“နိုင်ငံတော်မူ မဟာဂီတကျမ်း” စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၆ ရက်၊ နံနက် ၉:၃၀ နာရီက အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်၊ အစည်းအဝေးခန်းမ၌ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါ်နုမြဇံ၊ မဟာဂီတသီချင်းကြီးများ စိစစ်ရေးနှင့် ဂီတသင်္ကေတမှတ်တမ်းပြုစုရေးကော်မတီ ဥက္ကဋ္ဌ အလင်္ကာကျော်စွာဦးမောင်မောင်လတ်(နောင်)၊ ဒုတိယဥက္ကဋ္ဌ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ကော်မတီဝင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ပထမဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် မဟာဂီတသီချင်းကြီးများစိစစ်ရေးနှင့် ဂီတသင်္ကေတမှတ်တမ်းပြုစုရေးကော်မတီ ဥက္ကဋ္ဌက “နိုင်ငံတော်မူမဟာဂီတကျမ်း” နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒုတိယဥက္ကဋ္ဌ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်က “နိုင်ငံတော်မူ မဟာဂီတကျမ်း” ဖြစ်မြောက်ရေးအတွက်ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက မဟာဂီတ သီချင်းကြီးများစိစစ်ရေးနှင့် ဂီတသင်္ကေတမှတ်တမ်းပြုစုရေးကော်မတီဝင်များအား စာအုပ်များ ပေးအပ်သည်။ ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်က မြန်မာနိုင်ငံဂီတအစည်းအရုံး၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက်(ရန်ကုန်)၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၊ အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ်(မန္တလေး)နှင့် အနုပညာအထက်တန်းကျောင်း (ရန်ကုန်)တို့မှ တာဝန်ရှိ သူများအား စာအုပ်များပေးအပ်သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် မဟာဂီတသီချင်း ကြီးများ စိစစ်ရေးနှင့် ဂီတသင်္ကေတမှတ်တမ်းပြုစုရေးကော်မတီဝင်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
မဟာဂီတသီချင်းကြီးများ စိစစ်ရေးနှင့် ဂီတသင်္ကေတမှတ်တမ်းပြုစုရေးကော်မတီမှ တည်းဖြတ်၍ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ထုတ်ဝေသော “နိုင်ငံတော်မူ မဟာဂီတကျမ်း”ကို တစ်အုပ်လျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ အမျိုးသားပြတိုက်(ရန်ကုန်)၊ အမျိုးသားပြတိုက်(နေပြည်တော်)၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)နှင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရှိရသည်။