သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ သည် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် (၁၃.၃.၂၀၂၄) ရက်နေ့ တွင် ရေစီမံခန့်ခွဲမှုပညာရှင် Dr Massimo Sarti နှင့် ပူးပေါင်း၍ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရေလမ်းကြောင်း ချိတ်ဆက်မှုများ၊ ပုဂံခေတ်ရေလမ်းကြောင်းများ၊ ရှေးဟောင်း ရေကန် ဆယ်ယူ ထိန်းသိမ်းမှုတို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဒုတိယဝန်ကြီးသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူ များ၊ အီတလီနိုင်ငံသား ရေစီမံခန့်ခွဲမှုပညာရှင် Hydrology Expert Dr. Massimo Sarti နှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာနက ဆယ်ယူထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ဖျောက်ဆိပ်ပင်ကန်အမှတ်(၁)၊(၂)၊(၃)၊ ၎င်းနောက်သမ္ဘူလကန်၊ အမနာကန်၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဆယ်ယူထိန်းသိမ်းခဲ့သည့် လေးမျက်နှာကန်၏ သဲစစ်ကန် ထိန်းသိမ်းမှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆယ်ယူထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည့် ဇယဝေရီကန်မှ ပို့ကျသဲနုန်းများ ဆယ်ယူထိန်းသိမ်းမှုလုပ်ငန်း၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန က ဆယ်ယူ ထိန်းသိမ်းခဲ့သည့် ပျားကြီးစွဲကန်၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆယ်ယူ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် မင်္ဂလာကန် (၃)တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကန်များ ဆယ်ယူထိန်းသိမ်းရာတွင် မြေအောက်တွင်မမြင်နိုင်သည့် ရှေးဟောင်းအဆောက်အအုံများ၊ အုတ်ရိုးတန်းများ တွေ့ရှိနိုင်သည့်အတွက် အထူးဂရုပြု အလေးထား ဆောင်ရွက်သွားရန်နှင့် ရေကန်များတွင် ရေဝင်နိုင်စေရန်အတွက် မူလရေလမ်းကြောင်းနှင့် ချိတ်ဆက် ၍ စနစ်တကျ ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် ပုဂံကမ္ဘာ့အမွေအနှစ် ဒေသတွင် ရေကြီးရေလျှံခြင်း၊ ရှေးဟောင်းအဆောက်အအုံများ၏ တံတိုင်းအတွင်းနှင့် အနီး ပတ်ဝန်းကျင်နေရာတို့တွင် ရေဝပ်မှု ထပ်မံမဖြစ်ပေါ်စေရေးတို့အတွက် ပုဂံခေတ်ရေအရင်းအမြစ် စီမံခန့်ခွဲမှုစနစ် သုတေသနပြုချက်အရ ရှေးဟောင်း ရေလမ်းကြောင်းများ ပြန်လည် ဖော်ထုတ်ခြင်း အား ဆက်စပ်ဝန်ကြီးဌာနများ၏ ပူးပေါင်းကူညီမှုဖြင့် ဆောင်ရွက်နေပါကြောင်း၊ ပုဂံခေတ်ကတည်းက တုရင်တောင်ခြေရှိ မြကန်မှ အလံပုဂံကန်၊ မရိုးကန်၊ လေးမျက်နှာကန်၊ ညောင်လက်ဖက်ကန်၊ ရွှေနန်းရင်တောကန်များမှ ပုဂံကျုံးအထိ မြေမျက်နှာပြင် အနိမ့်အမြင့် ပေ(၂၀၀) ကျော်၏ ပထဝီ သဘာဝကို ရေစီးမြောင်းများ၊ ရေကန်များဖြင့် အဆင့်ဆင့်သွယ်ယူ ဆက်စပ်၍ ရေကိုစနစ်တကျ စီမံခန့်ခွဲခဲ့သည်ကို သုတေသနပြုခဲ့ပြီး ပြန်လည်ဖော်ထုတ်ထိန်းသိမ်းနေခြင်း ဖြစ်ပါကြောင်း၊ ရှေးဟောင်းရေကန်များနှင့် ရေစီးကြောင်းများသည် နှစ်ပေါင်းရာနှင့်ချီသည့် ကာလတစ်လျှောက် သဲနုန်းများ ပို့ကျမှုများ ရှိနေပါကြောင်း၊ ပြည်တွင်း ပြည်ပ ပညာရှင်များနှင့် ပူးပေါင်းသုတေသနပြု၍ ၂၀၂၁ ခုနှစ်မှ စတင်၍ စောင့်ကြည့်မှတ်တမ်းတင်ခဲ့ပြီး ၂၀၂၃ ခုနှစ် တွင် ပြည်ပပညာရှင်၏ အကြံပြုချက်အပေါ် မူတည်၍ ဌာနမှ ရေစီးရေလာကောင်းအောင် ဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး အစိုးရကလည်း အရေးပါသော ရှေးဟောင်းကန်(၃)ကန်ကို ပြုပြင်ထိန်းသိမ်းပေးခြင်းတို့ကြောင့် ၂၀၂၃ ခုနှစ် မိုးရာသီ အကုန်ပိုင်းတွင် ရေကြီးရေလျှံမှုကို များစွာကာကွယ်နိုင်ခဲ့ပါကြောင်း၊ ရေစီး ရေလာ ကောင်းစေရန် အတွက်သာမက လူနှင့်တိရစ္ဆာန်အတွက်ပါ အသုံးပြုနိုင်ရန်အတွက် ရေလမ်းကြောင်း နှင့် ဆက်စပ်လျက်ရှိသော ရှေးဟောင်းကန်များနှင့် အချို့ကျေးရွာများသုံးစွဲနေသော ရေကန်များကို ကန်ဆယ်ပေးခြင်း၊ ပြုပြင်ပေးခြင်းများ ပြုလုပ်ခြင်းကို ရှေးဟောင်းပထဝီ အသွင်အပြင် မထိခိုက် စေရန် ဆက်စပ်ဌာနဝန်ထမ်းများပါ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂံသည် ကမ္ဘာ့ အမွေအနှစ်ဒေသဖြစ်သည်နှင့်အညီ ဌာနဆိုင်ရာများအနေဖြင့်လည်း အလားတူ ရှေးဟောင်း ရေကန် များ ဆယ်ယူပြုပြင်ထိန်းသိမ်းရန်အတွက် သတိပြု၍ စနစ်တကျ ဆောင်ရွက်ပေးရန် လိုပါကြောင်း၊ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများ၏ လှူဒါန်းမှုဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများဖြစ်၍ လုပ်ငန်း ဆောင်ရွက်မှုကုန်ကျစရိတ်များ လေလွင့်မှုမရှိစေရေး စနစ်တကျ ဆောင်ရွက်ရန်၊ အရည် အသွေး ကောင်းမွန်သပ်ရပ်အောင် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါ သည်။