အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာန ဖွင့်လှစ်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာန ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၇ ရက် မနက် ၉ နာရီခွဲတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) စွယ်တော်ဆောင်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ဌာနမှူးများ၊ ရန်ကုန်တက္ကသိုလ် နှင့် ဒဂုံတက္ကသိုလ်တို့မှ ပါမောက္ခ ဌာနမှူးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဖိတ်ကြားထားသူများ၊ ရှေးဟောင်းသုတေသန ပညာရှင်များ တက်ရောက်ကြပါသည်။

          ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဦးလွင်နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)  ပါမောက္ခချုပ် ဒေါက်တာကေသီထွေးတို့က ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာနကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါသည်။ ထို့နောက် ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာနနှင့် စာသင်ခန်း တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးကြပါသည်။ ထို့နောက် အခမ်းအနားဒုတိယပိုင်း အစီအစဉ်ကို အစည်းအဝေးခန်းမတွင် ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းက နှုတ်ခွန်းဆက်စကား ပြောကြားပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာဌာန ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ပညာဌာနဖွင့်လှစ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပါသည်။

          ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးနှင့် တက်ရောက်လာကြ သူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။

          အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ် အထူးပြုဘာသာရပ်များကို  သင်ကြားပို့ချပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဖွင့်လှစ်မည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်  ယဉ်ကျေးမှု အမွေအနှစ်စီမံခန့်ခွဲမှုပညာအထူးပြုဘာသာရပ်ကို  စတင်ဖွင့်လှစ်သင်ကြားပို့ချမှာဖြစ်ပြီး တက္ကသိုလ် ဝင်တန်းအောင်ပြီးသူ မည်သူမဆိုတက်ရောက်နိုင်ကြောင်းနှင့် ဝိဇ္ဇာဘွဲ့(ယဉ်ကျေးမှုအမွေနှစ် စီမံခန့်ခွဲမှု)ကိုလည်း ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.