သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၏ (၇၂)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြား ရန်ကုန်မြို့၊ ဖေဖော်ဝါရီ ၁၈

မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၏ (၇၂)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ယနေ့နံနက် ၀၉၃၀ နာရီက ကျင်းပပြုလုပ်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဦးပညိန္ဒနှင့် အဖွဲ့ဝင် ပညာရှင်ကြီးများ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ကို ၁၉၅၀ ပြည့်နှစ် မှစတင်ပြီး ဖွဲ့စည်းခဲ့သည့်အတွက် နှစ်ပေါင်း ၇၄ နှစ်သက်တမ်းရှိသည့် အဖွဲ့အစည်းကြီးတစ်ရပ် လည်း ဖြစ်ပါကြောင်း၊   ဒီကနေ့ကျင်းပပြုလုပ်တဲ့ အစည်းအဝေးပွဲမှာ မူမှန်ပြက္ခဒိန် ရေးဆွဲရေး၊ မဟာသင်္ကြန်စာရေးသား ပြုစုရေးတို့ကိုလည်း ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက် သွားကြရမှာ ဖြစ်ကြောင်း၊ မြန်မာ-အင်္ဂလိပ်-ရခိုင် မူမှန်ပြက္ခဒိန်များရေးဆွဲရာမှာ ဝါကြီးထပ်၊ ဝါငယ်ထပ် စသည်ဖြင့် ဝါထပ်၊ ရက်ငင်ကိစ္စရပ်များကို အထူးအလေးထားပြီး ရေးဆွဲကြရမှာ ဖြစ်ကြောင်း၊ မြန်မာပြက္ခဒိန်သည် သာသနာ့ဝန်ကိုထမ်းဆောင်တော်မူကြသည့် ရဟန်း၊ သံဃာတော်များ အတွက် ဝိနည်းတော်နှင့်အညီ ဝါဆို၊ ဝါကပ်ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန်အရေးပါသော သတ်မှတ်ချက်တစ်ခုလည်းဖြစ်ပါကြောင်း၊ ယခုဆိုလျှင် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ကြီးသည် မူမှန်ပြက္ခဒိန်ရေးဆွဲရေး၊ မဟာသင်္ကြန်စာရေးသားပြုစုနိုင်ရေးတို့အတွက် မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းပညာဖြန့်ဝေရန် မြန်မာပြက္ခဒိန်ပညာဘွဲ့လွန်ဒီပလိုမာသင်တန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်းနှင့် မြန်မာ-အင်္ဂလိပ်-ရခိုင် မူမှန်ပြက္ခဒိန်ရေးဆွဲရေးနှင့် မဟာသင်္ကြန်စာရေးသား ပြုစုရေးတို့ကိုလည်း ပညာရှင်ကြီးများအနေဖြင့် နှစ်စဉ်ဆောင်ရွက်နေကြအတိုင်း ဝိုင်းဝန်း ကြိုးပမ်းပြုစုရေးဆွဲနိုင်ရန်အတွက်လည်း ပန်ကြားလိုပါကြောင်းဖြင့် ထည့်သွင်းလျှောက်ထား တင်ပြခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဦးပညိန္ဒက အဖွင့်အမှာစကား မိန့်ကြားတော်မူပါသည်။ ထို့နောက် အနုပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက (၇၂)ကြိမ်မြောက် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ မျက်နှာစုံညီ အစည်းအဝေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာပြက္ခဒိန်ဘွဲ့လွန်ဒီပလိုမာ သင်တန်းနှင့်စပ်လျဉ်း၍လည်းကောင်း  လျှောက်ထားရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ အဖွဲ့ဝင် ဆရာကြီးများက အထွေထွေကိစ္စရပ်များကို ဆွေးနွေး တင်ပြခြင်း၊ ဥက္ကဋ္ဌ ဆရာတော်က လိုအပ်သည်များကို ပြန်လည်မိန့်ကြားခြင်းများကို ဆောင်ရွက် ခဲ့ကြပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက နိဂုံးချုပ် အမှာစကားလျှောက်ထား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.