သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် အမျိုးသားပြတိုက်(နေပြည်တော်)၌ ဖွင့်လှစ်သည့် Web Design and Management for Digital Museum ရေးသားနည်းသင်တန်းသို့ တက်ရောက်

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ Digital Museum စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်းများ ပိုမိုလျင်မြန်စွာ ပြီးမြောက်နိုင်ရေးနှင့် ဝန်ထမ်း များ၏ Digital နည်းပညာဆိုင်ရာ အသုံးချမှု အရည်အသွေးမြင့်မားလာစေရေးအတွက် ရည်ရွယ်၍ Web Design and Management for Digital Museum ရေးသားနည်း အလယ်အလတ်အဆင့် သင်တန်းဖွင့်ပွဲကို နေ့လယ် (၁:၃၀)နာရီတွင် အမျိုးသားပြတိုက် (နေပြည်တော်)၌ ပြုလုပ်ခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ တက်ရောက်ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူ(၂၄)ဦး တက်ရောက်ခဲ့ကြပါသည်။

သင်တန်းဖွင့်ပွဲတွင် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ သရေခေတ္တရာ၊ ဗိဿနိုးနှင့် ပဲခူးဒေသသို့ သွားရောက် ခဲ့သည့် ခရီးစဉ်များတွင် ပြတိုက်နှင့် စာကြည့်တိုက်များကို ခေတ်မီနည်းပညာများဖြင့် ပြည်သူလူထုကို ပြသရန်နှင့် Digital Museum ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ပြတိုက်၊ စာကြည့်တိုက်များ သာမက မြန်မာနိုင်ငံမှ အထင်ကရဘုရားများကို Pagoda Digital Directory ပြုလုပ်၍ အများပြည်သူ သိရှိအောင် ပြသထားရှိရန် လမ်းညွှန်မှုပြုခဲ့ပါကြောင်း၊

Digital Museum အကောင်အထည်ဖော် ဆောင်ရွက်ရန် ပထမအဆင့် အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ မှော်ဇာကျေးရွာတွင်ရှိသော သီရိခေတ္တရာ ပြတိုက်ကို Digital Museum အဖြစ် ဆောင်ရွက်ခဲ့ရာ ၉၀% ဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် နယ်ဌာနခွဲ (၆)ခုရှိ  မျိုးဆက်သစ်ဝန်ထမ်းများအား ၁၇.၈.၂၀၂၃ ရက်နေ့မှ ၂၅.၈.၂၀၂၃  ရက်နေ့အထိ အမျိုးသားပြတိုက်(နေပြည်တော်)၌ Website ရေးဆွဲနည်း (အခြေခံ)သင်တန်းကို သင်တန်းဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ အဆိုပါသင်တန်းကို ဖွင့်လှစ် ပြီးနောက် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့ဒေသရှိ ပြတိုက်များအတွက် Website ရေးဆွဲခြင်း၊ အချက်အလက် ဖြည့်သွင်းခြင်းများကို ဆောင်ရွက်နေသည်မှာ ၅၀% ခန့် ဆောင်ရွက်ပြီး ဖြစ်သည်ဟု သိရှိရပါကြောင်း၊

ယခုဖွင့်လှစ်သည့် သင်တန်းမှာ ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ယခင်သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများ အပါအဝင် မြောက်ဦးဒေသနှင့် မကွေးဒေသတို့မှ သင်တန်းသား

သင်တန်းသူ အသစ်များလည်း ပါဝင်ပါကြောင်း၊ မြောက်ဦးဒေသမှ သင်တန်းသားများ အနေဖြင့် မြောက်ဦးရှေးဟောင်းသုတေသနပြတိုက် သာမက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သော Pagoda Digital Directory Pilot Project တွင် တန်ခိုးကြီးဘုရား (၉)ဆူအနက် တစ်ဆူဖြစ်သော သျှစ်သောင်းပုထိုးတော်ကြီး၏ Website ရေးဆွဲရာတွင်လည်း လိုအပ်သည်များ ကူညီပံ့ပိုး ဆောင်ရွက်ပေးသွားရမှာ ဖြစ်ကြောင်း၊

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနရှိ အမျိုးသားပြတိုက်၊ ရှေးဟောင်းသုတေသနပြတိုက်၊ အထိမ်းအမှတ်ပြတိုက်၊ ယဉ်ကျေးမှုပြတိုက်၊ ဗုဒ္ဓပြတိုက်ဟူ၍ ပြတိုက်အမျိုးအစား(၅)မျိုးရှိပြီး ပြတိုက်စုစုပေါင်း (၃၂)ခုရှိပါကြောင်း၊ ၎င်းပြတိုက်များအနက် အမျိုးသားပြတိုက်(နေပြည်တော်)၊ အမျိုးသားပြတိုက်(ရန်ကုန်)၊ မန္တလေးမြနန်းစံကျော် ရွှေနန်းတော်ယဉ်ကျေးမှုပြတိုက်၊ ပုဂံရှေးဟောင်းသုတေသနပြတိုက်၊ ပဲခူးဟံသာဝတီ ရှေးဟောင်းသုတေသနပြတိုက်၊ ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်တို့၏ Website ရေးဆွဲခြင်း ဆောင်ရွက်ပြီးစီးသည့်အခါ ကျန်ရှိသော ပြတိုက်များကိုလည်း ယခုကဲ့သို့ပင် တစ်ဆင့်ချင်း ဆက်လက်ဆောင်ရွက်သွားရန် လိုပါကြောင်း၊ Website ရေးဆွဲပြီးသည့် အခါတွင်လည်း သက်ဆိုင်ရာ ပြတိုက်များတွင် Online Server, Offline Server များ ထားရှိ၍ Touch Screen များဖြင့် ပြသထားရှိပြီး QR Code များထားရှိ၍ အများပြည်သူ လွယ်ကူစွာ လေ့လာနိုင်ရေး ဆောင်ရွက်ထားရန်လိုကြောင်း၊

Online Server ဖြစ်သော ဌာန၏ Website နှင့်လည်း ချိတ်ဆက်၍ ပြတိုက်များအား မိမိရောက်ရှိရာနေရာတွင် လေ့လာကြည့်ရှုနိုင်အောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်တွင်း ဧည့်သည်များသာမက နိုင်ငံတကာမှ စိတ်ဝင်စားသူများက မိမိတို့နိုင်ငံ၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှု အမွေအနှစ်များအကြောင်းကို လေ့လာသိရှိနိုင်စေရေးအတွက် Digital Museum ကို အမြန်ဆုံး ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း  ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်မှ သင်တန်းသား၊ သင်တန်းသူများအား နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး  သင်တန်းနည်းပြတစ်ဦးက သင်တန်း၌ ပို့ချမည့် အကြောင်းအရာများ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းနှင့် သင်တန်းသား၊ သင်တန်းသူ တစ်ဦးချင်းအလိုက် မိတ်ဆက်ခြင်းများ ပြုလုပ်ခဲ့ပြီး သင်တန်းဖွင့်ပွဲကို  နေ့လယ် (၃)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.