သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ရန်ကုန်မြို့ရှိ မြန်မာမှုအနုပညာဗဟိုဌာန (Myanmar Arts Center) တည်ဆောက်မှုများကို ကြည့်ရှုစစ်ဆေး သတင်း ရန်ကုန် စက်တင်ဘာလ   ၂၄ ရက်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ လိုက်ပါ လျက် ယနေ့နံနက်(၁၁:၃၀)အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် မင်းဓမ္မလမ်းပေါ်ရှိ ဆောက်လုပ်ဆဲဖြစ်သော အနုပညာဗဟိုဌာန (Myanmar Arts Center) သို့ ရောက်ရှိခဲ့ပါသည်။

       ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆောက်လုပ်ဆဲလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ iGreen Construction Co.,Ltd မှ Director ဦးကျော်ကျော်စိုးက တည်ဆောက်ရေးလုပ်ငန်းအဆင့်ဆင့်ကို ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍  အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က Myanmar Arts Center တည်ဆောက်ရသည့် ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားပါသည်။

       ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် Myanmar Arts Center Phase – 1 တည်ဆောက်ပြီးစီးမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားပါသည်။

       အနုပညာဗဟိုဌာန (Myanmar Arts Center) ကို ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရပ်များ တင်ဆက်နိုင်မည့် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာနအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် မင်းဓမ္မလမ်းပေါ်ရှိ မြေဧရိယာ ၈.၄၁ ဧကပေါ်တွင် တည်ဆောက် အကောင်အထည်ဖော်နိုင်ရန်အတွက် ၂၀၁၅ ခုနှစ်မှ စတင်၍ စီစဉ်ဆောင်ရွက် ခဲ့ပါသည်။ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန အကောင်အထည်ဖော်ရေးကော်မတီသည် အဆောက်အဦ ဆောက်လုပ်ရန်အတွက် ၂၈.၃.၂၀၁၆ ရက်နေ့တွင် iGreen Construction Co.,

Ltd နှင့် စာချုပ်ချုပ်ဆို၍ လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ပါသည်။

       iGreen Construction Co., Ltd အနေဖြင့် မူလချထားပေးသော ဘဏ္ဍာငွေဖြင့် အနုပညာဗဟိုဌာနရှိ ပင်မအဆောက်အအုံ၏ Foundation နှင့် Steel Structure သံတိုင်များ စိုက်ထူထားသည့် Skeleton Phase – 1 အဆင့်ကို တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်ပါသည်။

       သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

       ရုပ်ရှင်၊ ဂီတ၊ သဘင်ဖျော်ဖြေတင်ဆက်နိုင်မည့် နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာနကို ဖျော်ဖြေရေးအတွက်သာမက အနုပညာဆိုင်ရာ ပြပွဲ၊ ပြိုင်ပွဲ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အနုပညာနှင့်ဆက်စပ်သော ဟောပြောပွဲများ ပြုလုပ်နိုင်ရန်အတွက် ရည်ရွယ်၍ တည်ဆောက်ခဲ့ ခြင်းဖြစ်ပြီး အဆိုပါအနုပညာဗဟိုဌာနကြီး တည်ဆောက်ပြီးစီးပါက နိုင်ငံတကာမှ လာရောက် သော ယဉ်ကျေးမှုပဒေသာကပွဲများ၊ ကဇာတ်၊ ပြဇာတ်နှင့် တေးဂီတသံစုံဖျော်ဖြေတီးခတ်မှုများ၊ တေးဂီတဆိုင်ရာဖျော်ဖြေမှုများ၊ အနုပညာနှင့်ဆက်စပ်သော ပန်းချီ၊ ပန်းပုဆိုင်ရာပြပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အနုပညာဆိုင်ရာပညာပေးဟောပြောမှုများကို ဆောင်ရွက်နိုင်မည်ဖြစ် သဖြင့် ဂီတ၊ သဘင်၊ ရုပ်ရှင်၊ ပန်းချီ၊ ပန်းပုနှင့် စာပေနယ်ပယ်အသီးသီးမှ မြန်မာအနုပညာရှင် လူငယ်များအနေဖြင့် မိမိတို့၏ အနုပညာရပ်များကို ကမ္ဘာသို့ ဖော်ထုတ်ပြသနိုင်မည်သာမက ကမ္ဘာ့အနုပညာအသီးသီးနှင့် ဆက်စပ်ပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလမ်းကောင်းများ ရရှိစေမည့် ပြယုဂ်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.