သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ မြန်မာတိုင်းရင်းသား လူမျိုးများ၏ အမျိုးသား ဝတ်စုံမှန် သတ်မှတ်ရေးကော်မတီအစည်းအဝေး(၁/၂၀၂၄) တက်ရောက် ရန်ကုန်၊ ဖေဖော်ဝါရီ (၂၂) ရက်

မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ၏ မြန်မာတိုင်းရင်းသားလူမျိုးများ၏  အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီအစည်းအဝေး(၁/၂၀၂၄)ကို ဖေဖော်ဝါရီလ (၂၂) ရက် နံနက် (၁၀) နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပရာ  မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေး ကော်မတီဥက္ကဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန(ယဉ်ကျေးမှု)၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ Online မှ တက်ရောက်ကြသည့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်နှင့်တကွ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ပြည်နယ်အသီးသီးမှ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစာရေးဆရာအသင်းအတွင်းရေးမှူး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

          ပထမဦးစွာ မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေး ကော်မတီဥက္ကဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အဖွင့်အမှာစကားပြောကြားရာမှာ ဤကော်မတီ ပေါ်ပေါက်လာပုံကို တင်ပြရမည်ဆိုပါက ၆-၇-၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ၏ ဆဌမအကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အမှတ်(ဏ)ဖြစ်သည့် တိုင်းရင်းသားဝတ်စုံများနှင့်ပတ်သက်၍ လွဲမှားမှုမရှိစေရန် ဝတ်စုံများ၏ ဇစ်မြစ်ကိုပါ လေ့လာစိစစ်တင်ပြရန် အတွက် “တီထွင်မှုသည် ရိုးရာကို မကျော်ရန်” ဆိုသည့် မူဝါဒဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဥက္ကဋ္ဌ အဖြစ်ပါဝင်၍ ဖွဲ့စည်းတင်ပြရန်၊ တိုင်းရင်းသား ဝတ်စုံများနှင့်ပတ်သက်၍ လွဲမှားမှုမရှိစေရန် ဆိုသည့် ဆုံးဖြတ်ချက်အရ ဖွဲ့စည်းပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး (၁၃၅) မျိုး၊ အဓိကမျိုးနွယ်စု (၈) မျိုးရှိပါကြောင်း၊ တိုင်းရင်းသားမျိုးနွယ်စုများ၏ အမျိုးသားဝတ်စုံများသည် သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ အမျိုးသားရေးစရိုက်လက္ခဏာအရ အရေးပါ‌ကြောင်း၊ တိုင်းရင်းသားဝတ်စုံများကို ဆန်းသစ် တီထွင်မှုများကြောင့် အရိုးပေါ် အရွက်ဖုံးမဖြစ်စေဘဲ အမျိုးသားဝတ်စုံအမှန်ကို သတ်သတ်မှတ်မှတ်ထားရှိရန်လိုအပ်ကြောင်း၊ တိုင်းရင်းသားမျိုးနွယ်စု အားလုံး၏ သီးခြားစီရှိနေသော ဝတ်စုံများကို တစ်ပြိုင်တည်း အသိအမှတ်ပြု သတ်မှတ်ဖို့ ခက်ခဲမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုပထမဆုံးအကြိမ်မှာ ပင်မတိုင်းရင်းသားလူမျိုး(၈)မျိုး၏ ဝတ်စုံများကို ဦးစားပေးဆွေးနွေးပြီး ကျန်တိုင်းရင်းသားမျိုးနွယ်စုများကိုမူ သုတေသနပြုပြီး အသင့်ရှိလျှင် ရှိသလောက် ဆွေးနွေးတင်ပြစေလိုကြောင်း၊ မျိုးနွယ်စုများ၏ တိုင်းရင်းသား ဝတ်စုံမှန် သတ်မှတ်နိုင်ရေးအတွက် သမိုင်းမှတ်တမ်းမှတ်ရာ အထောက်အထားများ၊ မြေပြင်ကွင်းဆင်းလေ့လာမှတ်တမ်းပြုချက်များ၊ သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ကာ အတည်ပြုနိုင်ကြရန် လိုအပ်ပါကြောင်း၊ အတည်ပြုပြီးနောက် စာအုပ်စာတမ်း၊ ရုပ်သံ ဗီဒီယိုများဖြင့် ထိန်းသိမ်းမှတ်တမ်းတင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရရှိသော အဖြေများကိုလည်း မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီသို့ ပြန်လည်တင်ပြရမှာ ဖြစ်ကြောင်း၊ နိဂုံးချုပ်အနေဖြင့် ရှေးမြန်မာများက တိုင်းရင်းသားယဉ်ကျေးမှုရိုးရာ ဓလေ့ထုံးစံ ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်ပြီး မြေပြင်ကွင်းဆင်း လေ့လာချက်များဖြင့် စနစ်တကျ မှတ်တမ်းတင်ခဲ့ကြပြီး တာဝန်ကျေပွန်ခဲ့ကြပြီဖြစ်ကြောင်း၊ ယနေ့ခေတ်တွင်မူ မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရသော နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်းကောင်း၊ မိမိတိုင်းပြည်ရဲ့ အမျိုးအနွယ်ကို ချစ်မြတ်နိုးသူ ပြည်သူများ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများကို ထိန်းသိမ်းရန် တာဝန်ရှိသော အဖွဲ့အစည်းများ အနေဖြင့်လည်းကောင်း တာဝန်ကျေကြစေဖို့ မြန်မာတိုင်းရင်းသား လူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကို အောင်မြင်အောင် ဆောင်ရွက် ကြစေလိုကြောင်းဖြင့် တိုက်တွန်း မှာကြားခဲ့ပါသည်။

          ယင်းနောက် မြန်မာတိုင်းရင်းသားလူမျိုးများ၏ ဝတ်စုံမှန်သတ်မှတ်ရေးကော်မတီ၊ အတွင်းရေးမှူး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပါသည်။ ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော  နယ်စပ်ရေးရာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦး က ဆွေးနွေးခြင်း၊ တိုင်းရင်းသား ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ အယ်လ်တူးမိန်းဂေါင်က Online မှ တက်ရောက် ဆွေးနွေးခြင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား ကိုယ်စားလှယ်များက အသီးသီး ရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံစာရေး ဆရာအသင်း အတွင်းရေးမှူး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်) က ဆွေးနွေးခြင်းနှင့် တက်ရောက်လာကြသည့် တာဝန်ရှိသူများက ဆွေးနွေးတင်ပြခဲ့ကြသည်။

          ထို့နောက် မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေး ကော်မတီဥက္ကဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက နိဂုံးချုပ်စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါ သည်။ ယခု အစည်းအဝေးသည် မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ၊ မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေးကော်မတီ၏ ပထမအကြိမ် အစည်းအဝေးဖြစ်ကြောင်း သတင်းရရှိသည်။       ။

Be the first to comment

Leave a Reply

Your email address will not be published.