စုပေါင်း ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာအခမ်းအနား

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဝန်ထမ်းမိသားစုများ၏ စုပေါင်း ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာအခမ်းအနားကို ၅-၄-၂၀၂၄ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင် တက္ကသိုလ်ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိပါမောက္ခချုပ်(စီမံ)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရန်ကုန်ရုံးခွဲများမှ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက် ခဲ့ကြပါသည်။

အခမ်းအနားအစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ၁၈ ရပ်ကွက်၊ ပုလဲကျွန်းလမ်း၊ ရွှေစေတီဝိစာရဓမ္မရိပ်သာကျောင်းတိုက်ကြီး၏ ပဓာန နာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မသာရ၊ မဟာသဒ္ဓမ္မဇောတိကဓဇ အမှူးရှိသော သံဃာတော် (၅)ပါး၊ တက္ကသိုလ် ဝန်ထမ်းမိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက နမောတဿ သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။

ဆက်လက်၍ ပဓာန နာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မသာရ အရှင်သူမြတ်ထံမှ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ အရှင်သူမြတ်က ဝန်ထမ်းမိသားစု များ၏ ရှင်သာမဏေလောင်းလျာ သားလှရတနာ (၈)ဦးအား  သာသနာ့ဘောင် ရှင်သာမဏေများ အဖြစ်သို့ သွတ်သွင်းချီးမြှင့်ခြင်း၊ ဒုတိယနာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝိစာရ သဒ္ဓမ္မ ဇောတိကဓဇ အရှင်သူမြတ်က သီလရှင်လောင်းလျာ (၆)ဦးအား သာသနာ့နွယ်ဝင် သီလရှင်များ အဖြစ်သို့ သွတ်သွင်းချီးမြှင့်ခြင်း၊ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ပါမောက္ခ/ဌာနမှူး(သဘင်)၊ ပါမောက္ခ/ဌာနမှူး(စာပေ) တို့က ဆရာတော်၊ သံဃာတော်များအား သင်္ကန်းခြင်း၊ နဝကမ္မဝတ္ထုငွေများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဒုတိယ နာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝိစာရက ရေစက်ချအနုမောဒနာ တရားဟောကြားတော်မူပြီး သံဃာတော်များနှင့် ဧည့်ပရိသတ်များက ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို ပူဇော်၍ အခမ်းအနားကို ပြီးမြောက်ခဲ့ပါသည်။