သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်  အမျိုးသားပြတိုက် (ရန်ကုန်) သို့ ရောက်ရှိပြီး ပြခန်းများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၂၆)ကြိမ်မြောက် ပန်းချီ၊ ပန်းပု ကျောင်းသား၊‌ ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ် ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူ စင်တင်တင်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက် ရန်ကုန် စက်တင်ဘာလ  ၂၅ ရက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ နှင့် အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးတို့ လိုက်ပါလျက် အမျိုးသားပြတိုက် (ရန်ကုန်)သို့ နံနက် (၁၀:၃ဝ) နာရီအချိန်တွင် ရောက်ရှိပြီး အမျိုးသားပြတိုက်(ရန်ကုန်)မှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ အရာထမ်း၊ အမှုထမ်းများက ကြိုဆိုပါသည်။ အစည်းအဝေးခန်းမတွင် ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်းက အမျိုးသားပြတိုက်(ရန်ကုန်) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ တည်နေရာ၊ နောက်ခံသမိုင်းအကျဉ်း၊ ပြခန်း (၁၃)ခန်းတွင် ခင်းကျင်း ပြသထားမှု၊ အမျိုးသားပြတိုက်(ရန်ကုန်)၌ ဆောင်ရွက်ခဲ့သည့် ပြည်တွင်း/ပြည်ပ ပြပွဲ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ ပြည်တွင်း/ပြည်ပမှ လာရောက်ကြည့်ရှုလေ့လာမှုအခြေအနေ၊ ကျောင်းသား/ ကျောင်းသူများ လာရောက်လေ့လာကြည့်ရှုမှုအခြေအနေများအား Power  Point ဖြင့် ရှင်းလင်း တင်ပြပါသည်။ ရှင်းလင်းတင်ပြချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက အမျိုးသားပြတိုက် (ရန်ကုန်)သို့ လေ့လာကြည့်ရှုသူများ ယခုထက် ပိုမိုတိုးတက်များပြားလာစေရေး နည်းလမ်းများ ရှာဖွေ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊  ပြတိုက်သို့လေ့လာကြည့်ရှုကြပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်လာကြစေရေးအတွက် အခြေခံပညာကျောင်းသူများ စဉ်ဆက်မပြတ် လာရောက်လေ့လာစေရေး၊ အခြေခံပညာ‌ ကျောင်းသား၊ ကျောင်းသူများသာမက တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုလေ့လာနိုင်စေရေးအတွက် ရန်ကုန် တိုင်းဒေသကြီး  ဌာနဆိုင်ရာအသီးသီးနှင့် ပေါင်းစပ်ညှိနှိုင်းသွားရန်လိုအပ်ကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းသွား မည်ဖြစ်ပါကြောင်း စသဖြင့် ပြောကြားသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မြေညီထပ်ရှိ မြန်မာအက္ခရာနှင့် လက်ရေးမူပြခန်း၊ သီဟာသနပလ္လင်ပြခန်း၊ ရတနာပုံခေတ်ပြခန်း၊ မင်းခမ်းတော်ပစ္စည်းများပြခန်း၊ မြန်မာ့မြို့ပြယဉ်ကျေးမှုပြခန်း၊ သဘာဝသမိုင်းနှင့်မြန်မာ့သမိုင်းမတင်မီခေတ်ပြခန်း၊ မြန်မာ့လက်မှု အနုပညာပြခန်း၊ မြန်မာပန်းချီခန်းမဆောင်၊ မြန်မာ့ရှေးဟောင်းအဆင်တန်ဆာရတနာပြခန်း၊ တိုင်းရင်းသားယဉ်ကျေးမှုပြခန်း၊ အာဆီယံပြခန်း၊ ဗုဒ္ဓအနုပညာပြခန်းများအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။    

          ထို့နောက် ပြည်‌ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် နေ့လယ်  (၁၂:၀၀) နာရီတွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၂၆) ကြိမ် မြောက် ပန်းချီ၊ပန်းပု၊ ကျောင်းသား၊‌ ကျောင်းသူ များ၏ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ် ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူစင်တင်တင်ဆက်ပွဲ အခမ်းအနားကို တက်ရောက်ပါသည်။

          အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ ပြင်ပပညာရှင်များ၊ မြန်မာနိုင်ငံ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပုနှင့် ရုပ်ရှင်အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် မိဘဆွေမျိုးများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

          အခမ်းအနားအစီအစဉ် ပထမပိုင်းကို နေ့လယ် (၁၂)နာရီတွင် ကျင်းပပြုလုပ်ရာ ဧည့်သည် တော်များက ပန်းချီ၊ ပန်းပုကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်များကို လှည့်လည် ကြည့်ရှုကြသည်။ ထို့နောက် ရုပ်ရှင်နှင့်ပြဇာတ်‌ ကျောင်းသား၊ ကျောင်းသူများ ရိုက်ကူး တင်ဆက်သည့် “သံစဉ်များနှင့်အချစ်”၊ “တုနှိုင်းမဲ့မေတ္တာ”နှင့် “အနုပညာပန်းများ ပွင့်လန်းရာ” ဇာတ်ကားများကို ကြည့်ရှုအားပေးကြသည်။

အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကို နေ့လယ် (၂)နာရီတွင် ဆက်လက်ကျင်းပရာ ပထမဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)၏ ဘွဲ့ယူလက်ရာမွန် ပြပွဲနှင့် စင်တင် တင်ဆက်ပွဲဟာ တက္ကသိုလ်ရဲ့ ထူးခြား ကောင်းမြတ်တဲ့ အစဉ်အလာတစ်ခု ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် (၂၆)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ ဝိဇ္ဇာဘွဲ့နှင့် မဟာဝိဇ္ဇာဘွဲ့ယူကြမည့် ကျောင်းသား၊ ကျောင်းသူတွေဟာ နိုင်ငံတော်အဆင့် ဖျော်ဖြေတင်ဆက်တဲ့ ဒီနေရာမှာ မိမိတို့ တတ်မြောက်မှု အနုပညာစွမ်းရည်ကို ပြသခွင့်ရရှိကြတာ ဖြစ်ကြောင်း၊ ဒါကြောင့် ဒီပွဲဟာ ပညာ‌ရေး နှင့် အနုပညာပညာရေး အဆက်အစပ်၊ သင်ယူမှုနှင့် တတ်မြောက်မှုစွမ်းရည် အဆက်အစပ်တွေကို ပြသတဲ့ပွဲလည်းဖြစ်ကြောင်း၊ ဒီကနေ့ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် စင်တင် တင်ဆက်ပွဲဟာ သက်ဆိုင်ရာ အနုပညာကို တတ်မြောက်မှုသာမက  Professional အဆင့် ပင်ကိုယ်အရည်အသွေးနှင့် ကိုယ်ရည်ကိုယ်သွေးများ (Personal Skills)ကို ပြသတဲ့ပွဲ ဖြစ်ကြောင်း၊ အဖွဲ့လိုက်ဆောင်ရွက်ကြရတဲ့ ဖျော်ဖြေမှုတွေမှာဆိုရင် တီထွင်ဖန်တီးမှု (Creativity)၊ ပူးပေါင်းဆောင်ရွက်မှု(Collaboration)၊ အလိုက်သင့်ဆောင်ရွက်တတ်မှု (Adaptability)၊ စိတ်ခံစားချက်နားလည်မှု (Emotional Intelligence)၊ လူမှုဆက်ဆံ‌ရေး (Social Skills)၊ ဦးဆောင်တတ်မှု (Leadership) တွေ ပါဝင်နေပြီး ဖြစ်ကြောင်း၊ ဒါတွေအားလုံးခြုံငုံပြီး ဘက်စုံပညာတတ်မြောက်တယ်လို့ ဆိုလိုတာဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဦးတည်ချက် (၉)ရပ်ထဲမှာ လူမှုရေးကဏ္ဍအနေနဲ့ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်  ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးတို့ဟာ ဒီသဘောအတိုင်းဖြစ်ကြောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှာ အနုပညာ ယဉ်ကျေးမှု ဘက်စုံ တတ်မြောက်တဲ့ ‌ကျောင်းသား၊ ကျောင်းသူများစွာကို နှစ်(၃၀)ကာလအတွင်း မြောက်မြားစွာ မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ တက္ကသိုလ်ကြီးဟာ ၂၀၁၈-၂၀၁၉ ပညာသင် နှစ်အထိ ဘွဲ့နှင်းသဘင် (၂၃)ကြိမ်ကျင်းပနိုင်ခဲ့ပြီး ဝိဇ္ဇာဘွဲ့ (၂၅၂၁)ဦး၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ (၃၈၄) ဦး၊ မဟာဝိဇ္ဇာဘွဲ့ (၅၂) ဦး၊ ဘွဲ့လွန်ဒီပလိုမာ (၃၂၇) ဦး၊ အနုပညာကွန်ပျူတာဒီပလိုမာဘွဲ့ (၂၇၁၄)ဦး၊ ဂုဏ်ထူးဆောင် ဝိဇ္ဇာဘွဲ့ (၅၉)ဦး၊ ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာဘွဲ့ (၁၅)ဦး၊ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (၁၁) ဦး ၊ စုစုပေါင်း ၆၀၈၃ ဦး ကို ချီးမြှင့်အပ်နှင်းပေးနိုင်ခဲ့ကြောင်း၊ ကျောင်းဆင်းကျောင်းသား၊ ကျောင်းသူများအနေနဲ့ ကျောင်းပြီးလို့ဘွဲ့ရတဲ့အခါ မိမိတို့တတ်ကျွမ်းတဲ့ပညာနှင့် အသက်မွေး ဝမ်းကျောင်းပြုကြရတော့မှာဖြစ်ကြောင်း၊ အဲ့ဒီမှာ အချက်(၃)ချက်ကို သတိပြု ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ ပထမအချက်ကတော့ ပညာကို မိမိဘာသာ ဆက်လက်လေ့လာသင်ယူရခြင်း ဖြစ်ကြောင်း၊ ဒုတိယအချက်ကတော့ မိမိတို့တတ်ကျွမ်းတဲ့ ယဉ်ကျေးမှုအနုပညာတွေနဲ့ မိမိပတ်ဝန်းကျင်အကျိုး၊ မိမိလောကအကျိုးကို သယ်ပိုးနိုင်ဖို့ဖြစ်ကြောင်း၊ တတိယအချက် ကတော့ မိမိတတ်ကျွမ်းတဲ့ ယဉ်ကျေးမှုအနုပညာတွေနဲ့ မိမိတိုင်းပြည်နဲ့ လူမျိုးအကျိုးကို သယ်ပိုးနိုင်ဖို့ ဖြစ်ကြောင်း၊ နှစ်(၃၀)ခရီးကို ခြုံငုံကြည့်ရင် တက္ကသိုလ်ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ကြောင်း၊ ရှေ့ဆက်ပြီး တိုင်းကျိုးပြည်ဆောင် နိုင်ငံထူထောင်ရေးနဲ့ အေးချမ်းသာယာ ပြည်မြန်မာရယ်လို့ ကမ္ဘာ့အလယ်မှာ ထည်ဝါစေရေးတို့အတွက် လူမှုရေးကဏ္ဍကနေ တက္ကသိုလ်ရဲ့ ရတုအဆက်ဆက်တိုင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာအမွေအနှစ်တွေကို ထိန်းသိမ်း စောင့်ရှောက် မြှင့်တင်နိုင်ကြပါစေလို့ ဆန္ဒပြုကြောင်းပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုအမှာ စကားပြောကြားရာမှာ (၂၆)ကြိမ်မြောက် ပန်းချီ၊ ပန်းပုကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူ လက်ရာမွန်ပြပွဲနဲ့ ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ်ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူစင်တင် တင်ဆက်ပွဲအခမ်းအနားမှာ ပန်းချီပညာဌာနက စတုတ္ထနှစ်နဲ့ မဟာတန်း ကျောင်းသား၊ ကျောင်းသူများက ပန်းချီကား (၂၂) ကားရေးဆွဲပြသထားတာ တွေ့ရကြောင်း၊ အဆင့်အတန်းရှိရှိ၊ အရည်အသွေးမီမီ လက်ရာကောင်းတွေ မြင်တွေ့ရတဲ့အတွက် မြန်မာ့ပန်းချီလောကကို အားဖြည့် ပေးနိုင်မယ့်မျိုးဆက်သစ်လက်ရာများအဖြစ်မှတ်ယူနိုင်ကြောင်း၊ ဒီကနေ့ အခမ်းအနားမှာ ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်အစီအစဉ်တွေ တင်ဆက်ကြမှာဖြစ်ကြောင်း၊ ဖျော်ဖြေမှုတိုင်းမှာ တစ်ကြိမ်နဲ့ တစ်ကြိမ် မရိုးနိုင်တဲ့ သံစဉ်၊တီးလုံး၊ ကကွက်တွေ၊ ရိုးရာကို  အခြေခံပြီး ဆန်းသစ်တီထွင်တဲ့ အစီအစဉ်တွေ၊ ခေတ်စနစ်နဲ့လျော်ညီတဲ့ အတွေးအခေါ်၊ အယူအဆ၊ အတင်အပြတွေပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ကြည့်ကြရမှာဖြစ်ကြောင်း၊ ဒီကနေ့ ကျောင်းသား၊ ကျောင်းသူများရဲ့ အောင်ပွဲဟာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်ရဲ့ အောင်ပွဲပဲ ဖြစ်ကြောင်း၊ ဒီတက္ကသိုလ်ရဲ့ အောင်ပွဲဟာ နိုင်ငံတော်အတွက် အမျိုးသားယဉ်ကျေးမှု အခန်းကဏ္ဍရဲ့ အောင်ပွဲလို့ လည်း ဆိုနိုင်ပါကြောင်း၊ ယနေ့ ဘွဲ့ယူလက်ရာမွန်ပြပွဲနဲ့ စင်တင် တင်ဆက်ပွဲဟာ ဖြူနီဝါပြာ ရောင်စုံဖြာလို့ သာယာလှပမွှေးမြတဲ့ ပန်းခင်းကြီးတစ်ခု ခင်းကျင်းပြသထားသည့်ပမာ ကြည်နူး ကျေနပ်ဂုဏ်ယူစရာမြင်တွေ့နေရတာ အနာဂတ်အတွက် အားတက်စရာပဲဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့်ပြဇာတ်ကျောင်းသား၊ ကျောင်းသူများက စွမ်းရည်ပြ‌ ဖျော်ဖြေတင်ဆက်ကြရာ ဂီတပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများက မောင်မယ်စုံစွာ ဆိုင်းမဟာ၊ ဆင့်ကမ်းမျှဝေမဟာဂီတအမွေ၊ မြူးကြွသာယာတေးသံသာ၊ ပုလဲရတုမှသည် အနာဂတ်ဆီ၊ သဘင်ပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများက အလှကျက်သရေဆောင် မငွေတောင်(နတ်ချင်းယိမ်း) ၊ လှပဝေဆာ အကပဒေသာ၊ မိဘကျေးဇူးအကျိုးထူး (ရုပ်သေး)၊ ကံကံ၏အကျိုး(ဆို၊ ငို၊ ပြော ဇာတ်တော်ကြီး)၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများက “ငွေ” ပြဇာတ်တို့ဖြင့် ဖျော်ဖြေတင်ဆက်ကြရာ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက ကြည့်ရှုအားပေးကြသည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၂၆) ကြိမ်မြောက် ပန်းချီ၊ပန်းပု၊ ကျောင်းသား၊‌ ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ် ကျောင်းသား၊ ကျောင်းသူများ၏ ဘွဲ့ယူ စင်တင်တင်ဆက်ပွဲတွင် ပန်းချီအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ ပန်းချီကား (၂၂) ချပ်၊ ပန်းပုအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ ပန်းပုရုပ် (၈) ရုပ်၊ ဂီတအထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ တေးဂီတ အစီအစဉ် (၄) ခု၊ သဘင်အထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ အက၊ ရုပ်သေး၊ ဇာတ်တော်ကြီး အစီအစဉ် (၄) ခု၊ ရုပ်ရှင်နှင့် ပြဇာတ်အထူးပြု ကျောင်းသား၊ ကျောင်းသူများ၏ ပြဇာတ်နှင့် ရုပ်ရှင်ဇာတ်ကား (၃) ကားတို့ကို တင်ဆက်ပြသဖျော်ဖြေကြသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များက ဂုဏ်ပြုဆုငွေများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနားကို ညနေ (၅:၄၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.