သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် မြန်မာ့ဆိုင်းဝိုင်းပညာရပ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြားနေပြည်တော်ဇန်နဝါရီ  ၂၂ ရက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနသည် မြန်မာတို့၏ လေးစား မြတ်နိုးဖွယ်ရာကောင်းသော အနုသုခုမပညာရပ်များကို ရှာဖွေခြင်း၊ ဖော်ထုတ်ခြင်း၊ ထိန်းသိမ်း မြှင့်တင်ခြင်းလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ မြန်မာ့ဆိုင်းဝိုင်းပညာရပ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ : ၀၀ နာရီ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ရင်ရင်နွယ်၊ မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ၊ အကြံပေးပုဂ္ဂိုလ်  ဦးကိုကို၊ ဦးစီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများနှင့် မြန်မာ့ဆိုင်းပညာကို နှစ်သက်မြတ်နိုးသော သုတေသီများတက်ရောက်ကြသည်။

          အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးတင်ဦးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ရာ၌ မြန်မာ့ဆိုင်းဝိုင်းသည် မြန်မာလူမျိုးများ၏ ဂီတပညာအဆင့်အတန်းနှင့် ယဉ်ကျေးမှုအဆင့်အတန်းကို ဂုဏ်သိက္ခာရှိရှိ ထင်ဟပ်ပြသနိုင် သော အနုပညာဖွဲ့စည်းမှုတစ်ရပ်ဖြစ်ပါကြောင်း၊   ဆိုင်းဝိုင်းတစ်ခုတွင် အခြေခံပါဝင်သော တူရိယာများအားလုံးသည်  မြန်မာတို့၏ ပင်ကိုယ်တူရိယာဖြစ်ရုံသာမက ကိုယ်ပိုင်တူရိယာများ ဖြစ်သည်ဟု ဆိုနိုင်ပါကြောင်း၊  ကမ္ဘာ့နိုင်ငံများတွင်ရှိသော  တူရိယာများကို လေ့လာကြည့်ပါက  လူမျိုးအသီးသီး၌ သားရေတူရိယာ အမြောက်အမြားရှိသော်လည်း  သားရေတူရိယာများကို  ဝိုင်းဖွဲ့တီးခတ်နိုင်သည့် တူရိယာအဖွဲ့အနေဖြင့် ထင်ထင်ရှားရှား မတွေ့ရသေးပါကြောင်း၊ မြန်မာ့ ဆိုင်းဝိုင်းသည်  သားရေကျက်ထားသော ပတ်လုံးလေးများကို စီစီရီရီချိတ်ဆွဲပြီး ရိုက်ခတ်တီးရုံ သာမက လိုအပ်သော တေးသွားများကိုပါ တီးခတ်နိုင်သည့် တူရိယာအဖြစ် အသုံးပြုနိုင်သည့် အတွက် အဆင့်မြင့်အနုပညာဖွဲ့စည်းမှုဟု ဆိုရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာ့ဆိုင်းဝိုင်း ကြီးမှာ ခေတ်အဆက်ဆက် တိုးတက်ထွန်းကားလာသည့် သားရေတူရိယာ၊ လေမှုတ်တူရိယာ၊ ရိုက်ခတ်ပြီးတီးရသော လက်ခုပ်တူရိယာ စသည်တို့ကို  ပေါင်းစပ်ဖွဲ့စည်းထားသည့် အနုပညာ ဖွဲ့စည်းမှုတို့ပါဝင်ပါကြောင်း၊ မြန်မာဘုရင်များလက်ထက်တော်ကစ၍ မြန်မာ့ဆိုင်းဝိုင်းကြီးကို ဥယျာဉ်တော်ထွက်ချိန်၊ စစ်ချီချိန်၊ အလှူမင်္ဂလာအခမ်းအနားများ ကျင်းပချိန်၊ ဘုန်းကြီးပျံ၊ ဘတော်ပျံ၊ မယ်တော်ပျံစသည့် သာရေးနာရေးကိစ္စများတွင်  ခေတ်အဆက်ဆက် အသုံးပြုခဲ့ ကြသည်ကို   စာပေအထောက်အထားများအရ သိရှိရပါကြောင်း။  ခေတ်အဆက်ဆက် တိုးတက် ထွန်းကားလာခဲ့သော မြန်မာ့ဆိုင်းဝိုင်းသည် ရတနာပုံခေတ် ရောက်သောအခါ ထီးသုံးနန်းသုံး၊ မင်းပွဲ စိုးပွဲများတွင် မပါမပြီးအဖြစ်  အသုံးပြုတော်ခံရပါကြောင်း၊  မျက်မှောက်ကာလတွင်   သိပ္ပံနှင့်နည်းပညာ တစ်ဟုန်ထိုး တိုးတက်ထွန်းကားမှုများအရ နည်းပညာအင်အားကြီးသည့်  နိုင်ငံများ၏  ယဉ်ကျေးမှုများသည်  နည်းပညာအားနည်းသည့် နိုင်ငံများ၏ ယဉ်ကျေးမှုများကို ထိုးဖောက်ဝင်ရောက်လျက်ရှိသည်ကိုတွေ့ရပါကြောင်း၊ ၎င်းတို့ကို   နိုင်ငံအသီးသီး၏ အနုပညာ ရပ်များ၌  သိသာထင်ရှားစွာ တွေ့မြင်ကြရမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုများ  မှေးမှိန်ပျောက်ကွယ်မှု မရှိစေရေးအတွက် နည်းလမ်း အသွယ်သွယ်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပါကြောင်း၊ မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာဖြင့် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်း၊ ကိုယ်ပိုင်ယဉ်ကျေးမှုတို့ဖြင့် ရပ်တည်ခဲ့၍ နယ်ချဲ့ လက်အောက်သို့ ကျရောက်ခဲ့ရချိန်တွင်လည်း ယဉ်ကျေးမှုကဏ္ဍကို မှေးမှိန်ပျောက်ကွယ် မသွားစေရန် ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ကြပါကြောင်း၊   ဆက်လက်၍လည်း တည်တံ့ခိုင်မြဲ စေရန်အတွက် တတ်သိပညာရှင်များက အနုပညာပိုင်းဆိုင်ရာနှင့် ပတ်သက်၍ မျိုးဆက်သစ် များသို့ မျှဝေပေးကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သော “မြန်မာ့ဆိုင်းဝိုင်းပညာရပ် ဆိုင်ရာဟောပြောဆွေးနွေးပွဲ”သည် မြန်မာ့ရိုးရာအနုပညာယဉ်ကျေးမှု အမွေအနှစ်တွေ၊ အမျိုးသားရေးစရိုက် လက္ခဏာတွေ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်‌ရှောက်ရေးအတွက် တစ်ဖက်တစ်လမ်းက ဝိုင်းဝန်းအကောင်အထည် ဖော်ဆောင်ရွက်ခြင်း ဖြစ်သည်ဟု  အသိ အမှတ်ပြုပြောကြားလိုပါကြောင်း၊ ဝေးမြေရပ်ခြားကနေပြီး မအားလပ်တဲ့ကြားက အချိန်ယူပြီး မြန်မာ့ဆိုင်းပညာရပ်ဆိုင်ရာဗဟုသုတများကို လာရောက်ဖြန့်ဝေ ဟောပြောပေးတဲ့ ဆိုင်းပညာရှင် ဦးဟိန်းတင့်ကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့ ယဉ်ကျေးမှု အနုပညာရပ်များ ရေရှည်တည်တံ့ တိုးတက်ထွန်းကား စေရေး အတွက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကို နှစ်စဉ်ကျင်းပပေးခဲ့သည်မှာ ယခုအခါ(၂၄) ကြိမ်တိုင်ကျင်းပပေး ခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်က ဦးဆောင်၍ ယဉ်ကျေးမှုအနုပညာရပ်များ တိုးတက် ဖွံ့ဖြိုးရေးအတွက် ပြိုင်ပွဲများကျင်းပပေးသကဲ့သို့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကဆိုင်ရာ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်း တစ်ယောက်ချင်းစီအနေဖြင့်လည်း  နိုင်ငံတော်က ချမှတ်ထားသည့်  ဦးတည်ချက်များကို ဝိုင်းဝန်း အကောင်အထည်ဖော်ဆောင်ရမည်မှာ နိုင်ငံသားတိုင်း၏ အမျိုးသားရေးတာဝန်တစ်ရပ်ပဲ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အနုပညာရှင်၊ အတတ်ပညာရှင်များအနေဖြင့် ယခုကဲ့သို့ ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုပြောကြားလိုပါကြောင်း အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။            ဆက်လက်၍ အနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ဟောပြော ဆွေးနွေးပွဲ ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ အစီအစဉ်အရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီးနောက်  ဆိုင်းပညာရှင် ဦးဟိန်းတင့်က မြန်မာ့ဆိုင်းပညာရပ်နှင့် ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့သည်။ထို့နောက်ဟောပြောပွဲအခမ်းအနားသို့ တက်ရောက် လာကြသူများ၏ ဆွေးနွေးမေးမြန်းခြင်းကို ဦးဟိန်းတင့်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး ဆိုင်းပညာရှင် ဦးဟိန်းတင့်အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်များပေးခဲ့၍ အခမ်းအနားကို :၃၀  နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်ဟု သတင်းရရှိသည်။

Be the first to comment

Leave a Reply

Your email address will not be published.