သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာသင်တန်း အမှတ်စဉ်(၂၀)မှ သင်တန်းသူများ၏ လက်တွေ့ပြတိုက်ခင်းကျင်းမှု စာမေးပွဲအား ကြည့်ရှု စစ်ဆေး

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးနှင့် အဖွဲ့ဝင်များနှင့်အတူ နိုဝင်ဘာလ (၁) ရက်နေ့ မနက်(၁၀:၀၀)နာရီ တွင် ဒဂုံမြို့နယ် သံတမန်လမ်းရှိ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းသို့ ရောက်ရှိရာ ဘွဲ့လွန်ပြတိုက်ပညာ ဒီပလိုမာသင်တန်း သင်တန်းမှူး နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာသင်တန်း အမှတ်စဉ်(၂၀) သင်တန်းသူ များ လက်တွေ့ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ ဘွဲ့လွန်ပြတိုက်ပညာ ဒီပလိုမာသင်တန်း အမှတ်စဉ်(၂၀)မှ ခင်းကျင်းရေးအဖွဲ့(၁) ခေါင်းဆောင် ဒေါက်တာခင်သီတာညွန့်နှင့်အဖွဲ့ဝင်များ၊ အဖွဲ့(၂) ခေါင်းဆောင် နမ့်အေးမြကျင်နှင့် အဖွဲ့ဝင်များက ပြခန်းအလိုက် ခင်းကျင်း ပြသထားမှုများကို လိုက်လံရှင်းလင်း ပြသကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ညွှန်ကြားပါသည်။

ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာသင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များဖြစ်သည့်

  • မြန်မာနိုင်ငံရှိ ပြတိုက်ပညာရပ်ဆိုင်ရာ နည်းပညာများကို စိတ်ပါဝင်စားသည့် မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းပို့ချပေးရန်
  • မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျ စုဆောင်းခြင်း၊ ထိန်းသိမ်း ခြင်း၊ ခင်းကျင်း ပြသခြင်း၊ ပြတိုက်ပညာရပ်ဆိုင်ရာ ဈေးကွက်သုတေသနပြုခြင်း၊ ပညာပေးခြင်း စသည့် ပြတိုက်ပညာရပ်ဆိုင်ရာ နည်းပညာများကို စနစ်တကျ နားလည် တတ်မြောက်လာခြင်းဖြင့် ပြတိုက်များတွင် လက်တွေ့ အသုံးချနိုင်ရန်
  • ပြတိုက်ပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီဂရီ၊ သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ် နိုင်ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်နိုင်ရန်
  • ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာဘွဲ့ရရှိသူများထဲမှ ထူးချွန်ပြီး သင်ကြားရေးတွင် စိတ်ပါဝင်စားသူများအား ပြတိုက်ပညာရပ်ဆိုင်ရာ နည်းပြများအဖြစ် မွေးထုတ်ရန်
  • မြန်မာနိုင်ငံတွင် နောင်အနာဂတ်အတွက် ပြတိုက်ပညာရပ်ဆိုင်ရာ ပညာရှင် များ ပေါ်ထွက်လာခြင်းဖြင့် ပြတိုက်နယ်ပယ်တွင် ပညာရှင်မျိုးဆက် မပြတ်စေရန်စသည့် ရည်ရွယ်ချက်များနှင့်အညီ ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဘွဲ့အပ်နှင်းသည့် ဘွဲ့လွန်ပြတိုက် ပညာဒီပလိုမာ တစ်နှစ်သင်တန်းကို အမျိုးသားပြတိုက်(ရန်ကုန်)တွင် ၂၀၀၂-၂၀၀၃ ပညာသင်နှစ် နိုဝင်ဘာလ(၂၆)ရက်နေ့မှ စတင်၍ အမှတ်စဉ်(၁)ကို ဖွင့်လှစ် ခဲ့ရာ ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာ  ရရှိပြီးသူ ဦးရေ(၃၂၇)ဦးနှင့် ယခု အမှတ်စဉ်(၂၀) တက်ရောက်ဆဲ (၁၆)ဦး၊ စုစုပေါင်း(၃၄၃)ဦး ရှိပြီဖြစ်ပါသည်။ ပြတိုက်ပညာရပ်များကို လေ့လာလိုသည့် မည့်သည့်ဘွဲ့ရရှိသူမဆို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာသင်တန်း အမှတ်စဉ် (၂၁)ကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင်  ဖွင့်လှစ်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.