သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ၈-၁၀-၂၀၂၃ရက်နေ့၊ နံနက်(၈:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး နန်းမြို့ရိုးထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဒုတိယဝန်ကြီးမှ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးစည်ပင်သာယာရေးကော်မတီနှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲတို့ပူးပေါင်း၍ နန်းမြို့ရိုး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရန် စီမံချက်ရေးဆွဲဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွား ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီးသည် မြနန်းစံကျော်ရွှေနန်းတော်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြား ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို စစ်ဆေးပြီးလိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ ပါသည်။
ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး သည် မန္တလေးမဟာမုနိဘုရားသို့ရောက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်တွေ့ဆုံ၍ ပိဋကတ်တိုက်တွင်ထားရှိသော ပြသပစ္စည်းများနှင့်စပ်လျဉ်း၍ ရေရှည်တည်တံ့ ခိုင်မြဲရေး ဆောင်ရွက်ရန် အကြံပြုညွှန်ကြားခဲ့ပါသည်။
ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီးသည် ဗန်းမော်ကျောင်းတိုက်သို့ရောက်ရှိပြီး ပျံလွန်တော်မူသွားသောဗန်းမော်ဆရာတော်ဘုရားကြီး၏ အထိမ်းအမှတ်ပြတိုက်အဖြစ်ဆောင်ရွက်ရန် ဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်က အသုံးပြုခဲ့သောပစ္စည်းများ၊ နိုင်ငံခြားမှလှူဒါန်းထားသောပစ္စည်းများ၊ တောင်ဝှေး၊ ဝိဓူရဇာတ်တော် ပါသောယွန်းစားပွဲကဲ့သို့ အသုံးအဆောင်ပစ္စည်းများကို ပြသနိုင်ရေးအတွက်စိစစ်ရွေးချယ်ပေးခဲ့ ပါသည်။ အထိမ်းအမှတ်ပြတိုက်အဖြစ် ပြုလုပ်မည့် ဝိဇ္ဇာစရဏကျောင်းတော်သို့လည်း သွားရောက်၍ ပြတိုက်အဆောက်အအုံအဖြစ် လိုအပ်သလိုပြုပြင်မွမ်းမံနိုင်ရေး တာဝန်ရှိသူ များအား ညွှန်ကြားခဲ့ပါသည်။ နေ့လယ် ၂:၀၀ နာရီတွင် ပြန်လည်ထွက်ခွာခဲ့ကြောင်း သတင်း ရရှိသည်။