သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က  ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းသာသနိကအဆောက်အအုံများပြုပြင်ထိန်းသိမ်းထားမှုအခြေအနေအားလှည့်လည်စစ်ဆေး

၁၀..၂၀၂၄ ပုဂံမြို့

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန် နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ သာသနာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါလျက် (၁၀.၁.၂၀၂၄) ရက်နေ့တွင် သာသနာရေးဆိုင်ရာကိစ္စများ ဆောင်ရွက်ရန်နှင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်း အဆောက်အအုံများ၊ ရှေးဟောင်းရေကန်များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

           ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် ညောင်ဦးမြို့ အလိုတော်ပြည့်ကျောင်း တိုက်၊ အောင်မြေဗောဓိဓမ္မာရုံ၌ နိုင်ငံတော်ဩဝါဒါစရိယ၊ မြစ်ကြည့်တိုက် ဆရာတော် ဘဒ္ဒန္တဣန္နဝံသ၊ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် လောကနန္ဒာစာသင်တိုက်ဆရာတော်၊  အောင်မြေဗောဓိအလိုတော် ပြည့်ကျောင်းတိုက်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌနှင့် မြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်များ ကို ဖူးမြော်ကြည်ညိုပြီး နိုင်ငံတော်ဩဝါဒါစရိယ မြစ်ကြည့်တိုက် ဆရာတော်ကြီးထံမှ ဩဝါဒခံယူကာ ပြည်ထောင်စုဝန်ကြီးက ဆရာတော်ကြီးများထံ သာသနာရေး ဆိုင်ရာများကို လျှောက်ထားပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့နှင့် အဖွဲ့က ဆရာတော်အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထု နဝကမ္မအလှူငွေများ၊ ဥပ္ပါတသန္တိကျမ်းစာအုပ်များ၊ ဂီရိမာနန္ဒကျမ်းစာအုပ်များကို ဆက်ကပ်လှူဒါန်းပြီး မဟာဝိသုကာရာမတိုက်သစ် ဆရာတော်ဘဒ္ဒန္တပညာသီရိထံမှ ရေစက်ချတရား နာယူကြည်ညိုခဲ့ကြပါသည်။

           ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် နေပြည်တော် ဥပ္ပါဒသန္တိစေတီတော်တွင် အနေကဇာတင် ပူဇော်ပြီးသော ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွား ဆင်းတုတော် (၁၀၀၈)ဆူတို့အား ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပုဂံညောင်ဦးမြို့နယ်ရှိ အများပြည်သူများ ကိုးကွယ်ပူဇော်နိုင်ရန် ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းနှင့် မြို့မိ၊ မြို့ဖများထံ လှူဒါန်းခဲ့ပါသည်။

           ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပိဋကတ်(၃)ပုံ ပါဠိတော်အုပ်ရေ (၄၀)အုပ်၊ အဋ္ဌကထာ(၅၁)အုပ်၊ ဋီကာ(၂၆)အုပ်ရှိသည့်အနက် ပိဋကတ်(၃)ပုံ ပါဠိတော်၏ အဖွင့်ကျမ်း ဖြစ်သော အဋ္ဌကထာ (၅၁)အုပ် ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသောအလှူငွေ ကျပ်သိန်းသုံးထောင်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် က လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံခဲ့ပါသည်။

           ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည့် ညောင်ဦးမြို့နယ် ဇေယျဝတီ ပရိယတ္တိ စာသင်တိုက်၌ (၉.၁.၂၀၂၄)ရက်နေ့မှစ၍ အသံမစဲ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော် နေမှုကို သွားရောက်ကြည်ညို နာယူခဲ့ပြီး ဇေယျဝတီစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ အရိယ အား ဖူးမြော်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ အလားတူ မန္တလေးတိုင်း‌ဒေသကြီး တစ်တိုင်းလုံး (၂၈) မြို့နယ်တွင်လည်း အသံမစဲ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်းကို (၉.၁. ၂၀၂၄) ရက်နေ့မှစ၍  (၂၇) ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်လျက်ရှိပါသည်။

           ထို့နောက် ညောင်ဦးမြို့၊ ဘက်စုံသုံးမြို့နယ်ခန်းမ အဆောက်အဦအသစ်တည်ဆောက်ရန်  ရွေးချယ် အဆိုပြုထားသော အဆောက်အဦ မြေနေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၇) ဒုတိယညွှန်ကြားရေးမှူးက လျာထားနေရာပုံစံများနှင့်တကွ ရှင်းလင်းတင်ပြပါသည်။

           ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဝန်ထမ်းများနှင့် Archaeological Survey of INDIA (ASI) အဖွဲ့တို့ ပူးပေါင်း၍ ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ခဲ့သည့်  သိကြားပုန်းဘုရား ပြုပြင်ထိန်းသိမ်းထားမှုအခြေအနေများကိုလည်းကောင်း၊  ထီးလိုမင်းလိုဘုရား မိုးကြိုးလွှဲတပ်ဆင်ခြင်းနှင့် ဘုရား ပရဝဏ်အတွင်းတွင် မူလအုတ်ကြမ်းခင်းများ စမ်းသပ်တူးဖော်မှုအခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေး၍ ပြည်ထောင်စုဝန်ကြီးက ရှေးဟောင်းအဆောက်အအုံများ ရေရှည်တည်တံ့စေရေး စနစ်တကျ ဆောင်ရွက်ရန်၊ မိုးကြိုးလွှဲများ တပ်ဆင်ခြင်းဖြင့် စေတီဘုရားများ ထိခိုက်မှုမရှိစေရေး စဉ်ဆက်မပြတ် စောင့်ကြည့် စစ်ဆေးသွားရန်  လမ်းညွှန်မှာကြားခဲ့ပါသည်။ ထီးလိုမင်းလိုဘုရားအပါအဝင် ပုဂံဒေသရှိ ဉာဏ်တော်မြင့်သော ဘုရား (၁၁) ဆူတွင် မိုးကြိုးလွှဲတပ်ဆင်ခြင်းကို အဆောက်အဦ ဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျန်ဘုရားများကိုလည်း ဆက်လက် တပ်ဆင်သွားမည်ဖြစ်ပါသည်။

           ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အာနန္ဒာဘုရားသို့ သွားရောက်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် အာနန္ဒာဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌတို့က တင်ပြကြရာ အာနန္ဒာဘုရားနှင့် ပတ်သက်သည့် လမ်းညွှန်ချက် (၈) ချက်အနက် (၄) ချက် ဆောင်ရွက် ပြီးစီးပြီး (၄) ချက်ကို ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ လမ်းညွှန်ချက်အရ ရွှေသင်္ကန်းကပ်လှူ ပြီးစီးခဲ့သော အရှေ့ဘက်မုခ်ရှိ ကောဏာဂုံဘုရား နှင့် အနောက်ဘက်မုခ်ရှိ ဂေါတမဘုရား (၂) ဆူအား ရွှေသင်္ကန်းကပ်လှူပြီးစီးမှုကို ကြည့်ရှုဖူးမြော် ကြည်ညိုခဲ့ပါသည်။

           ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေ့လယ်ပိုင်းတွင် ပုဂံရှေးဟောင်း သုတေသနပြတိုက် အစည်းအဝေးခန်းမ၌ ညောင်ဦးခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အလေးထား ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ပါသည်။

            ပြည်ထောင်စုဝန်ကြီးသည် ရေအရင်းအမြစ်စီမံခန့်ခွဲမှုစနစ် သုတေသနလုပ်ငန်းနှင့် ပုဂံကမ္ဘာ့ အမွေအနှစ်ဒေသတွင် ‌ရေကြီးရေလျှံခြင်းနှင့် ရှေးဟောင်းအဆောက်အအုံများ၏ တံတိုင်း အတွင်းနှင့် အနီးပတ်ဝန်းကျင်နေရာတို့တွင် ရေဝပ်မှုထပ်မံ မဖြစ်ပေါ်စေရေးတို့အတွက် ရှေးဟောင်းရေလမ်း ကြောင်းများ၊ရေကန်များအားပြန်လည်တူးဖော်ထိန်းသိမ်းခြင်းများဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်း ဒေသကြီးအစိုးအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် အလံပုဂံ၊ မရိုးကန်၊ ညောင်လက်ဖက်ကန်တို့ တူးဖော်ပြုပြင်ထိန်းသိမ်းမှုကို ကြည့်ရှုစစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခဲ့ပါသည်။

           ၎င်းနောက် ယခုတူးဖော်ပြီးစီးခဲ့သည့် ရှေးဟောင်းရေကန် (၃) ကန်သည် စုစုပေါင်း ရေဝင် ဧရိယာ(၄၅၈) ဧက‌ပေအား သိုလှောင်ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်။ ဆက်လက်၍လည်း ရှေးဟောင်း ရေကန် (၁၁) ကန်ကို တူးဖော်ပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ရာ နောင်မိုးသည်းထန်စွာ ရွာသွန်းခြင်း ကြောင့် စေတီပုထိုးဂူဘုရားများအား ရေကြီးရေလျှံဖြစ်ပေါ်မှုကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။

           ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ အား Area (၁၁) ပိုင်း သတ်မှတ်၍ ဘုရားများ ရင်ပြင်တော်မှ ပေ(၂၀)အကွာ ပတ်ဝန်းကျင်ပေါင်းမြက် ချုံနွယ်များ ရှင်းလင်းခြင်း၊ ဘုရားများ အပေါ် ပိုင်းတွင် ‌ပေါက်‌ရောက်နေသော ပေါင်းမြက်နှင့်ညောင်ပင်များအား ရှင်းလင်းဆောင်ရွက်ခြင်းနှင့် ဆင်းတုတော် ရှိသော လိုဏ်ဘုရားများ အတွင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ရောင်တော်ဖွင့်ခြင်း၊ လိုဏ်ပတ်လမ်းများတွင် ခိုချေးများ၊ ဖုန်မှုန့်များ၊ အမှိုက်များ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ဘုရားသွားလမ်း လမ်းဘေးဝဲယာ သန့်ရှင်းရေး ဆောင်ရွက်ထားမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်မှု ရှိစေရေး အမြဲသန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်၊ ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားရန်၊ သစ်ပင်ချုံနွယ်များ ထပ်မံပေါက်ရောက်မှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက် သွားရန်၊ ညောင်ပင်သတ်ခြင်းလုပ်ငန်းတွင်လည်း ဓာတုဆေးများ စနစ်တကျ အသုံးပြု၍ ဆောင်ရွက် သွားရန်၊ ဝန်ထမ်းများအသက်အန္တရာယ် မရှိစေရေးအတွက် လိုအပ်သည့်  Safety Equipment  များ အသုံးပြု ဆောင်ရွက်သွားရန်  လမ်းညွှန်မှာကြားခဲ့ပါသည်။

              သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ ဧရိယာ (၁၁) ပိုင်းခွဲ၍ ပေါင်းမြက်၊ ချုံနွယ်၊ ညောင်ပင်၊ ကန္တာရပင်များ ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ  Area I ရှိ စေတီ ပုထိုးဂူဘုရားပေါင်း (၂၅၅) ဆူ၊  Area A (၂၃၅) ဆူ၊ ဘုရားသွားလမ်းဘေးဝဲယာ (၄၂၈)၊  Area J (၂၈၉) ဆူ၊ Area C  (၃၅)၊ Area D  (၃၅)၊ Area E  (၂၃) ဆူ စုစုပေါင်း  စေတီပုထိုး ဂူဘုရားပေါင်း (၁၃၀၀) ဆူနှင့် အနီးပတ်ဝန်းကျင်တွင် ပေါက်ရောက် နေသော ချုံနွယ်၊ ညောင်ပင်၊ ပေါင်းပင်များ ရှင်းလင်းမှုကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနမှ ဝန်ထမ်းများသာမက ဆရာတော်၊ သံဃာတော်များ ဦးဆောင်သည့် အဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ ညောင်ဦးခရိုင်ဌာနဆိုင်ရာ ဝန်ထမ်းများ လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။  

           ဆက်လက်၍ ကျန်ရှိနေသေးသော ဘုရားပေါင်း (၂၅၃၇)  ဆူတွင် ပေါက်ရောက်နေသော ပေါင်းမြက်၊ ညောင်ပင်များ ရှင်းလင်းခြင်းကိုသာမက ပတ်ဝန်းကျင် ပေါင်းမြက်၊ ချုံနွယ်၊ ကန္တာရပင်များ ရှင်းလင်းခြင်းကို ဌာနဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများနှင့်ပါ ဆောင်ရွက် လျက် ရှိကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.