သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)ဒုတိယဝန်ကြီး ဒေါ်နုမြဇံ မန္တလေးတိုင်းဒေသကြီး၊ အင်းဝဒေသရှိ ရှေးဟောင်းဘုရားများကို ကြည့်ရှုစစ်ဆေးခြင်းနှင့် ပြတိုက်များခင်းကျင်းထားရှိမှုများအပေါ် လမ်းညွှန်မှာကြားခြင်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည်  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်လိုက်ပါလျက် မန္တလေးဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူး တာဝန်ရှိသူများနှင့် အတူ  ၇-၁၂-၂၀၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ အင်းဝယဉ်ကျေးမှုဇုန် အတွင်းရှိသော ထီးလှိုင်ရှင်ဘုရား၊ ရတနာထီးအုပ်ဘုရား၊ စွယ်တော်စင်၊ ရွှေမုဌောဘုရား၊ ဂူတော်သစ်ဘုရား၊ မြို့တွင်းဂူဖြူဘုရား၊ ရွှေရင်းရဲဘုရား၊ ရွှေအုန်းပေါက်ဘုရား၊ ရွှေစည်းခုံဘုရား၊ မြသိန်းတန်ဘုရားနှင့် ရွှေတန်ဆာဘုရားတို့အား ခြုံနွယ်ပိတ်ပေါင်းရှင်းလင်းရေးနှင့် သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ မိမိဝန်ထမ်းအင်အားနှင့် ဆောင်ရွက်ရန် ခက်ခဲသည့် မြင့်မား၍အန္တရာယ်ရှိသော ရှေးဟောင်းဘုရားများအား ခြုံနွယ်ပိတ်ပေါင်းများ၊ ညောင်ပင်များရှင်းလင်းရာတွင် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများ၏ စီမံ ခန့်ခွဲမှုနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်နှင့်အရေးကြီးပြုပြင်ထိန်းသိမ်းရန်လိုအပ်သော ရှေးဟောင်း ဘုရားများအား အမြန်ဆုံးပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တွက်ချက် တင်ပြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးမှ အင်းဝရှေးဟောင်းသုတေသနပြတိုက်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး  ပြတိုက်မှူးများအနေဖြင့် အများပြည်သူနှင့် ကျောင်းသူ၊ ကျောင်းသားများ အား ယဉ်ကျေးမှုအမွေအနှစ်များချစ်မြတ်နိုးစေရန်၊ ထိန်းသိမ်းစောင့်ရှောက်လိုစိတ်ဖြစ်ပေါ်စေရန် ပညာပေးပုံနည်းမျိုးစုံဖြင့် တီထွင်ဖန်တီးတတ်ရန်မှာကြားပြီး လိုအပ်သည်များ လမ်းညွှန် ပြောကြားခဲ့ပါသည်။ 

 ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ  ၈-၁၂-၂၀၂၃ ရက်နေ့တွင် ဗန်းမော်ကျောင်းတိုက်သို့ရောက်ရှိပြီး ဗန်းမော်ဆရာတော်ကြီး မူလသီတင်းသုံး ခဲ့ရာ ရတနာဃရကျောင်းဆောင်တော်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်များအား လှူဖွယ် ပစ္စည်းများဆက်ကပ်ကာ ဗန်းမော်ဆရာတော်ဘုရားကြီးအထိမ်းအမှတ်ပြတိုက် ခင်းကျင်းမှုအတွက် ဆရာတော်ကြီး၏ အသုံးအဆောင်ပစ္စည်းများဆိုင်ရာ ကိစ္စရပ်များကို လျှောက်ထားခဲ့ပါသည်။ ထို့နောက် ပြတိုက်အဖြစ်ပြုလုပ်မည့် ဝိဇ္ဇာစရဏကျောင်းဆောင်တော်သို့ သွားရောက်လျက် အဆောက်အဦအား ပြတိုက်အဖြစ် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ဗန်းမော်ဆရာတော် ဘုရားကြီး၏အထိမ်းအမှတ်ပြတိုက်တွင် ခင်ကျင်းပြသမည့် ဆင်းတုတော်များပြကွက်၊ ဆရာတော် ဘုရားကြီး၏ရုပ်ထုပြကွက်၊ ဓာတ်တော်မွေတော်များပြကွက်၊ ဘွဲ့ထူးဂုဏ်ထူးဆုတံဆိပ်တော်များ ပြကွက်၊ ဆရာတော်ဘုရားကြီးရေးသားပြုစုခဲ့သော စာအုပ်နှင့်အဆိုအမိန့်များပြကွက်၊ ပြည်ပမှ လှူဒါန်းထားသော အသုံးအဆောင်ပစ္စည်းများပြကွက် စသည့်ပြကွက်များအလိုက် ခင်းကျင်း ပြသရန် စီစဉ်ဆောင်ရွက်နေမှုများအား အသေးစိတ်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။