အနုပညာအထက်တန်းကျောင်း(ရန်ကုန်) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်တန်းဆင်းပွဲ အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်တက်ရောက် အမှာစကားပြောကြားခြင်း မတ်လ ၃၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊အဖွဲ့ဝင်   ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက် ၀၉:၃၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ကျင်းပသော အနုပညာအထက်တန်း ကျောင်း(ရန်ကုန်)၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ပွဲနှင့် စွမ်းရည်ပြပဒေသာကပွဲသို့ တက်ရောက်ချီးမြှင့်၍ ပန်းချီပန်းပုဌာနမှ သင်တန်းဆင်းကြမည့်  ကျောင်းသား၊ ကျောင်းသူများ၏ လက်ရာမွန်ပန်းချီပန်းပုပြခန်းအား လှည့်လည်ကြည့်ရှုကာ သင်တန်းဆင်း အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားတွင်  အမှာစကားပြောကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနားသည် အနုပညာအထက်တန်းကျောင်း(ရန်ကုန်)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အဆို၊ အတီး၊ အက ပန်တျာ ဘာသာရပ်များနှင့် ပန်းချီပန်းပု ဘာသာရပ်များကို အခြေခံပညာကျောင်းသင် စာပေပညာရပ်များနဲ့ တွဲဖက်သင်ကြားခြင်းနဲ့အတူ (၃)နှစ်တာကာလအတွင်း ပညာသင်ကြားခဲ့ကြသည့် ကျောင်းသား ကျောင်းသူ မောင်မယ်များ၏ ကျောင်းဆင်းပွဲအခမ်းအနားဖြစ်သကဲ့သို့၊ ကျောင်းသားကျောင်းသူများ၏ အနုပညာစွမ်းရည်များ၊ ကျောင်းဆင်းလက်ရာမွန်များကို ဖော်ညွှန်းပြသည့်ပွဲဖြစ်သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက် မိပါကြောင်း၊         နိုင်ငံတစ်နိုင်ငံ၏မျက်နှာစာသည် ယဉ်ကျေးမှုဖြစ်ပါကြောင်း၊ နိုင်ငံတိုင်းသည် ကိုယ့်နိုင်ငံ၏ ယဉ်ကျေးမှုကို ထာဝစဉ်ထိန်းသိမ်းမြှင့်တင်လျက်ရှိကြပါကြောင်း၊ ယဉ်ကျေးမှုဆိုသည့် အရာသည် ကိုးကွယ်ယုံကြည်မှုကို အခြေပြုပြီးဆင်းသက်လာ၍ သက်ဆိုင်ရာ အရပ်ဒေသအလိုက် အစဉ်အဆက်ကျင့်သုံးသည့် ဓလေ့ထုံးတမ်းများလည်းပါဝင်ပါကြောင်း၊ လူတို့မွေးဖွားသည်မှ ကွယ်လွန်သည်အထိ နေ့စဉ်ကြုံဆုံ ဖြတ်သန်းရသမျှ ကိုယ်နှုတ်၊ နှလုံးသုံးပါးစလုံးနှင့် သက်ဆိုင် သည့်အရာများသည်ယဉ်ကျေးမှုပါကြောင်း၊ထိုအထဲတွင်စာပေ၊ဂီတ၊သဘင်၊ပန်းချီပန်းပု အစရှိသော    အနုသုခုမပညာရပ်များလည်း  ပါဝင်လျက်ရှိနေပါကြောင်း၊ လွတ်လပ်ပြီးစ မြန်မာနိုင်ငံတော်ကြီးကို စတင်ထူထောင်ခဲ့သည့်ချိန်မှ ယနေ့မျက်မှောက်ကာလအထိ အဆင့်ဆင့် တာဝန်ယူခဲ့ကြသည့် ပုဂ္ဂိုလ် များသည် တိုင်းပြည်၏ အကျိုးအတွက် အမြော်အမြင်ကြီးစွာ ရည်မှန်းချက်ထား၍ ယဉ်ကျေးမှု ဝန်ကြီးဌာနကို စတင်ဖွဲ့စည်းခြင်းနှင့်အတူ ၁၉၅၂ ခုနှစ်တွင် ပန်တျာနှင့် ပန်းချီပန်းပုကျောင်း (ရန်ကုန်)ကိုလည်းကောင်း ၁၉၅၃ ခုနှစ်မှာ ပန်တျာနှင့်ပန်းချီပန်းပုကျောင်း(မန္တလေး)တို့ကို လည်းကောင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း။ ယနေ့အထိလည်း စဉ်ဆက်မပြတ်ထောက်ပံ့ကူညီ လျက်ရှိပါကြောင်း။ အခုဆိုလျှင် ကျောင်း၏ သက်တမ်းသည် နှစ်ပေါင်း ၇၂ နှစ်ရှိခဲ့ပြီဖြစ်ပါကြောင်း။ ၂၀၁၀ ပြည့်နှစ်တွင် ပန်တျာနှင့်ပန်းချီပန်းပုကျောင်းများကိုပေါင်း၍ အနုပညာအထက်တန်းကျောင်း အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း။ ကျောင်းတော်ကြီးမှ အနုပညာအစဉ်အလာ ကြီးမားတဲ့ အဆို၊ အတီး၊ အကပညာရှင်များ၊ ပန်းချီပန်းပုပညာရှင်အကျော်အမော်များသာမက စာပေပညာရှင်၊ တေးရေးပညာရှင် အကျော် အမော်များကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ တို့တာဝန် အရေး(၃)ပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးသည် အရေးကြီးပါကြောင်း၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးမှာ ပြည်ပနိုင်ငံများမှယဉ်ကျေးမှုကို စတင်ထိုးဖောက်ဖြိုခွဲပါကြောင်း၊ ယဉ်ကျေးမှုကို စောင့်ရှောက်ခြင်းသည် တို့တာဝန်အရေး(၃)ပါးကို ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်ပါကြောင်း၊ အနုပညာဆိုသည့် စကားရပ်သည် မိမိတို့ဖန်တီးသော အနုသုခုမပညာရပ်များအတွက် ပြေပြစ်ခြင်း၊ သိမ်မွေ့ခြင်း၊ သာယာနာပျော်ဖွယ်ဖြစ်ခြင်းတို့ကို ကိုယ်စားပြုသော်လည်း ကြံ့ခိုင်သည့်စိတ်ခွန်အား ရှိမှသာ ဖန်တီး၍ရမည်ဖြစ်ပါကြောင်း။ မျက်မှောက်ကမ္ဘာ၏ အခြေအနေအချိန်အခါအရလည်း မဖြစ်မနေ စိတ်ဓာတ်ကြံ့ခိုင်ရမည့် အချိန်ဖြစ်ပါကြောင်း။ အထူးအားဖြင့်ကိုယ့်နိုင်ငံကိုချစ်စိတ်၊ ကိုယ့်ပြည်ထောင်စုကို ချစ်မြတ်နိုး စိတ်နှင့် ကိုယ့်အမျိုးသားယဉ်ကျေးမှုကို ချစ်မြတ်နိုးစိတ်တို့ကို အတူယှဉ်တွဲ၍ကြံ့ခိုင်နေရမည့် အချိန်အခါဖြစ်သည်ကို မောင်တို့မယ်တို့အား လက်ဆောင်စကားပါး ချင်ပါကြောင်း။ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)၏  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သင်တန်းဆင်းကြမည့် ကျောင်းသားကျောင်းသူများမှာ ပန်တျာသင်တန်းမှ ၁၅ ဦး၊ ပန်းချီပန်းပု သင်တန်းက ၄ ဦး စုစုပေါင်း ၁၉ ဦးဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေနဲ့ ပြောကြားလိုသည်မှာ ကျောင်းဆင်း မောင်မယ်များအနေနှင့် ကျောင်းဆင်းသွားသည့်အခါမှာ ဘဝ၏ရေရှည်အကျိုးကို ရည်မျှော်ပြီး ကျောင်းသင်ပညာရပ်လောက်နှင့် ရပ်တန့်မနေဘဲ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင် အောင်မြင် ထင်ရှားပြီးဖြစ်သော သဘာရင့်၊ ဝါရင့် ပညာရှင်ကြီး များထံမှလည်း အလျဉ်းသင့်သလိုဆက်လက်သင်ယူသွားကြရန်နှင့်  မိခင်ကျောင်းတော်ကြီး၏ ဂုဏ်ကျေးဇူးကို မမေ့ မလျော့ဘဲစဉ်ဆက်မပြတ် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက်  ရိုးရာအနုပညာရပ်များကို ကြိုးပမ်းအားထုတ် သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်းကြမည့် ကျောင်းသား၊ ကျောင်းသူ ၁၉ ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်၍ ပန်တျာဌာနမှ ကျောင်းဆင်းစွမ်းရည်ပြ ပဒေသာကပွဲအား အားပေးကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.