်မြေသာစံမြို့နယ် မင်းရှင်စော တည်ထားကိုးကွယ်ခဲ့သော ရွှေကျီးမြင်ဘုရားအား ဖူးမျှော်ကြည်ညိုကာ ရွှေကျီးမြင် ဘုရားလှိုင်အတွင်းရှိ ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ်၊ နန်းစဉ်ဆက် ကိုးကွယ်ခဲ့သော ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအား ဖူးမျှော်ကြည်ညိုခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်       မဟာနာယကချုပ်၊ နိုင်ငံတော်ဩဝါဒါစရိယ၊အဘိဓဇမဟာရဋ္ဌဂုရု ၊ သက်တော်(၉၁)နှစ် သိက္ခာတော် (၇၁)ဝါရှိ သက်တော်ရှည်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဣန္ဒေါဘာသာဘိဝံသထံ သွားရောက် ဖူးမျှော်ကြည်ညိုပြီး ဆရာတော်ဘုရားကြီး၏ ကျန်းမာရေးအခြေအနေများကို မေးမြန်းလျှောက်ထားကာ ဆရာတော်ကြီး ကျန်းမာရေးအခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာသမားတော် ဆရာဝန်ကြီး များနှင့် ညှိနှိုင်းကာလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဆရာတော် ဘုရားကြီးအား သင်္ကန်းနှင့် အာဟာရဆေး နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်စာသင်တိုက်မှ တန်းဆွမ်းအလှူခံကြွတော်မူသော ရဟန်း သာမဏေအပါး(၁၅၀)တို့အား ဗုဒ္ဓရုပ်ပွားပုံတော်များ ဆက်ကပ်လှူဒါန်းကြည်ညိုပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကြည်ညိုကာ သာသနာရေး ဆိုင်ရာများကို လျှောက်ထားခဲ့ပါသည်။

          သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည်             ၉-၉-၂၀၂၃ ရက်နေ့ နံနက်ပိုင်း၌ မန္တလေးမြို့ ရွှေနန်းတော်ကျောင်းသို့ သွားရောက်စစ်ဆေးခဲ့ရာ တာဝန်ရှိ သူများက ရှင်းလင်းတင်ပြရာတွင် ပဉ္စမသင်္ဂါယနာတင်ရတနာပုံမြို့ နန်းတည်ဘဝရှင် မင်းတုန်းမင်း တရားကြီးသည် ခရစ်နှစ် ၁၈၇၈ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၂၄၀ ခုနှစ်တွင် နတ်ရွာစံခဲ့ရာ ထီးနန်းကို ဆက်ခံခဲ့သော သားတော်သီပေါမင်းသည် မင်းတုန်းမင်းကြီးနတ်ရွာစံခဲ့သော နန်းဆောင်နှင့် စနုဆောင်ကို ဘုန်းကြီးကြောင်းအဖြစ် ပြောင်းရွှေ့တည်ဆောက်ခဲ့ရာ ရွှေနန်းတော်ကျောင်းဟု အမည်တွင်ပါကြောင်း၊

          ယခုနှစ်ပေါင်း(၁၄၀)ရှိပြီဖြစ်သော ရွှေနန်းတော်ကျောင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို World Monuments Fund နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်မှစတင်၍ ၂၀၂၀ ခုနှစ်ထိ ရွှေနန်းတော်ကျောင်းကြီးအား Laser Scanning ရိုက်ကူးခြင်း၊ ဆင်ယင်ထားသည့် အမွမ်းအပြောက် ပန်းပုရုပ်လုံးရုပ်ကြွများကို လက်ဖြင့် အသေးစိတ် ပုံဆွဲမှတ်တမ်းတင်ခြင်း၊ ကျောက်တိုင်များအတွင်း မိုးရေစိမ့်ဝင်ခြင်းနှင့် ခြစားခြင်းများကြောင့် ပျက်စီးမှုအခြေအနေကို စမ်းသပ်လေ့လာခြင်း၊ တိုင်များ၊ ကြမ်းခင်းများ အစားထိုးလဲလှယ်ခြင်း၊ Drainage System ရေစီးရေလာကောင်းမွန်ရေးအတွက် ပြင်ဆင်ထိန်းသိမ်းခြင်း၊ နယားရုပ်များထိန်းသိမ်းရေးနှင့် ပြန်လည်တပ်ဆင်ခြင်း အစရှိသည့်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနောက်ပိုင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း (၅၀.၀၀၀)သန်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း(၅၀.၀၀၀)သန်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း (၁၀.၀၀၀)သန်းဖြင့် ရွှေနန်းတော်ကျောင်း အထွေအထွေမွမ်းမံထိန်းသိမ်းခြင်း၊ ကြမ်းခင်းနှင့် နံရံများ မွမ်းမံထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြပါသည်။

          ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ထေရဝါဒဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၏ ဖွဲ့စည်းပုံနှင့် ဗုဒ္ဓဝင်ဇာတ်နိပါတ်တော်များကို သိနားလည်စေရန် ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ ဗဟုသုတတိုးပွားစေရန်၊ ယဉ်ကျေးမှုအမွေအနှစ်များချစ်မြတ်နိုးစွာ ကာကွယ်ထိန်းသိမ်းလိုစိတ်များ ဖြစ်ပေါ်စေရန်နှင့် နိုင်ငံ့ဝင်ငွေတိုးပွားစေရေးတို့အတွက် Site Museum များ ခင်းကျင်းပြသရန် အထူးသဖြင့် မိမိတို့၏ ထေရဝါဒဗုဒ္ဓဘာသာ အဆောက်အအုံနှင့် အမျိုးဂုဏ်ဇာတိဂုဏ်ကို ကျောင်းသားလူငယ်များ သိရှိနားလည်တန်ဖိုးထား ထိန်းသိမ်းနိုင်စေရန်အတွက်ကျောင်းသား၊ ကျောင်းသူများအား ဖိတ်ခေါ်

ရှင်းပြမှုများ တိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်း လမ်းညွှန်မှာကြားပြီး ရွှေနန်းတော်ကျောင်းအတွင်းသို့ အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် နေ့လည်ပိုင်းတွင် မန္တလေးမြနန်းစံကျော်ရွှေနန်းတော်သို့ သွားရောက် စစ်ဆေးခဲ့ရာ ရှင်းလင်းတင်ပြရာတွင် မြနန်းစံကျော်ရွှေနန်းတော်သည် ကုန်းဘောင်ခေတ်နှောင်း ပိုင်းနှင့် ရတနာပုံခေတ်လက်ရာဖြစ်ပါကြောင်း၊ ပဉ္စမသင်္ဂါယနာတင် ဘဝရှင် မင်းတုန်းမင်းတရားကြီးသည် ၁၇.၂.၁၈၅၃ ရက်နေ့တွင် အမရပူရနန်းတော်တွင် နန်းတက်၍ မန္တလေး တောင်ခြေသို့ ၂၇.၁.၁၈၅၇ ရက်နေ့မှစ၍ နန်းတော်ကို ပြောင်းရွှေ့တည်ဆောက်ပါကြောင်း ၊ မှန်နန်းဆောင်ကို အသစ်တည်ဆောက် သည်မှလွဲ၍ ကျန်အဆောင်အားလုံးကို အမရပူရမှ ဖြုတ်သိမ်းပြီး ပြန်လည် တပ်ဆင် တည်ဆောက်ခဲ့ပါကြောင်း၊ နန်းတော်ကို ၂.၃.၁၈၅၈ ရက်နေ့မှ စတင်တည်ဆောက်ခဲ့ပြီး တစ်နှစ်ကျော်အတွင်း အဆောင်ပေါင်း (၁၁၄)ဆောင် ပါဝင်ဖွဲ့စည်း ဆောက်လုပ်ပြီးစီးခဲ့ပါကြောင်း၊ လက်ရှိအခြေအနေတွင် မူလမြနန်းစံကျော် ရွှေနန်းတော်ကြီးမှာ ၁၉၄၅ခုနှစ်၊ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်နှင့် ဂျပန်စစ်တပ်များ၏ ဗုံးဒဏ်ကြောင့် မီးလောင်ပျက်စီးခဲ့ရာ အစည်းအဝေးအုတ်တိုက်နှင့် နန်းခုံတို့သာကျန်ခဲ့ပါကြောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် မြနန်းစံကျော်ရွှေနန်းတော်ကြီးကို မူရင်းလက်ရာမပျက် ပြန်လည်တည်ဆောက်ခဲ့ရာ မီးဘေးအန္တရာယ်နှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေး အတွက်သံကူကွန်ကရိ တိုင်များ၊ထုပ်လျောက်များဖြင့် အစားထိုးတည်ဆောက်ခဲ့ပြီး အပေါ်ပိုင်းနှင့် အမွှမ်းပိုင်းများကိုသာ ရှေးနည်း စနစ်အတိုင်း လက်ရာမပျက် ကျွန်းသစ်ဖြင့် တည်ဆောက်ထုလုပ်ထားပါကြောင်း၊ အုတ်တိုင် အဆောင် များဖြစ်သော  အစည်းအဝေးအုတ်တိုက်၊ ကန်ငယ်အုတ်တိုက်၊ပန်းခုံအုတ်တိုက်နှင့် နန်းမြင့်မျှော်စင် အရှေ့ပိုင်းမင်းခမ်းတော်ဆောင်များ၊ အနောက်ပိုင်းမင်းခမ်းတော်ဆောင်များ၊ မိဖုရားများနှင့်သမီးတော်များ နေထိုင်သောအဆောင်များအလိုက် မြေနန်းပြာသာဒ်တွင် ခြင်္သေ့ရုပ်ခံ သီဟာသနပလ္လင်တော်၊ ဗြဲတိုက်ဆောင်တွင် ဆင်ရုပ်ခံဂဇာပနပလ္လင်တော်၊ ဇေတဝန်ဆောင်တွင် ဟင်္သာရုပ်ခံဟံသာသန ပလ္လင်တော်၊ လေသာဆောင်တွင် ခရုသင်းခံသင်္ခါသနပလ္လင်တော်၊ မှန်နန်းဆောင်တွင် ပိတုန်းရုပ်ခံ ဘမရာသနပလ္လင်တော်၊ မြောက်စမုတ်ဆောင်တွင် ဥဒေါင်းရုပ်ခံမယုရာသနပလ္လင်တော်၊ တောင်စမုတ် ဆောင်တွင် သမင်ရုပ်ခံ မိဂါသနပလ္လင်တော်၊ အနောက်ပွဲတက်ဇေတဝန်ဆောင်တွင် ကြာပန်း ခံပဒုမ္မာသနပလ္လင်တော်ဟူ၍ပလ္လင်တော်(၈)ခန်းထားရှိကြောင်းတင်ပြလာသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြနန်းစံကျော်ရွှေနန်းတော်ဆောင်ပတ်လည် သစ်သားခင်း များပြုပြင်ခြင်းလုပ်ငန်းကို ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၀၀.၀၀၀) ဖြင့်လည်းကောင်း၊ မြနန်းစံကျော်ရွှေနန်းတော် ဆေးသုတ်ခြင်းလုပ်ငန်းကို ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၀.၀၀၀)ဖြင့်လည်းကောင်း၊၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မြနန်းစံကျော်ရွှေနန်းတော် အထွေထွေမွမ်းမံထိန်းသိမ်းခြင်း ငွေလုံးငွေရင်းခွင့်ပြုငွေကျပ်သန်း(၁၃၅.၉၇၇)ဖြင့် ပွင့်ဖြိုးကုမ္ပဏီက တင်ဒါစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအပြင် သစ်တပ်မြို့ရိုးအတွင်း သန့်ရှင်း သာယာလှပရေးအတွက် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ်သန်း (၅.၀၀၀)ဖြင့် နှစ်စဉ်ဆောင်ရွက် လျက်ရှိပါကြောင်း အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါသည်။

          တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြနန်းစံကျော် ရွှေနန်းတော်ကြီး ပြုပြင်ခြင်းလုပ်ငန်းများကို ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လိုကြောင်း အသုံးစရိတ်နှင့် ကိုက်ညီသော အရည်အသွေးရရှိရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီး၊ မြနန်းစံကျော်ရွှေနန်းတော်သို့ ၂၆.၅.၂၀၂၃ ရက်နေ့တွင် လာရောက် ကြည့်ရှုစစ်ဆေးခဲ့သည့် ခရီးစဉ်လမ်းညွှန်မှာကြားချက်များကို အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ လမ်းညွှန်ချက်တစ်ခုချင်းပြီးစီးရမည့်ကာလ Target Date သတ်မှတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း မြနန်းစံကျော်ရွှေနန်းတော် ဖော်ထုတ်ရနိုင်သည့် အဆောက်အအုံများကို ပြန်လည်ဖော်ထုတ်ရန် လမ်းညွှန်မှာကြားချက်အား ၉၀% ခန့်၊ နန်းတော်ဝန်းအတွင်း မြက်ခင်းများစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်အား ၁၀၀%၊ မြနန်းစံကျော်ရွှေနန်းတော်၊ မြေနန်း ပြာသာဒ်ရှိ ကွန်ကရစ်တိုင်းများမှ ရွှေဆေးများနေရာတွင် မြန်မာမှုလက်ရာ ယွန်းကြိုးများဖြင့် ထိုးနိုင်ရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်အား ခန့်မှန်းခြေစာရင်း တွက်ချက်တင်ပြ ထားသည့်အတွက် ၂၅% ၊ မြနန်းစံကျော်ရွှေနန်းတော်ရှိ မြေနန်းပြာသာဒ်နှင့် လက်ယာ/လက်ဝဲ ပွဲတက်ဆောင်များ၏ ကြမ်းခင်းအားကွန်ကရစ်အစား သစ်သားလျှာထိုးများခင်းနိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်အား ခန့်မှန်းခြေစာရင်း တွက်ချက် တင်ပြထားသည့် အတွက် ၂၅% ၊ မြန်နန်းစံကျော်ရွှေနန်းတော်၏ နန်းတော်တောင်ဘက်အသစ်ခင်းထားသည့် ကြမ်းခင်းများမှာ အသံမြည်နေ၍ မမြည်စေရေး ပြုပြင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်

၁၀၀%၊ မြနန်းစံကျော်ရွှေနန်းတော်၏ မှန်နန်းဆောင်ရှိ ဘမရာသနပလ္လင်အား လူအများ မတက်ရောက်နိုင်စေရေး မှန်အလုံတပ်ဆင်ပြီး ကာရံထားရှိရန်နှင့် ပလ္လင်တက်သည့်ခုံအား ပြုလုပ်ဆောင်ရွက်ထားရန် လမ်းညွှန်မှာကြားချက်အား မှန်အရံအတားတပ်ဆပ်ပြီးဖြစ်ပြီး ပလ္လင် တက်သည့်ခုံ ၆၀%၊ မြနန်းစံကျော်ရွှေနန်းတော်၏ မှန်နန်းဆောင်ရှိ ဘုရင့်အိပ်ဆောင်ခန်းတွင် ပြသထားသည့် ဘုရင့်အသုံးအဆောင်ပစ္စည်းများအား ထပ်မံရှာဖွေပြီး ခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက် ၅၅%၊ မြနန်းစံကျော်ရွှေနန်းတော်၏ ဗောင်းတော်ဆောင် အတွင်းရှိ ကွန်ကရစ်တိုင်များအား ဆေးပြန်လည်သုတ်ရန် လမ်းညွှန်မှာကြားချက်အား တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိရာ ၁၀၀%၊ ဇေတဝန်ဆောင်၏ အနောက်ခန်းအား အလင်းရောင်ရရှိရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက် ၁၀၀%၊ မြနန်းစံကျော်ရွှေနန်းတော်၏ တောင်ထားဝယ်ဆောင်အတွင်းရှိ ကြမ်းခင်းများအားပြုပြင်ရန် လမ်းညွှန်မှာကြားချက် တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှ ခန့်မှန်းခြေစာရင်းတွက်ချက် တင်ပြထားသည့်အတွက် ၂၅%၊ နန်းဆောင်များမှ ကြေးပြားဆိုင်းဘုတ်များ၏ အမြင်များကို မြင်သာစေရေး ပြုလုပ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက် ၁၀၀%၊ မြနန်းစံကျော်ရွှေနန်းတော်၏ နန်းတော်ခုံပေါ်ရှိ မြက်ခင်း များအားရိတ်ဖြတ်ရန် လမ်းညွှန်မှာကြားချက် ၁၀၀%၊ လျှောက်လမ်းများအား သဘာဝမြေလမ်း အတိုင်း ဖြစ်စေရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်အား ၁၉၀၄ ခုနှစ်၊ ဓာတ်ပုံမှတ်တမ်း များအရ အုတ်လမ်းခင်းထားသည်ကို တွေ့ရှိရကြောင်း တင်ပြထားပြီးဖြစ်၍ ၅၀% ၊ မြနန်းစံကျော် ရွှေနန်းတော်ရှိ နန်းဆောင်များ၏ အမိုးတံစက်မြိတ်များတွင် ရှေးခေတ်ရေတံလျှောက် ပုံစံ အတိုင်း တပ်ဆင်နိုင်ရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်အား တင်ဒါအောင်ကုမ္ပဏီမှ လက်ဖက်ရည်တော်ဆောင်တွင် နမူနာတပ်ဆင်ပြီးဖြစ်၍ ၂၅%၊ မြနန်းစံကျော်ရွှေနန်းတော် မြေနန်းပြာသာဒ်ဆောင်တွင် ရှေးယခင်က အသုံးပြုသည့်ဝေါယာဉ်များကို မူလအရွယ်အစား အတိုင်းပြုလုပ်ရန်နှင့် မှတ်တမ်းဓာတ်ပုံများကို ပိုမိုစုံလင်စွာ ပြသထားရှိနိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်အား သမိုင်းအထောက်အထားအချက်အလက်များ၊ ပုံဆွဲ/ဓာတ်ပုံ မှတ်တမ်းများ ရှာဖွေစုဆောင်ထားရှိပြီး ခန့်မှန်းခြေစာရင်း တွက်ချက်တင်ပြထားပြီးဖြစ်၍ ၅၅% ဆောင်ရွက် ပြီးစီးသည်ကို တွေ့ရှိရပါကြောင်း၊ တင်ဒါဖြင့်ဆောင်ရွက်သော လုပ်ငန်းများကို သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွင်းပြီးစီးအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းတိုးတက်မှု အခြေအနေအား လစဉ်တင်ပြရန်လိုအပ်ပါကြောင်း မှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် မှာကြားချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ နှင့် ယဉ်ကျေးမှုပြတိုက်သို့ ဝင်ရောက်၍ အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်တော်များ လေ့လာသူများတိုးပွားရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ ဗဟုသုတ တိုးပွားစေရန်၊ ယဉ်ကျေးမှုအမွေအနှစ်များ ချစ်မြတ်နိုးစွာ ကာကွယ်ထိန်းသိမ်းလိုစိတ်များ ဖြစ်ပေါ်စေရန်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက နောက်လေ့လာ နိုင်ရေး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်သွားရန်လိုကြောင်း၊ အခြေခံ ကျောင်းများသာမက တက္ကသိုလ်ကျောင်းသား/သူများကိုလည်း လေ့လာနိုင်ရေး စီစဉ်ပေးရန်လိုကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

          ဆက်လက်၍ နန်းမြို့ရိုး ပြကလေး(၁၉)၏ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် သူရဲခိုအလုံး(၂၀)အလေးဝန်လျော့ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက ရှင်းလင်းတင်ပြချက်များအပေါ် ရေရှည်ကြံ့ ခိုင်ရေးစနစ် တကျဆောင်ရွက်သွားရန် မှာကြားပါသည်။ နန်းမြို့ရိုး အပြင်ဘက်သို့ မော်တော်ယာဉ် များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူမှ သရိုးစပ်ခြင်း နည်းစနစ်လက်တွေ့ ထိန်းသိမ်းခြင်းလုပ်ငန်းများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ အောက်ခြေနံရံများကို ရေခိုးရေငွေ့များ ထိခိုက်မှုမရှိစေရေး ကြံခိုင်မှု ကောင်းမွန်အောင် ဆောင်ရွက်ရေး တို့ကို ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်မှာကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးသည် ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း ၊ ၁၀၉ လမ်းရှိ မြန်မာ အနုပညာဗဟိုဌာန(Myanmar Art Center)သို့ သွားရောက်ခဲ့ရာ (Myanmar Art Center) တည်ဆောက်လျက်ရှိသည့်အခြေအနေ သက်ဆိုင်ရာဌာနပိုင်မြေအဖြစ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာအနုပညာဗဟိုဌာန (Myanmar Art Center) တည်ဆောက်ထားမှုအခြေအနေများကို လိုက်လံကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.