သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ပူးပေါင်း၍ မန္တလေးဇီဝိတဒါနသံဃာ့ဆေးရုံကြီး၌ ငွေပဒေသာပင်စိုက်ထူလှူဒါန်းခြင်း၊ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်ချအလှူတော်မင်္ဂလာကျင်းပ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၁၇) ကြိမ်မြောက် ပန်းချီ၊ ပန်းပုလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ် စင်တင်တင်ဆက်ပွဲအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တက်ရောက်အားပေးချီးမြှင့် စက်တင်ဘာလ(၁၀)ရက်၊မန္တလေး

(၁၀.၉.၂၀၂၃)ရက်နေ့ နံနက် ၀၉:၃၀နာရီအချိန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် တို့သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးတို့ လိုက်ပါလျက် ချမ်းမြသာစည်မြို့နယ်၊ မန္တလေးဇီဝိတဒါနသံဃာ့ ဆေးရုံကြီး အဆောင်(၈)၌ ကျင်းပပြုလုပ်အပ်သော ငွေပဒေသာပင်စိုက်ထူ လှူဒါန်းခြင်း ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

          အဆိုပါအခမ်းအနား၌ ဓမ္မဓရဝါဆိုသာမဏေကျော် ပရိယတ္တိစာသင်တိုက် စာချနာယကတိုက်အုပ် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဣန္ဒာသဖ ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော် အရှင်သူမြတ်တို့ ရွတ်ပွားအပ်သော ပရိတ်တရားတော်များကို ရိုသေစွာနာယူကြည်ညိုပြီး ဆရာတော် အရှင်သူမြတ်တို့အား ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်၊ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌတို့မှ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးက ဇီဝိတဒါနသံဃာ့ဆေးရုံကြီးအတွက် ဆေးပဒေသာပင် (ကျပ် နှစ်ဆယ်သိန်း ငါးသောင်း)တို့ကို ပေးအပ်လှူဒါန်းရာ စီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဋ္ဌဦးမြဝင်းက လက်ခံခဲ့ပါသည်။ သီးခြားအလှူရှင်များဖြစ်သော မန္တလေးမြို့ ဦးမျိုးသိန်း+ဒေါ်တင်တင်ဆွေ မျိုးသိန်းအီလက်ထရောနစ် မိသားစုတို့မှ Oxygen Concentor စက်(၄)လုံးတို့ကို ပေးအပ်လှူဒါန်းရာ ဥက္ကဋ္ဌဦးမြဝင်းက လက်ခံခဲ့ ပါသည်။

ဆက်လက်၍ လှူဒါန်းမှုအစုစုတို့ကို ဓမ္မဓရဝါဆိုသာမဏေကျော် ပရိယတ္တိစာသင်တိုက် စာချ နာယကတိုက်အုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဣန္ဒာသဖ ထံမှ အနုမောဒနာနှင့် ရေစက်ချ တရားများ နာယူကြည်ညိုကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို ရုတ်သိမ်းခဲ့ ပြီး ပင့်သံဃာဆရာတော်(၅)ပါးနှင့် ဂိလာနသံဃာ(၂၈)ပါး၊ သီလရှင်(၂)ပါး၊ စုစုပေါင်း(၃၅)ပါးတို့ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။

 ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ် ဇီဝိတဒါနသံဃာ့ဆေးရုံကြီး စီမံခန့်ခွဲရေးဗဟို ကော်မတီတို့မှ တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပရာ စီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဋ္ဌဦးမြဝင်းက ရှင်းလင်း တင်ပြသည်မှာ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးသည် ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးကန်ပတ်လမ်း၌ တည်ရှိပြီး မြေဧက(၃၉.၈၄)ဧကရှိကြောင်း လူနာဆောင်(၁၅)ဆောင်၊ သံဃာ့တော်ခုတင်(၂၃၀)ဆံ့၊ သီလရှင်ခုတင်(၉၇)ဆံ့၊ စုစုပေါင်း ခုတင်(၃၂၇)ဆံ့ အထူးကုဆေးရုံတစ်ခု ဖြစ်ပါကြောင်း ၁၈.၄.၂၀၀၈ ရက်နေ့တွင် ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ကိုယ်တိုင် နိုင်ငံတော် အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ပြီး ဖွင့်လှစ်ခဲ့သည်မှာ (၁၆)နှစ်ကာလရှိပြီး ဖြစ်ပါကြောင်း သံဃာတော်များ၊ သီလရှင်များ အားလုံးတို့အတွက် အာရောဂျံ ပရမံ လာဘံဟူသော ဘုရားဟော ပါဠိတော်နှင့်အညီ လုပ်ငန်းကြီး(၆)ရပ် တို့ဖြင့် လုပ်ငန်းဆောင်ရွက်လည်ပတ် ကုသိုလ်ပြုနေပါကြောင်း လုပ်ငန်းကြီး(၆)ရပ်မှာ (၁)ကျောက်ကပ် သန့်စင်ဆေးကြောခြင်းလုပ်ငန်း၊ (၂) ပြင်ပလူနာဌာန၊ (၃) မျက်စိကုသခြင်းလုပ်ငန်း (၄) အကြောအဆစ် ကုသခြင်းနှင့်ပြန်လည်သန်စွမ်းခြင်းလုပ်ငန်း (၅) သွားနှင့်ခံတွင်းကုသခြင်းလုပ်ငန်း (၆) အထွေထွေရောဂါကုလုပ်ငန်းများကို ဆောင်ရွက်ကုသပေးလျက်ရှိပါသည်။ ကျောက်ကပ်သန့်စင် ဆေးကြောခြင်းလုပ်ငန်းကို အထူးကုသလာသည်မှာ (၇)နှစ်ခန့်ရှိပြီဖြစ်ပါသည်။ ဆေးရုံကြီးသို့ (၂၀၂၂)ခုနှစ်တွင် တက်ရောက်ကုသခဲ့သော သံဃာတော်သီလရှင်များမှာ သံဃာအားဖြင့်(၅၆၇၈)ပါး၊ သီလရှင်(၁၂၄၁)ပါး၊ စုစုပေါင်း(၆၉၁၉)ပါး ဆေးကုသပေးပြီး ထောက်ပံ့လှူဒါန်းပေးခဲ့ပါကြောင်း အထူး ကိစ္စရပ်များရှိပါက ဩဝါဒါစရိယ(၁၁)ပါးထံမှ ဩဝါဒခံယူပြီး လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(ငြိမ်း) ဝဏ္ဏကျော်ထင်သီရိပျံချီ ဦးမောင်ကိုက ထပ်ဆင့် ရှင်းလင်းတင်ပြရာတွင် ဆေးရုံကြီးသို့ ပြည်ထောင်စုဝန်ကြီးလာရောက်သည့်အတွက် ကော်မတီကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်မှ ဆေးရုံကြီးကို ဆောက်လုပ်လှူဒါန်းခဲ့ပါကြောင်း၊ ဆေးရုံကြီးအလှူရှင်မှ သိန်း(၆၀၀၀)မှတည် လှူဒါန်းခြင်း၊ ပြင်ပအလှူရှင်များကသိန်း(၆၀၀၀)မှတည် လှူဒါန်းခြင်း၊ စုစုပေါင်း သိန်း(၁၂၀၀၀)ဖြင့်  စတင်လည်ပတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ သံဃာတော်တင်မက လူပုဂ္ဂိုလ်များ ကျောက်ကပ်ဆေးခြင်းကို ဩဝါဒါစရိယ ဆရာတော်ကြီး(၁၁)ပါးနှင့်သီတဂူဆရာတော်ဘုရားကြီးတို့၏ ဩဝါဒပေးစီမံမှုဖြင့်ကျောက်ကပ် ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း သီလရှင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း အမျိုးသမီး ကြီးကြပ်ရေးအဖွဲ့များထားရှိ၍ ဆောင်ရွက်ပေးလျက ရှိပါကြောင်း၊ ဆေးရုံ၏ သီးခြားဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို စီမံခန့်ခွဲရေး ဗဟိုကော်မတီမှ အစည်းအဝေးထိုင်ကာ ပြည်ထောင်စုဝန်ကြီးထံ တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ထပ်ဆင့် ရှင်းလင်းတင်ပြသည်။

          ပြည်ထောင်စုဝန်ကြီးမှ တွေ့ဆုံပွဲအခမ်းအနား၌ စကားပြောကြားခွင့်ရတဲ့အတွက် အင်မတန်မှ ဝမ်းသာပါကြောင်း၊ ဘုရား၊ တရား၊ သံဃာ၊ ရတနာမြတ်သုံးပါးနှင့် မိဘတို့အား အင်မတန်မှ ကျေးဇူး များပြီး အရေးကြီးပါကြောင်း၊ နေပြည်တော်မှာရှိတဲ့ သံဃာ့ဆေးရုံကိုလည်းသွားခဲ့ပါကြောင်း၊ မန္တလေး မှာရှိတဲ့ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးကိုလည်းသွားမည်ဟု ဆုံးဖြတ်ထားသည့်အတွက် လာရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ လိုအပ်ချက်များရှိရင် မှတ်သားသွားမည်ဖြစ်ပါကြောင်း၊ လုပ်နိုင်တာတွေကို ချက်ချင်းလုပ်ပေးပြီး ခဲယဉ်းသည့် ကိစ္စရပ်များကို သက်ဆိုင်ရာနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ပြင်ပလူပုဂ္ဂိုလ် လူနာများကို ဆေးရုံတင် ကုသရေးနှင့်ပတ်သက်၍ စီမံခန့်ခွဲရေးကော်မတီမှ အစည်းအဝေးထိုင် ညှိနှိုင်းဆုံးဖြတ်ပြီး အချက်အလက်များကို တင်ပြလာပါက ဆောင်ရွက်နိုင်သည့်ကိစ္စများကို ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း မှာကြားခဲ့ပါသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က ထပ်ဆင့်ရှင်းလင်း တင်ပြရာတွင် ဇီဝိတဒါနသံဃာ့ဆေးရုံကြီးသည် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီပိုင် မြေပေါ်၌ တည်ဆောက်ထားခြင်းဖြစ်ပါကြောင်း၊ မန္တလေးမြို့မိ၊ မြို့ဖများ လှူဒါန်းသော အလှူငွေများဖြင့် ရပ်တည်ဆောင်ရွက်နေရပါကြောင်း၊ စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များ များလေလေ၊ အလှူငွေများ ပေါများလေလေဖြစ်ပြီး ရေရှည်ရပ်တည်နိုင်မှာဖြစ်ပါကြောင်း၊ ဆေးရုံကြီးနှင့်ပတ်သက်၍ ဆောင်ရွက်ရန် ရှိပါကလည်း စီမံခန့်ခွဲရေးကော်မတီနှင့် တိုင်ပင်ညှိနှိုင်းကာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ထပ်ဆင့်ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဋ္ဌဦးမြဝင်းတာဝန်ရှိ သူများနှင့်အတူ ဆေးရုံတက်ရောက်ကုသနေသော သံဃာတော်(၂၈)ပါး၊ သီလရှင်(၂)ပါးတို့အား ဆေး ပစ္စည်းနဝကမ္မအတွက် ဂိလာနသံဃာဆောင်သို့ သွားရောက်ကာ အလှူငွေများ ဆက်ကပ်လှူဒါန်း ခဲ့ပါသည်။

နေ့လယ်ပိုင်းတွင် မန္တလေးမြို့၊ အမျိုးသားဇာတ်ရုံတွင် ကျင်းပသည့် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၁၇)ကြိမ်မြောက် ပန်းချီ၊ ပန်းပု လက်ရာမွန်ပြပွဲ နှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် စင်တင် တင်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်ဦးမြင့်ဦး၊ ပါမောက္ခချုပ် ဦးအောင်ဆန်းဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မန္တလေးမြို့ပေါ်ရှိ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ဌာနမှူးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အခြေခံပညာ အထက်တန်းကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း၊ အနုပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၁၀၀၀)ကျော်တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများသည်  ပန်းချီပညာဌာနတွင် ပညာဆည်းပူးခဲ့ကြသည့် စတုတ္ထနှစ်ကျောင်းသား၊ ကျောင်းသူများက ဆီဆေး၊ရေဆေး၊Acrylicတို့ဖြင့်ရေးဆွဲထားသည့် ညနေဆည်းဆာအာနန္ဒာ၊ မြေအိုးပေါ်မှ အပျိုတော်အလှ၊ ဒီပလိုမာတန်းကျောင်းသား၊ ကျောင်းသူများရေးဆွဲထားကြသည့် ပညာ ဝေဖြာတက္ကသီလာ၊ ကင်းဝန်မင်းကြီးဦးကောင်း၊ ရိုးရာအလှကလေးသဘာဝ၊ မြန်မာမှု ကျောင်းတော်ကြီးနှင့်မဟာဝိဇ္ဇာတန်းများကျောင်းသူရေးဆွဲထားသည့် တော်ဝင်မိသားစု(၁)၊ (၂)နှင့် ဂြိုလ်ရှစ်ခွင်ရွှေငွေပေါင်းစပ်ပန်းချီကား စသည့် ပန်းချီလက်ရာမွန်(၉)ကားနှင့် ပန်းပု ပညာဌာနတွင်ပညာဆည်းပူးခဲ့ကြသည့်စတုတ္ထနှစ်ကျောင်းသားများက ပလာစတာ၊ အင်္ဂတေ၊  ဖိုက်ဘာတို့ဖြင့်ပုံဖော်ထုဆစ်ထားသည့်ရတနာပုံသူလှပျိုဖြူ၊မြင်းစီးသူရဲကောင်း၊ဂဠုန်နှင့်နဂါး၊မိခင်စသည့်ပန်းပုလက်ရာမွန်(၄)ခု တို့ကိုကြည့်ရှုအားပေးကြသည်။

ထို့နောက်အမျိုးသားဇာတ်ရုံအတွင်းဆက်လက်ကျင်းပသည့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာနများမှကျောင်းသား၊ကျောင်းသူများ၏စွမ်းရည်ပြတင်ဆက်မှု အစီအစဉ်များ ကိုဆက်လက်အားပေး ကြည့်ရှုကြရာ အစီအစဉ်အရပြည်ထောင်စုဝန်ကြီးက ကျောင်းဆင်း ဂုဏ်ပြု အမှာစကား ပြောကြားရာတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)သည် ၂၀၀၁ ခုနှစ် နိုဝင်ဘာလ(၅)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၁-၂၀၀၂ ခုနှစ် ပညာသင်နှစ်မှ ၂၀၂၂-၂၀၂၃ခုနှစ် ပညာသင်နှစ်အထိ မြန်မာ့ယဉ်ကျေးမှု အနုသုခုမ ပညာရပ်များကို သင်ကြားပေးခဲ့သည်မှာ (၂၂) နှစ်တိုင်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ဘွဲ့နှင်းသဘင် အခမ်းအနားကို (၁၅) ကြိမ်တိုင် ကျင်းပ ခဲ့ပြီးဝိဇ္ဇာဘွဲ့(၇၁၂)ဦး၊ ဝိဇ္ဇာဂုဏ်ထူး ဘွဲ့(၁၇၈)ဦး၊ ဘွဲ့လွန်အနုပညာဒီပလိုမာ(၂၇၇)ဦး၊ ဂုဏ်ထူး ဆောင်ဝိဇ္ဇာဘွဲ့ (၁၉)ဦး၊ မဟာဝိဇ္ဇာဘွဲ့ (၃၉)ဦး၊ ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့(၁၈)ဦး၊ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (၄)ဦး၊ ဘွဲ့လွန်စာကြည့်တိုက် ဒီပလိုမာ(၁၀၇) ဦး၊ စုစုပေါင်း (၁၃၅၄)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များရဲ့ ထူးခြားချက်ကတော့ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များဖြစ်တဲ့ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု ပညာရပ်များကို လက်ဆင့်ကမ်းထိန်းသိမ်း သွားနိုင်စေရန် ရည်ရွယ်ချက်ဖြင့်သင်ကြားပေးလျက် ရှိသလို ခေတ်နဲ့အညီ ဖြစ်ထွန်းနေတဲ့ ရုပ်ရှင်နဲ့ ပြဇာတ်ပညာရပ်များကိုပါ သင်ကြားပေးလျက် ရှိပါကြောင်း၊

မြန်မာတို့ရဲ့ရှည်လျားလှတဲ့ သမိုင်းကြောင်းတစ်လျောက် အဓွန့်ရှည်တည်တံ့လျက်ရှိတဲ့ အနုသုခုမပညာရပ်တွေဟာ ယနေ့ထက်တိုင် ခိုင်မြဲလျက်ရှိနေပါကြောင်း၊ ဒီလိုခိုင်မြဲနေခြင်း ဟာလည်း မောင်တို့မယ်တို့လို လူငယ်မျိုးဆက်သစ်တွေက မြန်မာ့အနုသုခုမပညာရပ်တွေကို ခေတ်အဆက် ဆက် လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်ခဲ့လို့ဖြစ်ပါကြောင်း၊ ဒီကနေ့ Globalization လို့ခေါ်တဲ့ကမ္ဘာ့ရွာကြီးထဲမှာ ဓလေ့ထုံးတမ်း အစဉ်အလာများရဲ့အရွေ့ဟာ အကောင်းနဲ့အဆိုး အရှိန်အဟုန် မြင့်မားလျက် အပြန်အလှန် ကူးပြောင်းနေသလို ရည်ရွယ်ချက်ရှိရှိနဲ့ ရိုးရာယဉ်ကျေးမှု အလေ့အထ အမူအကျင့် ဓလေ့စရိုက်များ တိမ်ကော ပပျောက်သွားအောင် နည်းလမ်းမျိုးစုံဖြင့် ထိုးဖောက်ဝင်ရောက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာ ယဉ်ကျေးမှုကို နားလည်သိရှိ လက်ခံရမှာ ဖြစ်သလို မိမိတို့ရဲ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ်ပြီး ကမ္ဘာကသိအောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံ တစ်နိုင်ငံကို သိမ်းပိုက်လိုရင် ယခင်ကလို စစ်ရေးနှင့် တိုက်ခိုက်တာထက် အမျိုးသား ယဉ်ကျေးမှုကို ပပျောက်အောင် ကြိုတင်ဆောင်ရွက်လေ့ရှိပါတယ်။

ဒါကြောင့် မောင်တို့၊ မယ်တို့အနေဖြင့် မိမိဝါသနာပါရာ အနုပညာရပ်များဖြင့် အနာဂတ်မှာ ကိုယ့်နိုင်ငံကိုယ့်လူမျိုးရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်း စောင့်ရှောက်ပြီး အမျိုးသားရေးလက္ခဏာများ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများ ကိုမပျောက်ပျက်အောင်ကာကွယ်စောင့်ရှောက်သွားကြပါလို့ တိုက်တွန်းမှာကြားလိုကြောင်း၊ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပါကွယ်ပျောက်သွားမည်ဖြစ်၍ အမိတက္ကသိုလ်ကြီးက သင်ကြားပေးလိုက်တဲ့ အနုပညာရပ်များကို စနစ်တကျ လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့် ယဉ်ကျေးမှုကိုယ်ခံအားတောင့်တင်းခိုင်မာအောင် ဆောင်ရွက် သွားကြဖို့ အလေးအနက်ထားပြီး မှာကြားလိုကြောင်း၊ ယဉ်ကျေးမှုကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်တာဟာ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်မြဲစေဖို့ အတွက် ကာကွယ်စောင့်ရှောက်ခြင်းလည်းမည်ပါကြောင်း ပြောကြားသွားပါသည်။

 ထို့နောက် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာရပ်များကို သင်ကြားလျက်ရှိသော ကျောင်းသား၊ကျောင်းသူများ၏ စင်တင်တင်ဆက်မှုများဖြစ်သော မြူးကြွခန့်ညား တောင်တော် ရွှေပုပ္ပားအက၊ ပဏာမဧည့်ခံဂီတသံ(အဆို၊အတီး)၊ တောင်ပြုန်းပွဲတော် ဆင်နွှဲပျော် (အဆို၊ အက၊အတီး)၊ ငြိမ်းချမ်းရေးမြစ်မင်း(အတီး)၊ အလှပန်းဝေလယ်တောမြေ (ကျေးလက်အက)၊ ရုပ်သေးပွဲသွားရအောင်(ရုပ်သေးအက)၊ လှမ်းခဲ့ပါတက္ကသီလာ (ကျောင်းဆင်းဂုဏ်ပြုတေး)၊ မြေဝိုင်းခေတ်၊ ဦးဖိုးစိန်ခေတ်၊ ရွှေမန်းတင်မောင်ခေတ်၊ မြို့တော်သိန်းအောင်ခေတ်၊ မျက်မှောက်ခေတ်အကများကို ဖော်ထုတ်တင်ဆက်ထားသည့် ခေတ်အဆက်ဆက်လာနှစ်ပါး ပဒေသာအက၊ အမှားနောင်တ(ဇာတ်ကြီး)၊ ကိုယ့်အတွေးနှင့်ကိုယ်(ပြဇာတ်)နှင့် အဖြူရောင် တံတိုင်း(ရုပ်/သံဇာတ်လမ်းတို)တို့ကို ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက် လာသူများက ကြည့်ရှုအားပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး အခမ်းအနားကိုအောင်မြင်စွာ အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.