“ပုဂံခေတ် လူမှုစီးပွားဘ၀” သုတေသနစာတမ်းဖတ်ပွဲကျင်းပ နေပြည်တော်၊ ၁၉-၉-၂၀၂၃

                      

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနသည် ဌာန၏ ရည်မှန်းချက်ဖြစ်သော သမိုင်းပညာရပ်ဖြင့် မြန်မာတို့၏ အစဉ်အလာ ကောင်းများကို ဖော်ထုတ်ထိန်းသိမ်းကာ လူမှုပြဿနာများကို ဖြေရှင်းပေးရာတွင် စံများ၊ သင်ခန်းစာများ ပေးစွမ်းနိုင်ပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ် များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် မြန်မာသမိုင်းနှင့်ပတ်သက်၍ အများပြည်သူ စိတ်ဝင်စားမှု တိုးတက်လာစေရန်၊ သမိုင်းသုတေသနပြုသူများနှင့် လေ့လာသူများအတွက် အကိုးအကား ပြုနိုင်ရန်၊ တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်းကို ရေးသားပြုစုခြင်းနှင့် သုတေသန စာတမ်းဖတ်ပွဲများ ကျင်းပခြင်းတို့ကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

ပြည်တွင်းဖိတ်ခေါ်စာတမ်းဖတ်ပွဲများကို တစ်နှစ်လျှင် (၂)ကြိမ် ကျင်းပလျက်ရှိပြီး ယခု ဘဏ္ဍာရေးနှစ်တွင် ဒုတိယအကြိမ်မြောက် “ပုဂံခေတ် လူမှုစီးပွားဘဝ” သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၈;၃၀)နာရီတွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)ရှိ  ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပခဲ့ပါသည်။

          ဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊  အမြဲတမ်းအတွင်းဝန်၊ မြန်မာသမိုင်းအဖွဲ့ဝင် ပညာရှင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာတမ်းရှင်များနှင့် အခြား ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က အဖွင့်အမှာစကားပြောကြားရာ ၌ မြန်မာ့သမိုင်းကြောင်းကို ကြည့်မည်ဆိုလျှင် သမိုင်းမတင်မီခေတ်မှ ယနေ့ခေတ်တိုင် ခေတ် အသီးသီးပြောင်းတိုင်း နိုင်ငံရေးစနစ်၊ လူမှုရေးစနစ်၊ စီးပွားရေးစနစ်များပါ လိုက်လံ ပြောင်းလဲ သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ပြောင်းလဲလာသည့်ခေတ်နှင့် လိုက်လျောညီစွာ မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝ အတက်အကျကိုလည်း ဆန်းစစ်ရန်လိုပါကြောင်း၊ ယခုစာတမ်း ဖတ်ပွဲတွင် ကျောက်စာအထောက်အထား အကိုးအကားများဖြင့် ပုဂံခေတ်လူမှုစီးပွားဘဝအခြေအနေ အဆင့်အတန်းကို အကဲဖြတ်သည့် သုတေသနစာတမ်းများကို မြင်တွေ့ရမည် ဖြစ်ပါကြောင်း၊ သမိုင်း၏ သဘောတရားတစ်ခုအနေဖြင့် ပြောကြားရလျှင် သမိုင်းဆိုသည်မှာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် သုံးပါးစလုံးနှင့် သက်ဆိုင်ပြီး အတိတ်ကာလမှ မြန်မာနိုင်ငံ၏ ဖြစ်စဉ်များကို လေ့လာ ထုတ်ဖော်ရေးသားခြင်းသည် မျက်မှောက်ကာလ မြန်မာနိုင်ငံ၏အခြေအနေကို ယထာဘူတ ကျကျ နားလည်နိုင်မည်ဖြစ်ပါကြောင်း၊ ယင်းမှတစ်ဆင့် အနာဂတ်အလားအလာကို ချိန်ဆ မျှော်မှန်းနိုင်မည်ဖြစ်ပါကြောင်း၊  ထို့ကြောင့် ပုဂံခေတ်၏ လူမှုစီးပွားဘဝကို လေ့လာဆန်းစစ် ကြည့်ခြင်းအားဖြင့် ပစ္စုပ္ပန်တွင် မည်ကဲ့သို့အသုံးချနိုင်ပြီး အနာဂတ်တွင် မည်သို့ပြင်ဆင်ရမည်ကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သမိုင်းကျမ်းများကို ကြည့်လျှင် အဓိကမဏ္ဍိုင် ကျောရိုးဖြစ်သည့် နိုင်ငံရေးဖြစ်စဉ်များကို အခြေတည်ကာ မြန်မာနိုင်ငံ၏ စီးပွားရေးဖြစ်စဉ်၊ လူမှုရေးဖြစ်စဉ်၊ ယဉ်ကျေးမှုဖြစ်စဉ်များကို  သမိုင်းအမြင်ဖြင့် လေ့လာသုံးသပ်၍ အနာဂတ်တွင် ဆောင်ရန်၊ ရှောင်ရန်များ ရရှိလာပြီး လူမှုအဖွဲ့အစည်းကြီး ပိုမိုတိုးတက် မြင့်မားလာစေရေးတွင် အထောက်အကူ ပြုနိုင်ရန် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၏ ရည်မှန်းချက်တစ်ရပ်ဖြစ်သည့် တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်း ဖြစ်ပေါ် လာစေရန် ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ ထုတ်ဝေခဲ့သည့် သမိုင်းစာအုပ်များ သည် အများအားဖြင့် မြန်မာသမိုင်းကို လေ့လာရာတွင် အဓိကကျသည့် နိုင်ငံရေးဖြစ်စဉ်များကို ဦးစားပေး ရေးသား ထုတ်ဝေခဲ့သည်ကို တွေ့ရပါကြောင်း၊ သို့သော် သမိုင်းဆိုသည်မှာ ပြီးဆုံးသည်ဟုမရှိဘဲ အသစ်တွေ့ရှိလာသည့် အချက်အလက်အထောက်အထားများအရ အမြဲ ပြင်ဆင်ဖြည့်စွက်နေရသည်ကိုလည်း နားလည်ပါကြောင်း၊ ယခု ပုဂံခေတ်လူမှုစီးပွားဘဝဟူသည့် စာတမ်းခေါင်းစဉ်နှင့် တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်း ဖြစ်ပေါ်လာစေရန်အတွက် ကွက်လပ်ဖြစ်နေသည့်နေရာကို ဖြည့်ရန် အားထုတ်သည်ဟု နားလည်ပါကြောင်း၊ ထို့ပြင် မြန်မာ့သမိုင်းအကြောင်းကို ဖတ်ရှုခြင်းအားဖြင့် အတိတ်ကသမိုင်းဖြစ်ရပ်များမှ သင်ခန်းစာများ ရယူနိုင်ပြီး မိမိလူမျိုးကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်များ ပိုမိုမြင့်မားလာကာ ဇာတိသွေး ဇာတိမာန် တက်ကြွလာမည်ဖြစ်ကြောင်း၊ ထို့အတွက် လူတိုင်း သမိုင်းကို လေ့လာဖတ်ရှုသင့်ပါ ကြောင်း၊ ယခု ဖတ်ကြားမည့် စာတမ်း(၆)စောင်သည် သမိုင်းပညာရှင်များ သတ်မှတ်ထားသည့် ပုဂံခေတ် လူမှုစီးပွားများအပေါ် အခြေခံ၍ရေးသားထား‌သော စာတမ်းများဟု ယုံကြည်ပါ ကြောင်းနှင့် ပုဂံခေတ်လူမှုစီးပွားဘဝကို မည်မျှအထိ ဆွေးနွေးထားသည်ကို နားထောင်ကြည့်ရ မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က သုတေသနစာတမ်းဖတ်ပွဲကျင်းပမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

နံနက်ပိုင်း စာတမ်းဖတ်ကြားခြင်းအစီအစဉ်တွင် မန္တလေးအဝေးသင်တက္ကသိုလ်၊ မြန်မာစာ ဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဝင်းမင်းသိန်းက ”ပုဂံခေတ်လူမှုဘဝနှင့် အသက်မွေး ဝမ်းကျောင်းမှု” စာတမ်းကိုလည်းကောင်း၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြင့်မြင့်စန်းက” အမတ်အသဝတ်ဓမ္မာ သင်္ချိုင်းဂူဘုရား ကျောက်စာလာ လူမှုစီးပွားရေးအခြေအနေ” စာတမ်းကိုလည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ပြီး  နေ့လယ်ပိုင်း စာတမ်းဖတ်ကြားခြင်းအစီအစဉ်တွင် ကျိုင်းတုံတက္ကသိုလ်၊ သမိုင်းဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာနွယ်နွယ်အောင်က ”ပုဂံခေတ်မြန်မာ့လူ့အဖွဲ့အစည်းတည်ဆောက်ပုံ” စာတမ်း ကိုလည်းကောင်း၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြတ်မာလာလွင်က “စဝ်ရဟန်သိမ် ပြန်လည်တည်ဆောက်ခဲ့သူများ၏ လူမှုစီးပွားအခြေအနေ” စာတမ်းကိုလည်းကောင်း၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ သမိုင်းဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာကိုကိုတိုးလွင်သော်က “နံရံဆေးရေးများမှ ထင်ဟပ်လာသော ပုဂံခေတ် ကုန်သည်လူတန်းစားတို့၏ လူမှုစီးပွားနှင့် လူနေမှုသဏ္ဍာန်” စာတမ်းကိုလည်းကောင်း၊ ပညာရေး ဝန်ကြီးဌာန၊ ပညာရေးသုတေသနစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်သီတာက “ရွှေကွန်ချာဘုရားနှင့် မင်းအနန္တသူကျောက်စာ (၁၂၂၃) လေ့လာချက်” စာတမ်းကိုလည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ပြီး မြန်မာသမိုင်းအဖွဲ့ဝင် ဒေါက်တာမြင့်သိန်း၊ မြန်မာသမိုင်းအဖွဲ့ အချိန်ပိုင်းအဖွဲ့ဝင်များဖြစ်သည့် ဦးကျော်စိုး၊ ဦးတင်ခြုံတို့က သဘာပတိများ အဖြစ် ဆောင်ရွက်ခဲ့ကြကာ စာတမ်းဖတ်ပွဲသို့ တက်ရောက်လာကြသူများက အကြံပြုလိုသည် များနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် မြန်မာသမိုင်းအဖွဲ့၊ အဖွဲ့ဝင် ဦးနီတွတ်က ဖတ်ကြားသွားသော စာတမ်းများနှင့် ပတ်သက်၍ ခြုံငုံသုံးသပ်ဆွေးနွေးခဲ့ပြီး သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကာ သဘာပတိနှင့် စာတမ်းရှင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်၍ စာတမ်းဖတ်ပွဲအခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.