ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ရေကြောင်းပိုးလမ်းမကြီး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး ညီလာခံသို့ တက်ရောက်ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရန်ကုန် ၊ နိုဝင်ဘာ ၅

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၃.၁၁.၂၀၂၃ ရက်နေ့မှ ၄.၁၁.၂၀၂၃ ရက်နေ့အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ကျင်းပပြုလုပ်သည့် ရေကြောင်းပိုးလမ်းမကြီး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးညီလာခံ (Roundtable Conference on Maritime Silk Road Cultural Heritage Conservation) သို့ တက်ရောက်ခဲ့ပြီး ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ ကောင်စစ်ဝန် Mr. Pan Feng နှင့် တာဝန်ရှိသူများ၊  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ခဲ့သည်။           ၃.၁၁.၂၀၂၃ ရက်နေ့တွင် ကျင်းပသည့် ရေကြောင်းပိုးလမ်းမကြီး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးညီလာခံတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါ်နုမြဇံ သည် Keynote Speech ကို မြန်မာနိုင်ငံ ကိုယ်စားပြု၍ ပြောကြားခဲ့ပါသည်။ ၄.၁၁.၂၀၂၃ ရက်နေ့တွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေကြောင်းပိုးလမ်းမပေါ်ရှိ အမွေအနှစ်နေရာများဖြစ်သော Beihai ၊ Hepu နှင့် Hai Si Shou Gang တို့ရှိ ယဉ်ကျေးမှုအမွေအနှစ်များကို လေ့လာခဲ့ပြီး Hi Si Shou Gang တွင် ရိုးရာယဉ်ကျေးမှု အကအလှတို့ဖြင့် ဖျော်ဖြေသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ ရေကြောင်းပိုးလမ်းမကြီး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးညီလာခံသို့ တရုတ် ပြည်သူ့သမ္မတနိုင်ငံဘက်မှ National Cultural Heritage Administration of China နှင့် ကွမ်ရှီးဒေသအစိုးရတို့မှ ဝန်ကြီးနှင့် ဒုတိယဝန်ကြီးအဆင့် အကြီးအကဲများ၊ အဆင့်မြင့်အရာရှိများ၊  အာဆီယံနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် သီရိလင်္ကာနိုင်ငံတို့မှ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိများနှင့်အတူ မြန်မာနိုင်ငံကိုယ်စားပြု အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.