သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် (၉)ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာယဉ်ကျေးမှုဖိုရမ်သို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိရန်ကုန်နိုဝင်ဘာ ၂၀

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ် မြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် “(၉) ကြိမ် မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာယဉ်ကျေးမှုဖိုရမ်”သို့ တက်ရောက်ပြီး နိုဝင်ဘာလ(၂၀) ရက်နေ့ ညပိုင်း (၂၁:၅၀) နာရီတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

          အဆိုပါဖိုရမ်သို့ BRICS Institute၊ Shanghai Cooperation Organization ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် နိုင်ငံပေါင်း (၇၀)ကျော်မှ ယဉ်ကျေးမှုကဏ္ဍ ဆိုင်ရာ ထင်ပေါ်ကျော်ကြားပညာရှင်များ ပါဝင်တက်ရောက်ကြပြီး ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာ ကဏ္ဍများကို ခေါင်းစဉ် (၈)ခု ခွဲ၍ သတ်မှတ်ထားသည့် ခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့ကြ ပါသည်။

          မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ (၁၆) ရက်နေ့တွင် ဖိုရမ်သတ်မှတ်ခေါင်းစဉ် တစ်ခု ဖြစ်သည့် Learning History through Culture၊ Historical Memory and Artistic World၊ Historical Heritage as a Formative Environment ကဏ္ဍများသို့ တက်ရောက်ခဲ့ ပါသည်။

          နိုဝင်ဘာလ (၁၇) ရက်နေ့တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဖိတ်ကြားထားသည့် နိုင်ငံ (၄၁) နိုင်ငံမှ နိုင်ငံကိုယ်စားပြု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီး H.E. Ms. Olga Lyubimova နှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီး H.E. Ms. Olga Lyubimova က မိန့်ခွန်းပြောကြားရာ၌ ယခုတွေ့ဆုံမှုသည် မိမိတို့၏ ယဉ်ကျေးမှုဆိုင်ရာ အချုပ်အခြာကျမှုကို ဖော်ပြမည့် အကောင်းဆုံးနည်းလမ်းပင် ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုသည် လူမှုဖွဲ့စည်းပုံနှင့် တန်ဖိုးများ၏ သမိုင်းဆိုင်ရာ အတွေ့အကြုံ များကို ထင်ဟပ်စေမည့် လူမှုအဖွဲ့အစည်း၏ ကြေးမုံတစ်ချပ် ဖြစ်ပါကြောင်း၊ အထူးသဖြင့် ရိုးရာယဉ်ကျေးမှုသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းကို တည်ဆောက်ရန်အတွက် အခြေခံအုတ်မြစ် ဖြစ်ပါကြောင်း၊ မိမိတို့၏ မတူကွဲပြားသည့် ယဉ်ကျေးမှုကို အပြန်အလှန်နားလည်လက်ခံ တန်ဖိုး ထားခြင်းနှင့် ယဉ်ကျေးမှုစရိုက်လက္ခဏာများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းသည် မိမိတို့ မျိုးဆက်သစ်များအတွက် အထူးသဖြင့် လူမှုအဖွဲ့အစည်းတစ်ခုလုံးအတွက် အကျိုးရှိစေမည့် အကြောင်းအရာများ ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုဆိုင်ရာ အချုပ်အခြာကျမှု၊ ပိုင်ဆိုင်မှုသည် မိမိ နိုင်ငံ ဂုဏ်ဒြပ်တစ်ခုပင် ဖြစ်ပါကြောင်း၊ ယနေ့တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် အဆွေတော် မိတ်ဆွေနိုင်ငံများအနေဖြင့် အနာဂတ်ကာလများ၌ ယဉ်ကျေးမှုဆိုင်ရာ သံခင်းတမန်ခင်း လုပ်ငန်းများက ယနေ့ဖြစ်ပေါ်လျက်ရှိသော လက်ရှိအခြေအနေများ၊ အရေးကိစ္စများကို အဖြေ ရှာရန် အထောက်အကူဖြစ်မှာ ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုဆိုင်ရာ ပညာရှင်များက မိမိတို့၏ ယဉ်ကျေးမှုများ ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရန် တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက်တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သည့် မြန်မာယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ယခုလို စိန်ခေါ်မှုများ ရှိနေသည့်ကာလ၌ ဤဖိုရမ်ကို ကျင်းပခြင်းသည် ဒေသတွင်း ယဉ်ကျေးမှုပူးပေါင်း ဆောင်ရွက်မှု၏ အရေးပါတန်ဖိုးရှိမှုကို နှိုးဆော်လိုက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ သဘောတူလက်ခံထားသကဲ့သို့ ကမ္ဘာပေါ်ရှိနိုင်ငံများ အားလုံးအကြား ယဉ်ကျေးမှုဆိုင်ရာ သဘောတရားများနှင့် အပြန်အလှန်နားလည် သဘောပေါက်မှုတို့ တိုးတက်စေရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများကို အလေးထားဆွေးနွေးသွားကြမှာ ဖြစ်ပါကြောင်း၊ ဖိုရမ်၌ ထုတ်ပြန်ကြေညာမည့် (၉)ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာယဉ်ကျေးမှုဖိုရမ်၏ ကြေညာချက်ပါ အခြေခံသဘောတရားများနှင့်အညီ ကမ္ဘာပေါ်ရှိ နိုင်ငံများအကြား အထူးသဖြင့် အာရှ၊ လက်တင်အမေရိကနှင့် အာဖရိကနိုင်ငံများအကြားမတူ ကွဲပြားသည့် ယဉ်ကျေးမှုများနှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အသိပညာများကို ပြန့်ပွား အောင် ရပ်တည်ဆောင်ရွက်ပေးမည့် အရေးကြီးသည့်ဖိုရမ် တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတိုင်း၌ ရှည်လျားပြီး ထင်ရှားသည့့်် သမိုင်းကြောင်းများနှင့် မတူကွဲပြားသည့် အားလုံးပါဝင်သော ကိုယ်ပိုင်ယဉ်ကျေးမှုများ ပိုင်ဆိုင်ကြပါကြောင်း၊ ခရီးသွားလာမှုများ၊ ကုန်သွယ်မှုများ၊ အပြန်အလှန်ကူးလူး ဆက်ဆံ ပူးပေါင်းဆောင်ရွက်မှုများသည် နှစ်ပေါင်း ထောင်ချီကျော်ကာလ များကတည်းက ရှိခဲ့ကြပြီး ယနေ့ထိတိုင်လည်း ဆောင်ရွက်နေကြဆဲဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများ များများ ပြုလုပ်ပါက မတူကွဲပြားသည့် ယဉ်ကျေးမှုများကို ပိုမိုနားလည် သဘောပေါက်လာမှာ ဖြစ်ပါ ကြောင်း၊ နားလည်မှုနှင့် နက်ရှိုင်းသည့် ဆက်ဆံရေးကို ပိုမို တည်ဆောက်နိုင်မှာ ဖြစ်ပါကြောင်း၊ ကမ္ဘာတစ်လွှားက အာရှကို အာရုံစူးစိုက်မှု မြင့်တက်လာပါကြောင်း၊ အာရှတိုက်သားများ၏ ကြံ့ကြံ့ခံနိုင်မှုနှင့် လုပ်ရည်ကိုင်ရည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပညာရည်မြင့်မားလာခြင်းများက အရင်းခံအကြောင်းတရားများ ဖြစ်ပါကြောင်း၊ ယခုအချိန် ကာလသည် နိုင်ငံတကာနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ တိုးတက်မှု ရှိနေသည့် ကာလသစ်ဖြစ်သည့်အတွက်ကြောင့် လက်ရှိရင်ဆိုင်နေရသည့် အဓိက စိန်ခေါ်မှု များကို အောင်မြင်ကျော်လွှားနိုင်စေရေး အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာ စေရန် စုပေါင်းစွမ်းအားကို အသင့်ပြင်ဆင်ထားဖို့ အချိန်ကောင်းဖြစ်ပါကြောင်း၊ ယနေ့ဖိုရမ်သည် ယဉ်ကျေးမှုနှင့် အနုပညာကဏ္ဍအတွက် မူဝါဒရေးဆွဲခြင်း၊ ရေးဆွဲပြီးသည့် မူဝါဒများကို အကောင်အထည်ဖော်ခြင်းတို့နှင့်စပ်လျဉ်းပြီး အတွေးအခေါ်၊ အယူအဆများ၊ အတွေ့အကြုံများ ဖလှယ်မြှင့်တင်ဆောင်ရွက်ရန်အတွက် အဓိကကြိုးပမ်းဆောင်ရွက်မှုတစ်ခု ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ ဗလာဒီမာပူတင်က နိုင်ငံတကာယဉ်ကျေးမှုဖိုရမ်သို့ တက်ရောက်လာသည့် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ထင်ပေါ်ကျော်ကြားသည့် ပုဂ္ဂိုလ်များ၊ အနုပညာရှင်များနှင့် တွေ့ဆုံသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ 

အဆိုပါအခမ်းအနား၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတဗလာဒီမာပူတင်က မိန့်ခွန်း ပြောကြားရာ၌ ယနေ့ဖိုရမ်သည် ရုရှားနိုင်ငံနှင့် မိတ်ဆွေနိုင်ငံများ၏ အပြန်အလှန် တိုးတက်မှုကို ဖြစ်စေသည့် နမူနာပြယုဂ်တစ်ခုပင်ဖြစ်ပါကြောင်း၊ စိန့်ပီတာစဘတ်မြို့သည် ထူးခြား ထင်ရှားသည့် ဗိသုကာလက်ရာများဖြင့် ဖန်တီးထားသည့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် နေရာတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံ၏ယဉ်ကျေးမှု တစ်ခုဖြစ်သည့် ရုရှားဘာသာစကားနှင့် ရိုးရာများကို ထိန်းသိမ်းထားရှိရာ တစ်မူထူးခြားသော ယဉ်ကျေးမှုများ မပျောက်မပျက် ထိန်းသိမ်းထားရှိသည့် နေရာဖြစ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းမှုများ ဆက်လက်တည်တံ့ ခိုင်မြဲနေစေရန်၊ တိုးတက်စေရန်အတွက် မတူကွဲပြားသည့် ယဉ်ကျေးမှုများ အပြန်အလှန် အကျိုးပြုမှုသည် ကောင်းကျိုးချမ်းသာမှုပင် ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာတလွှားတွင် ဖြစ်ပေါ်လျက်ရှိသည့် အားပြိုင်မှုများတွင် ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးထား လက်ခံမှုများ၊ ဓလေ့ထုံးတမ်းများ၊ ဘာသာရေးဆိုင်ရာ တန်ဖိုးထားမှုများကို  လစ်လျူရှုမြင်မှုများက အဓိက အရင်းခံ အကြောင်းတရားများပင် ဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသော ယဉ်ကျေးမှုဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှုနှင့် ခံစားခွင့်ကို မပေးခြင်းသည် ယဉ်ကျေးမှုဆိုင်ရာ နယ်ချဲ့ ရေးဝါဒဖြစ်ပြီး ပဋိပက္ခများကို တိုးပွားစေမည်ဖြစ်ပါကြောင်း၊

ယနေ့ဖိုရမ်သည် အဆိုပါကိစ္စရပ်များအတွက် ဆွေးနွေးညှိနှိုင်းကြမည့် အစိတ်အပိုင်းတစ်ခု ဖြစ်ပါကြောင်း၊ သင့်မြတ်၍ ရေရှည်တည်တံ့ခိုင်မြဲပြီး လုံခြုံမှုရှိသည့် ကမ္ဘာကို ဖန်တီး တည်ထောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ နည်းပညာများ တိုးတက်လာမှု၏ ကျင့်ဝတ် စည်းကမ်းများသည် ယဉ်ကျေးမှုပင်ဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံနှင့် ပြည်သူများသည် ကမ္ဘာ့ အမွေအနှစ်နှင့် ရိုးရာတန်ဖိုးများထိန်းသိမ်းခြင်းအတွက် တာဝန်ရှိမှုကို အလေးအနက်ထား အသိအမှတ်ပြုပါကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် နိုင်ငံတော်အဆင့်၌ ယဉ်ကျေးမှုကဏ္ဍကို အထူး အလေးထားလျက်ရှိပါကြောင်း၊ ယဉ်ကျေးမှုကဏ္ဍ၌ ငွေကြေးအမြောက်အများကို သုံးစွဲလျက် ရှိပါကြောင်း၊ ယဉ်ကျေးမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ သည် အရေးပါသည့် အခန်းကဏ္ဍ၌ပါဝင်လျက်ရှိပါကြောင်း၊

ရုရှားနိုင်ငံအနေဖြင့် ငြိမ်းချမ်းမှု၊ ခင်မင်ရင်းနှီးမှုနှင့် အပြန်အလှန်လေးစားမှု၊ မတူကွဲပြား သည့် ယဉ်ကျေးမှုများကို မျှဝေရိုင်းပင်းဆောင်ရွက်မည့်သူများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက် သွားရန် သန္နိဋ္ဌာန်ချထားပြီးဖြစ်ပါကြောင်း၊ လူသားများ၏ အောင်မြင်တိုးတက်မှုသည် နိုင်ငံသား အားလုံးအတွက် မတူကွဲပြားမှုများ၏ တူညီသောအခွင့်အရေးနှင့် အခွင့်အလမ်းများဆိုင်ရာပေါ် တွင် မူတည်လျက်ရှိပါကြောင်း၊

ယနေ့ဖိုရမ်သည်လည်း အဆိုပါရည်ရွယ်ချက်များကို အောင်မြင်စေရန် ပုံဖော်ဆွေးနွေး၊ အမြင်ချင်းဖလှယ်သွားကြမှာဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် လူသားချင်း စာနာ ထောက်ထားမှု ကဏ္ဍနယ်ပယ်၌ (အရေးကြီးသည့်) ဆုံးဖြတ်ချက်များ ချမှတ်ပေးရာ နေရာတစ်ခု အနေဖြင့်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ ပညာရှင်များနှင့် ကိုယ်စားလှယ်များ ၏ဆွေးနွေးမေးမြန်းချက်များကို ရင်းနှီးခင်မင်စွာ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

နိုဝင်ဘာလ (၁၈) ရက်နေ့တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စိန့်ပီတာစဘတ်မြို့ State Heritage Museum ၌ ကျင်းပသည့် The Heritage Award Ceremony သို့တက်ရောက်ခဲ့ပြီး State Heritage Museum အတွင်း လှည့်လည် ကြည့်ရှုခဲ့ကြပါသည်။ ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နှစ်ပေါင်း ၁၄၀ သက်တမ်းရှိ Mikhailovsky Theatre ဇာတ်ရုံ၌ ဖိုရမ်အား ဂုဏ်ပြုတင်ဆက်သည့် Opera and Ballet Stars Gala ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်ကိုယ်စား ဂုဏ်ပြုတည်ခင်းသည့် ညစာစားပွဲ၊ State Academy Mariinsky Theatre ပြဇာတ်ရုံ၌ တင်ဆက်သည့် Concert နှင့် Capella ပြဇာတ်ရုံ၌ တင်ဆက်သည့် ရုရှားသံစုံတီးဝိုင်း ဖျော်ဖြေတင်ဆက်မှုများကို နိုင်ငံတကာ ယဉ်ကျေးမှုဖိုရမ်သို့ တက်ရောက်လာသည့်  နိုင်ငံများမှ  ဝန်ကြီးများ၊ ပညာရှင်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.