သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ နုမြဇံ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်)နှင့် ကမ္ဘာ့အမွေအနှစ်ဒေသ သရေခေတ္တရာမြို့ဟောင်း အတွင်းရှိ တူးဖော်ထိန်းသိမ်းရေး၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုတို့ကို လှည့်လည်စစ်ဆေး

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနုမြဇံသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် (၁၉.၂.၂၀၂၄)ရက်နေ့တွင် ပြည်မြို့ရှိ ရှေးဟောင်း သုတေသန နည်းပညာသင်တန်းကျောင်း(ပြည်)သို့ရောက်ရှိ၍ ကျောင်းသား/သူများ လေ့လာ သင်ကြားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ကျောင်းအုပ်ကြီး ဒေါက်တာမင်းဆွေမှ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်းဆိုင်ရာ တင်ပြချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။  ထို့နောက် သရေခေတ္တရာဌာနစုတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်းက သရေခေတ္တရာဌာနစု၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြ၍ ဒုတိယဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် သင်တန်းကျောင်းဝင်းအတွင်းရှိ ကျောင်းစာကြည့်တိုက်၊ Thermoluminescence Datingဓာတ်ခွဲခန်း၊ ဓာတုဗေဒနည်းဖြင့် ထိန်းသိမ်းရေးဓာတ်ခွဲခန်း၊ သင်ကြားမှု အထောက် အကူပြုပြခန်း၊ ကျောင်းဝင်းအတွင်းရှိ တူးဖော်မှုကုန်းအမှတ်(၆၅-ဘီ)နှင့် ကျောင်းဝင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားရာတွင်  သင်တန်းကျောင်း  စိမ်းလန်းစိုပြေစေရေးအတွက်  ဘဏ္ဍာငွေတင်ပြ တောင်းခံ၍ စနစ်တကျ ဆောင်ရွက်ရန်၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးရန်လိုအပ်ကြောင်း လမ်းညွှန် မှာကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ကာသိမ်ပြတိုက်သို့လည်းကောင်း၊ သီရိ ခေတ္တရာ ပြတိုက်သို့လည်းကောင်းသွားရောက်၍ ပြတိုက်အဝင်တွင်  “သီရိခေတ္တရာပြတိုက်” အစား “သရေခေတ္တရာပြတိုက်” ဟူ၍ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့်ပြောင်းလဲရေးသား သင့်ကြောင်း၊ ပြတိုက်အတွင်းရှိ Digital Museum ဆောင်ရွက်ထားရှိမှု၊ ပြသပစ္စည်းများ ခင်းကျင်းထားရှိမှု တို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး သီရိခေတ္တရာပြတိုက်တွင် လေ့လာသူများပြားလာစေရေး နည်းလမ်းကြံဆ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ၊ တက္ကသိုလ်များအား ဖိတ်ခေါ်၍ ရှင်းလင်းပြသ စေလိုကြောင်း၊ လေ့လာရေးလာရောက်သော ကျောင်းသား/သူများအား မေးခွန်းများ ဖြေဆိုစေပြီး  ဆုများအဖြစ် ငွေကြေးမဟုတ်ဘဲ စာအုပ်စာတမ်းများအား ချီးမြှင့်ရန် ညွှန်ကြားခဲ့ပါသည်။ ထို့နောက် ပြခန်းခင်းကျင်းပြသရေး ဆိုင်ရာ၊ ပြသပစ္စည်းထိန်းသိမ်းရေး ဆိုင်ရာနှင့် ပြတိုက်ဝင်းအတွင်း သတင်းအချက်အလက် ဌာနနှင့် ပြခန်းဆောင်ကြားတွင် အထူးပြခန်းဆောင် ဆောက်လုပ် ထားရှိရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အတွင်းနန်းတော်ရာ ကျုံးတူးဖော်ထားရှိမှု အခြေအနေ၊ အတွင်းနန်းတော်ရာနှင့် ရဟန္တာဂူဘုရား၊ ရဟန္တာရေကန်တို့အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြခဲ့ကြပါသည်။ ဒုတိယ ဝန်ကြီးကသရေခေတ္တရာကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး အတွက် ရေကန်ဆယ်ခြင်း၊ ရေကန်တူးခြင်းလုပ်ငန်းများကို ထည့်သွင်းစဉ်းစားထားကြရန် လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး ညနေ(၆:၀၀)နာရီတွင် သရေခေတ္တရာယဉ်ကျေးမှုဇုန်မှ ပြန်လည်ထွက်ခွာခဲ့ကြပါသည်။ 

(၂၀.၂.၂၀၂၄)ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာ နုမြဇံနှင့်အဖွဲ့သည် ပြည်မြို့၊ ရွှေဆံတော်စေတီတော်အား ဖူး‌မြော်ကြည်ညိုခဲ့ရာ ရွှေဆံတော် ဂေါပကအဖွဲ့ဝင်များမှ ကြိုဆို၍ လိုက်လံရှင်းလင်းပြသကြပါသည်။  ရှေးဦးစွာ ရွှေဆံတော် ဗုဒ္ဓပြတိုက်အတွင်းရှိ Digital Museum ဆောင်ရွက်ထားရှိမှု၊ ပြတိုက်ခင်းကျင်းပြသ ထားမှုတို့အား     ကြည့်ရှုစစ်ဆေးပြီး     ရွှေဆံတော်ဗုဒ္ဓပြတိုက်အတွင်းရှိ     ပြသပစ္စည်းများနှင့် ဓာတ်ပုံမှတ်တမ်းများ၏ ရှင်းလင်းချက် စာသားများကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားရန်၊ ဗီရိုအလင်းပေးစနစ်ကို အဖြူရောင်အစား အဝါရောင်မီးလုံးများ ပြောင်းလဲအသုံးပြုရန်၊ Digital Museum ရှင်းလင်းချက် တွင် နောက်ခံစကားပြောနှင့် တီးလုံးကို ထည့်သွင်းရန်မှာကြားခဲ့ပါသည်။ ပြည်ရွှေဆံတော် ဂေါပကရုံးခန်း၌ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေဆံတော်စေတီ၏ အောက်ခြေပစ္စယံတနင်္ဂနွေထောင့်ရှိ ကျန်စစ်သားမင်းကျောက်စာ ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ရာ ကျောက်စာထိန်းသိမ်းမှုလုပ်ငန်း ပြီးစီးပါက အဆောက်အအုံနှင့်တကွ ကျောက်စာ ဘာသာပြန်ရှင်းလင်းချက်များကိုပါ ပြန်လည်ပြင်ဆင်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် သရေခေတ္တရာမြို့ဟောင်း၏ အနောက်ဘက်မြို့ရိုး ခြံစည်းရိုးကာရံခြင်း လုပ်ငန်းနှင့် လုလင်ကျော်မြို့ဝင်ပေါက်တို့အား   ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် သရေခေတ္တရာမြို့ဟောင်း ရှုခင်းကြည့်မျှော်စင်တည်ဆောက်မည့် ကြက်တူရွေး တောင်ပေါ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကြက်တူရွေးတောင်ပေါ်သို့ သွားရာလမ်းတစ်လျှောက်အား ခရီးသွားပြည်သူများအတွက် ဆွဲဆောင်မှုရှိရေး ဆောင်ရွက်ရန်အတွက် Tourism Map ရေးဆွဲ ထားရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် တူးဖော်မှုကုန်းအမှတ် (၅၃)အားလည်းကောင်း၊ ဘောဘောကြီးစေတီ၊ ဘဲဘဲဂူဘုရား၊ ဦးခင်ဘကုန်းနှင့် ဘုရားထောင်ဂူဘုရားတို့အားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာတွင် မိုးကြိုးလွှဲ တပ်ဆင်ရန်လိုအပ်သော ရှေးဟောင်းအဆောက်အအုံများအား မိုးကြိုးလွှဲ တပ်ဆင်ထားရန် လိုကြောင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများပေါ်တွင် ညောင်ပင်များ ပေါက်ရောက် နေပါက ဓာတုဗေဒဆေးဝါးများဖြင့် ညောင်ပင်သတ်၍ ရှင်းလင်းရန်နှင့် ရှေးဟောင်း အဆောက်အအုံများ၏ ပေ(၂၀)ပတ်လည်အထိ ပေါင်းမြက်များရှင်းလင်းထားရန်လိုကြောင်း၊ ဘုရားများအတွင်း လင်းနို့များ၊ ငှက်များ ဝင်ရောက်မှုမရှိစေရေး ဆောင်ရွက်ထားရန် လမ်းညွှန် မှာကြားခဲ့ပြီး သရေခေတ္တရာယဉ်ကျေးမှုဇုန်အတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.