သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၏ ပညာရပ်ဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲ(၁/၂၀၂၄)ကိုတက်ရောက်ချီးမြှင့် မန္တလေး  မတ်လ ၁၆ ရက်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် အမျိုးသား ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)၊ မဉ္ဇူသကဆောင်တွင် (၁၆.၃.၂၀၂၄)နေ့၊ နံနက် (၀၉:၀၀)နာရီကကျင်းပသော ပညာရပ်ဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲ အခမ်းအနား (၁/၂၀၂၄) ကို တက်ရောက်ပြီးအဖွင့်အမှာစကားပြောကြားပါသည်။

အဆိုပါအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဉီးစီးဌာန ညွှန်ကြားရေးမှုးချုပ်ဦးညွန့်ဝင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦးနှင့် ဒုတိယပါမောက္ခချုပ်များ၊ သဘာပတိအဖြစ်ဆောင်ရွက် ကြမည့် စာပေနှင့်အနုပညာနယ်ပယ်အသီးသီးမှ ပညာရှင်ကြီးများ၊ ပါမောက္ခ၊ ဌာနမှူးများ၊ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ၊ စာတမ်းရှင်များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များတက်ရောက်ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးဒေါ်နုမြဇံက အဖွင့်အမှာစကားပြောကြားရာတွင် ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ပညာရပ်ဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲမှာ အနုပညာရပ်ဆိုင်ရာ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ် စာတမ်းများသာမက စာပေပညာရပ်ဆိုင်ရာ သုတေ သနစာတမ်းများအပါအဝင် သုတေသနစာတမ်း(၆)စောင်ကို မိမိတို့ရဲ့ရှုထောင့်အသီးသီး ကနေဖတ်ကြားတင်ပြကြမှာဖြစ်သည့်အတွက် စိတ်ဝင်စားပြီး ဝမ်းသာပီတိဖြစ်မိပါကြောင်း၊ အားလုံးသိရှိပြီးဖြစ်တဲ့အတိုင်း တက္ကသိုလ်ရဲ့အသက်သည်သုတေသန (Research) ပင်ဖြစ်ပါကြောင်း၊ အဆင့်မြင့်ပညာအဆင့်ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့တတ်မြောက် ကျွမ်းကျင်ရာနယ်ပယ်တွေမှာ ပိုမိုထိရောက်သော သင်ကြားမှုများပြုလုပ်နိုင်ဖို့၊ မိမိတို့ရဲ့ အရည်အသွေးတွေပိုမို တိုးတက်မှုရှိစေရန် တက္ကသိုလ်မှာပြဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်း များကို ခေတ်နှင့်အညီ မွမ်းမံဖြည့်စွက်နိုင်ရန်၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ရင်ဘောင်တန်း နိုင်ရန် သုတေသနလုပ်ငန်းများကို အမြဲလုပ်ဆောင်နိုင်ဖို့လိုအပ်ပါကြောင်း သုတေသနပြုလုပ် ရာမှာလည်းပညာရပ်တစ်ခုကိုအသိအမြင်ပိုမိုရရှိအောင်လုပ်ဆောင်ရာမှာ အခြေခံသုတေသန (Basic Research) နှင့်တွေ့ရှိလာတဲ့ အသိအမြင်ကိုအသုံးပြုပြီး ပြဿနာ တစ်ခုခုကို သို့မဟုတ် သိလိုတဲ့၊အဖြေရှာလိုတဲ့ အကြောင်းအရာတစ်ခုကို ဖြေရှင်းနိုင်ဖို့ အတွက် ရည်ရွယ်ပြုလုပ်တဲ့ အသုံးချသုတေသန (Applied Research) ဆိုပြီးရှိပါကြောင်း၊ ဒီနှစ်ရပ်စလုံးဟာ သုတေသနဖွံ့ဖြိုးတိုးတက်ရေး (Research Development) အတွက် အလွန်ပင်အရေးကြီးပါကြောင်း ရှာဖွေတွေ့ရှိပြီးသော သုတေသနလုပ်ငန်းများကို ထပ်မံလေ့ လာ သုတေသနပြုခြင်း၊ အသစ်အသစ်သောလုပ်ငန်းများကို စနစ် တကျ သုတေသနပြုခြင်း၊ ပေါင်းစပ်ဆောင်ရွက်ခြင်းတို့ဖြင့် သုတေသနဆောင်ရွက်မှုများ ပိုမို ဖွံ့ဖြိုးတိုးတက်လာမှာပဲ ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် အနုပညာဆိုင်ရာ ပညာရပ်တွေကို သုတေသန ပြုပြီးတဲ့အခါမှာ လက်တွေ့အသုံးချ ဆောင်ရွက်နိုင်ဖို့လည်း များစွာလိုအပ်ပါကြောင်း၊ သုတေသနဆိုင်ရာ လိုအပ်တဲ့အချက်တွေကိုလေ့လာပြီး သုတေသီတွေမှာရှိရမယ့် အရည်အသွေးတွေပြည့်ဝနေဖို့အမြဲတစေ ကြိုးစားအားထုတ်နေရမှာဖြစ်ပါကြောင်း။

  ယနေ့ခေတ်ကာလမှာ နိုင်ငံတကာယဉ်ကျေးမှုတွေ နယ်နိမိတ်အတားအဆီးမရှိ စီးဆင်းပျံ့နှံ့လျက်ရှိရာမှာ မတူညီတဲ့ယဉ်ကျေးမှုများအပေါ် နားလည်လက်ခံနိုင်ကြရမှာ ဖြစ်သလို မိမိတို့ရဲ့ကိုယ်ပိုင် ယဉ်ကျေးမှုများအပေါ် အခြားယဉ်ကျေးမှုများက လွှမ်းမိုးမသွား စေဖို့၊ကိုယ်ပိုင်ယဉ်ကျေးမှုများထာဝစဉ်တည်တံ့နေစေဖို့၊ မျိုးဆက်သစ်တွေထံ လက်ဆင့်ကမ်း အမွေပေးနိုင်ဖို့မှာလည်း လွန်စွာအရေးကြီးပါကြောင်း၊ နိုင်ငံတကာယဉ်ကျေးမှုများအပေါ် နားလည်သဘောပေါက်ပြီး မိမိတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုများ နိုင်ငံတကာအလယ်မှာ ဂုဏ်ယူဝံ့ကြွားစွာတည်ရှိနိုင်ဖို့ ယခုတာဝန် ထမ်းဆောင်လျက်ရှိကြတဲ့ ဆရာ၊ ဆရာမများမှာ များစွာတာဝန်ရှိပါကြောင်း၊ ဒါ့ကြောင့် မိမိတို့ရဲ့ နယ်ပယ်အသီးသီးနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှုသုခုမအနုပညာလုပ်ငန်းများကို စဉ်ဆက်မပြတ် လေ့လာသုတေသနပြုပြီး မှတ်တမ်းတင်ထားရှိနိုင်ဖို့၊ ပြန်လည်ဖော်ထုတ် လက်ဆင့်ကမ်းဖြန့်ဝေပေးဖို့၊ နိုင်ငံတကာမှာ မြန်မာ့ယဉ်ကျေးမှုကိုပြသနိုင်ဖို့နဲ့ ပြန့်ပွားအောင်ဆောင်ရွက်ဖို့ ကြိုးစားကြရမှာဖြစ်ကြောင်း ပြောကြားသွားပါသည်။

ဆက်လက်ပြီး အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦးက ပညာရပ်ဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲ ကျင်းပခြင်းနှင့် ပက်သက်၍ ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး၊ သဘာပတိများ၊ စာတမ်းရှင်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပါသည်။

အစီစဉ်အရ ပညာရပ်ဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲကိုကျင်းပရာ “မင်းလူ၏ ရင်ထဲကဆောင်းရာသီဝတ္ထုရှည်မှ ဇာတ်ဆောင်စရိုက်ဖန်တီးပုံ” စာတမ်းကို ဒေါ်အိကူး နည်းပြ (မြန်မာစာ)ကလည်းကောင်း၊ “အလှူတော်မင်္ဂလာဆိုင်းတီးချက်၊ တီးလက်များ” စာတမ်းကို ဦးမင်းမင်းမြတ် နည်းပြ (ဂီတ) ကလည်းကောင်း၊ “မြန်မာ့ ဇာတ်သဘင်နှင့် တမ်းချင်း၊ ညည်းချင်း ကဗျာတို့၏ ဆက်နွယ်မှုလေ့လာချက်” စာတမ်းကို ဒေါ်မြင့်မြင့်အေး လက်ထောက်ကထိက (သဘင်) ကလည်းကောင်း၊ “မြန်မာမှုလက်ရာ များတွင်တွေ့ရှိရသော နတ်ဝက်အဆင်တန်ဆာများလေ့လာခြင်း” စာတမ်းကို ဒေါ်မြင့်မြင့်ဝင်း နည်းပြ (ပန်းချီ)က လည်းကောင်း၊ “သဘာဝနှင့်အနုပညာဆက်နွယ်မှုအား ပန်းပုပညာ ရှုထောင့်မှ လေ့လာခြင်း” စာတမ်းကို ဒေါ်မြတ်သီရိအောင် ကထိက (ပန်းပု)က လည်းကောင်း၊ “ရုပ်ရှင်ဇာတ်ကားများ တည်းဖြတ်ရာတွင် 3ds Max နည်းပညာ၏အရေးပါပုံကို လေ့လာခြင်း” စာတမ်းကို ဒေါ်ဇင်သူမောင်မောင် နည်းပြ(ရုပ်ရှင်နှင့်ပြဇာတ်)က လည်းကောင်း ဖတ်ကြားခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးကနိဂုံးချုပ်အမှာစကားပြောကြားကာစာတမ်းဖတ်ပွဲအခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) မဉ္ဇူသကဆောင်ရှိ ပန်းချီ၊ ပန်းပုပြခန်းအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။