ပြည်ထောင်စုဝန်ကြီးများနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ ၊ ရှေးဟောင်းသာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှုအခြေအနေလှည့်လည်စစ်ဆေး နေပြည်တော်၊ ဧပြီ ၂၉

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်း ဒေသကြီး ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်ချက်ပါ ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး ရှေးဟောင်းရေကန်များ တူးဖော်ပြုပြင် ထိန်းသိမ်းခြင်း၊ ပုဂံမြို့ဟောင်းကျုံးတူးဖော် ထိန်းသိမ်းမှုအခြေအနေများကို  ယနေ့နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

          ပြည်ထောင်စုဝန်ကြီးများနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပုဂံကမ္ဘာ့အမွေအနှစ် ဒေသရှိ လွန်ခဲ့သော နှစ်ပေါင်း ၉၀၀ ကျော်က ရှေးမင်းကောင်း မင်းမြတ်များနှင့် ပြည်သူများ တူးဖော်အသုံးပြုခဲ့သည့် ရှေးဟောင်းရေကန်ဖြစ်သော မြကန်ကို ကြည့်ရှုစစ်ဆေးရာ မြကန်တူးဖော် ထိန်းသိမ်းမှုအခြေအနေ၊ ရေဝင်ရောက်ရှိရေး၊ ရေဝင်လမ်းကြောင်းများ ထိန်းသိမ်း‌ရေးတို့နှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြရာ ပြည်‌ထောင်စုဝန်ကြီးများက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

          ထို့နောက် ဇယဝေရီကန် နှင့် မင်္ဂလာကန်(၃) တူးဖော်ပြီးစီးမှု အခြေအနေတို့ကို မန္တလေးတိုင်း ဒေသကြီး ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးက လည်းကောင်း၊ ဖိုးသူတော်ကန် တူးဖော်ပြီးစီးမှု အခြေအနေကို နယ်စပ်ရေးရာဝန်ကြီးဌာန၊   နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက လည်းကောင်း ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးများက ကန်အတွင်း ‌ရေဝင်လမ်းကြောင်းများ ရေဝင် ရောက်ရှိရေး၊ ကန်အတွင်း ရေစိမ့်မှုများ မရှိ‌စေရေး၊ ရေအဆက်မပြတ် ရှိစေရေး၊ ရေကန်များ ကြံ့ခိုင်မှုရှိရေး၊ ရေကန် တစ်ကန်နှင့်တစ်ကန် ချိတ်ဆက်သည့် ရေလမ်းကြောင်းများ မိုးမကျမီ အပြီး တူးဖော်ထိန်းသိမ်းရေးစသည်တို့ကို လမ်းညွှန် မှာကြားခဲ့ပါသည်။

          ဆက်လက်၍ ရေတော်မုနိကန်၊ ရွာဟောင်းကြီးကန်၊ ဆုတောင်းပြည့်ကန် ၊ ကိုမောက်ကန်များ အား ပြန်လည်တူးဖော်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်နေသည့်အခြေအနေကို လည်းကောင်း၊ ပုဂံခေတ်ကတည်းက ရှေးမင်းများနှင့် ပြည်သူများ တည်ဆောက်ခဲ့သည့် မြကန် မှ ပုဂံမြို့ဟောင်း ကျုံးအတွင်းသို့ ရေစီးဆင်းသည့် ရေစီးလမ်းကြောင်းတစ်လျှောက်တွင် အနော်ရထာလမ်း ဖြတ်သန်း ဖောက်လုပ်ခဲ့သဖြင့် ရေကျော်နေသည့် နေရာအား Box culvert ပြုလုပ်မည့်နေရာကို လည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် ပြီးစီးမှုများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တို့သည် ၁၉၉၀ ခုနှစ်က တူးဖော်ခဲ့ပြီး သဲနုန်းများပို့ချမှုများကို ပြန်လည်ဖယ်ရှား၍ ပြုပြင် ထိန်းသိမ်းမှု ဆောင်ရွက်နေသည့် ပုဂံမြို့ဟောင်း အရှေ့ဘက်ကျုံး တူးဖော်ထိန်းသိမ်းမှုကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် နိုင်ငံတော်အကြီးအကဲ အာနန္ဒာဘုရားသို့ ဖူးမြော်ကြည်ညိုစဉ်က လမ်းညွှန် မှာကြားချက်များအားဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဂေါပကတို့က အာနန္ဒာဘုရား၏လိုဏ်အတွင်း အနောက်ဘက်နှင့် အရှေ့ဘက်ရှိ ဆင်းတုတော်(၂)ဆူအား ရွှေသင်္ကန်းကပ်လှူပြီးစီးမှုနှင့် ကျန်(၂)ဆူအား ဆက်လက် ဆောင်ရွက်မည့် အခြေအနေများ၊ စောင်းတန်းများရှိ ရွှေဇဝါယွန်းများ အရောင်ပြန်တင်ခြင်းနှင့် ပတ်သက်၍ တင်ဒါ ခေါ်ယူဆောင်ရွက်လျက်ရှိကြောင်း၊ စေတီတော်အား ထုံးသင်္ကန်းကဲ့သို့အပြင်မှ ဆေးတစ်မျိုးမျိုးဖြင့် သုတ်နိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်နှင့်ညှိနှိုင်းစမ်းသပ် ဆောင်ရွက်ထားသည့် အခြေအနေနှင့် ကျန်လမ်းညွှန်ချက်အားလုံး ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံတော် အကြီးအကဲ၏လမ်းညွှန်ချက်များ အားလုံးပြီးစီးအောင် တွန်းအားပေးဆောင်ရွက်သွားကြရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

          ထို့နောက် ပုဂံရှေးဟောင်းသုတေသနပြတိုက် အစည်းအဝေးခန်းမတွင် ရှေးဟောင်း     သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း တွင် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ကျော်ကာလ ပျဉ်ပြားမင်းနန်းစံစဉ်ကတည်းက မြို့ရိုး၊ ကျုံး၊မြောင်း များနှင့်အတူ ရေတွင်းရေကန်များ တူးဖော်ခဲ့ပြီး သဘာဝမြေမျက်နှာပြင် အနိမ့်အမြင့်ပေါ် မူတည်၍ အမြင့်ဆုံး တုရင်တောင်ခြေရှိ မြကန်မှ အလံပုဂံ၊ ၎င်းမှအလယ်ကန် ၊ ၎င်းမှလေးမျက်နှာကန်၊ ၎င်းမှ ညောင်လက်ဖက်ကန်၊ဖိုးသူတော်ကန်စသည်ဖြင့် ရေကန်အဆင့်ဆင့်သို့ ရေစီးလမ်းများဖြင့် သွယ်ယူ၍ ပုဂံမြို့ ကျုံးအတွင်းထိ ရေသွယ်ယူ စီမံခဲ့သည်ကို ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ပူးပေါင်းသုတေသနပြု၍ တူးဖော်ထိန်းသိမ်းမှု အခြေအနေ၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်မှု မရှိစေရန် စစ်ဆေးအကြံပြုမှု (HIA) စစ်ဆေးအကြံပြုချက်အတိုင်း ဆောင်ရွက်မှု၊  ပြည်ပရေစီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင်ကိုပါ ဖိတ်ခေါ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဘူမိဗေဒနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ လမ်းဦးစီးဌာနတို့မှ  ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့်ပါ ပူးပေါင်း၍ ညှိနှိုင်းဆွေးနွေးခြင်း ၊ ကွင်းဆင်း လေ့လာ၍ အကြံပြု အကဲဖြတ်ခြင်းများကို Power Point ဖြင့် ရှင်းလင်းတင်ပြပါသည်။

           နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာတွင်  မိမိတို့ဝန်ကြီး ဌာနသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းရေကန် (၅) ကန် ဖြစ်သည့် ဖျောက်ဆိပ်ပင်ကန် အမှတ် (၁)၊ (၂)၊ (၃)၊ ဖိုသူတော်ကန်နှင့် မြောက်တဝက်ကန်တို့အား ရှေးမူမပျက် ပြန်လည်ဆယ်ယူတူးဖော်ထိန်းသိမ်းခြင်းလုပ်ငန်းအား ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မိမိတို့ တာဝန်ယူဆောင်ရွက်နေသော ရေကန်များမှာ ဒေသခံများသောက်သုံးရေ၊ စိုက်ပျိုးရေအဖြစ် လက်ရှိ အသုံးပြုနေသည့် ကန်များ ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ကျွမ်းကျင် ပညာရှင်များ၏အကြံဉာဏ်များကို ရယူပြီးပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ရေကန် တာဘောင်ဖို့ခြင်း၊ ညှိခြင်းလုပ်ငန်းများ၊ ကန်တစ်ကန်နှင့်တစ်ကန် ဆက်သွယ်သည့်ကွန်ကရစ်ရေပြွန်များ၊ ရေမြောင်းများ၊ လိုအပ်သော ရေတံခါးများနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သတ်မှတ် ထားသည့် ရေကန် အနက်ပေ ရရှိအောင် ၊ ရှေးမူပုံစံအတိုင်း ပြန်လည်ရရှိအောင် ရေကန်တူးဖော်ခြင်း လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဤကန်များ ပြန်လည်တူးဖော်ခြင်းလုပ်ငန်း အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၁၀၉ ဒသမ ၂၀၅ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ဆက်လက်၍ အလှူရှင်များ လှူဒါန်းထားသည့် သူဌေးကန်နှင့် ကိုမောက်ကန် ဆယ်ယူ ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ပါကြောင်း၊ ဖျောက်ဆိပ်ပင်ရေကန်များနှင့် ရေလမ်း ကြောင်း ချိတ်ဆက်မှုရှိသည့် ကျောက်ရိုးကန်အပြင် ကန်လျား ရှည်ကန်၊ ကန်သစ်ကြီးကန်၊ ရှင်မိန်ကန်၊ လက်ဝဲကန်နှင့် တောင်ပုံဝကန်များကိုလည်း မိုးမကျမီ ရှေးဟောင်းရေစီမံမှုစနစ်အတိုင်း တူးဖော်ပြီးစီးနိုင်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် မြန်မာပြည်အလယ်ပိုင်း ဒေသများတွင် သောက်သုံးရေနှင့် စိုက်ပျိုးရေ ရရှိရေး အတွက် ဦးစားပေး ဆောင်ရွက် လျက်ရှိ ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ အကြံပြုချက် များကို အလေးထားဆောင်ရွက်ရန်၊ မန်ကျည်းပင်၊ တမာပင် ကဲ့သို့သော ဒေသမျိုးရင်း သစ်ပင်များ စိုက်ပျိုးသွားရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားပါသည်။

          သာသနာရေးနှင့်ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် ဒုတိယဝန်ကြီး ဦးဆောင်၍ ပြည်တွင်း၊ ပြည်ပပညာရှင်အဖွဲ့များ ဖိတ်ကြားပြီး  ညှိနှိုင်းအစည်းအဝေး ကျင်းပ၍ ကမ္ဘာ့အမွေအနှစ် ဆိုင်ရာ စံနှုန်းများနှင့်အညီ စနစ်တကျ အမွေအနှစ် မထိခိုက်စေရန် ဆောင်ရွက်ခဲ့မှု ၊  အထူးသဖြင့် အီတလီနိုင်ငံမှ ရေစီမံခန့်ခွဲမှု ပညာရှင် Prof; Dr. Massimo Sarti ၏ ၂၀၁၉ ခုနှစ် နှင့် ၂၀၂၀ ခုနှစ်များက အကြံပြုချက်နှင့် ၂၀၁၉ ခုနှစ် ပုဂံကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ် သတ်မှတ်စဉ်က ကမ္ဘာ့အမွေအနှစ် ကော်မတီ၏ အကြံပြုချက် ၁၉ ချက်မှ “ ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုး သတ်မှတ်ချက်ဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသ၏ တန်ဖိုးနှင့် ဝိသေသလက္ခဏာ ဖြစ်သော ရှေးခေတ် ပုဂံကာလ ရေအရင်းအမြစ် စီမံခန့်ခွဲမှုစနစ် သုတေသန လုပ်ငန်းနှင့် မှတ်တမ်း ပြုစုခြင်းတို့ကို ဆက်လက် ဆောင်ရွက်ခြင်းနှင့်အတူ ယင်းအထောက်အထားများကို ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲမှုလုပ်ငန်းတို့ကိုဆောင်ရွက်ရန်ဟူသည့်အချက်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက် ခြင်း ဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လမ်းများဖောက်လုပ်ခြင်း၊ ကန်သင်းများ ပြုလုပ်၍ စိုက်ပျိုးခြင်းများကြောင့် ရှေးဟောင်းရေစီး လမ်းကြောင်းများ ပိတ်ဆို့ခြင်း ၊ တိမ်ကောခြင်း၊  နှစ်ပေါင်း ရာချီ၍ ပို့ကျနေသော နုန်းများ၊ သဲများကိုဖယ်ရှား၍ ရေစီးလမ်းဟောင်းများ ကို ဖော်ထုတ်ပြုပြင်ခြင်းနှင့် ရှေးဟောင်းရေကန်များ၌ ပို့ကျနေသည့် အနယ်များ၊ သဲနုန်းများ တူးဖော် ကန်ဆယ်ခြင်းတို့ကို အမွေအနှစ်များမထိခိုက်စေရန် ဌာနမှ ဝန်ထမ်းများ ကြီးကြပ်၍ ဆက်စပ်ဝန်ကြီး ဌာနများနှင့်တိုင်းဒေသကြီးအစိုးရတို့အကူအညီဖြင့်ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ရေကန်ဆယ်ခြင်း သည် မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်၍ သံဃာတော်များ၊ ဒေသခံများ ပူးပေါင်း၍ နှစ်စဉ် ဆယ်လေ့ ရှိကြောင်း ယခုနှစ်သင်္ကြန်မတိုင်မီကာလက မကျည်းကန်၊ ဆုတောင်းပြည့်ကန်၊ ရေတော်မုနိကန်များ ကန်ဆယ်ခဲ့ကြသကဲ့သို့ နှစ်ဆန်းတစ်ရက်နေ့ကလည်း ရွှေဆံတော်ကန်ကို သံဃာတော်နှင့် ပြည်သူများ စုပေါင်းကန်ဆယ်ကြသည်ကို တွေ့ရပါကြောင်း၊ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန် ၁၀၆ ကန် အနက် ၉၁ ကန်ကို အပိုင်း(၂)ပိုင်း ခွဲခြား၍ ပထမ အဆင့် ၄၆ ကန်နှင့် ဒုတိယအဆင့် ၄၅ ကန် ခွဲခြားခဲ့ပါကြောင်း၊ ပထမအဆင့် ၄၆ ကန်တွင် ပထမ ဦးစားပေး ၁၁ ကန် ၊ ဒုတိယဦးစားပေး ၁၁ ကန်၊ တတိယ ဦးစားပေး ၁၂ ကန် ၊ စတုတ္ထ ဦးစားပေး ၁၂ ကန် တို့ကို ဦးစားပေးအလိုက် ဆယ်ယူ ထိန်းသိမ်းရေး ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ၁၃ ကန်ပြီးစီး၍ ၈ ကန် ဆောင်ရွက်ဆဲဖြစ်သည်ကို စစ်ဆေးကြည့်ရှုခဲ့ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ မြကန်မှ ကျုံး ဧရာဝတီ မြစ်တွင်းသို့ ရေစီးမြောင်းများ တူးဖော်၍ အဆင့်ဆင့် အသုံးပြုခဲ့သဖြင့် ၎င်းရေစီးမြောင်းဝဲယာရှိ ကန်များအား ဦးစားပေးတူးဖော် သွားမည်ဖြစ်ကြောင်း၊ ရှေးခေတ်ကာလ ကတည်းက မြကန်ရေပိုလွှဲမှ စီးဆင်းလာသောရေများကို ဒေသတွင်း ရေဝပ်ရေလျှံမှု မရှိစေရန် ရေသွယ်မြောင်းများဖြင့် စနစ်တကျသွယ်ယူခဲ့ပြီး ဒေသခံများ သောက်သုံးရေ၊ စိုက်ပျိုးရေ အသုံးပြုနိုင်ရန် ယခုလိုကန်များဖြင့် သိုလှောင်အသုံးပြုခဲ့သည်ကို မိမိတို့ကကူညီဆယ်ယူ ထိန်းသိမ်းခြင်းဖြစ်ကြောင်း ပြောကြားပါသည်။ ထို့အပြင် ရေကန်များ ပတ်ဝန်းကျင်နှင့် သင့်လျော် သည့် နေရာများတွင် မန်ကျည်းပင်များ စိုက်ပျိုးရန်နှင့် မန်းကျည်းပျိုးပင်များကို ထောက်ပံ့ပေးမည်ဟု ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက  မူလရေလမ်းကြောင်းကို တူးဖော်ခြင်း၊ လက်ရှိ ရေစီးရေလာအရ ရေမဝပ်ရေးကို ဦးတည်၍ အခြား ထိခိုက်မှုမရှိစေဘဲ တူးဖော်ခြင်းတို့ကို ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ဆွေးနွေးညှိနှိုင်းသင့်ပါ ကြောင်း၊ ရေလမ်းကြောင်းများ တူးဖော်ရာတွင် ရေကန်များကို ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၏ စီမံခန့်ခွဲမှု၊ အကြံပြုချက်များကို အလေးထားဆောင်ရွက်ရန် လိုကြောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ယူသော ရေကန်များမှာ  ဇယဝေရီကန် မင်္ဂလာကန်-၃၊ တောရကျောင်းကန်၊ ပြဿဒ်ကန်တို့   ဖြစ်ပါကြောင်း ပြောကြားပါသည်။

          ထို့နောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင် ပုဂံ ညောင်ဦး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အီတလီနိုင်ငံမှ ရေစီမံခန့်ခွဲမှု ပညာရှင် Prof; Dr. Massimo Sarti ၏ အကြံပြုချက်အရ ဆွေတော်မျိုးတော်ကန်မှ တစ်ဆင့် စီးဆင်းလာသော ရေလမ်းကြောင်းသည် မနူကန်၊ မရွဲကန်အတွင်းမှတစ်ဆင့် ကျုံးအတွင်းသို့ စီးဝင်သော ရေလမ်းကြောင်းအတိုင်း စီးဝင်စေရန် လုပ်ငန်းစဉ်အတိုင်း အကြံပြုချက်အရ ဆောင်ရွက်မည်ဖြစ်၍ ရွှေနန်းရင်တော ကန် (၁)၊ (၂)၊ (၃) တို့ကို ယခုနှစ်တွင် တူးဖော်ပြုပြင်မည့် လုပ်ငန်းအား ခေတ္တဆိုင်းငံ့ထားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးများ နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က  အဆိုပါ ရှေးဟောင်း ရေကန်များကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရတို့၏ အကူအညီဖြင့် စနစ်တကျဖော်ထုတ် နုန်းပို့ကျထားသည်များကို ဆယ်ယူ၍ ဒေသခံများအတွက် သောက်သုံးရေ၊ စိုက်ပျိုးရေ ရရှိစေရန်နှင့် ရှေးဟောင်းရေစီမံမှုစနစ် ပြန်အသက်ဝင်စေရန် စီမံဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ လုပ်ငန်း ဆောင်ရွက်မှု ကုန်ကျစရိတ်များ လေလွင့်မှုမရှိစေရန် နှင့် အရည်အသွေး ကောင်းမွန်သပ်ရပ်အောင် ဆယ်ယူထိန်းသိမ်းရေး ဆောင်ရွက် ပေးစေလိုကြောင်း၊ ပုဂံဒေသရှိ ကျေးရွာများတွင် ဒေသခံ ပြည်သူများ အခက်အခဲ ဖြစ်နေသော  သောက်ရေ သုံးရေ၊ တိရစ္ဆာန်များနှင့် စိုက်ပျိုးရေများ သိုလှောင် အသုံးပြုနိုင်ရေး အတွက်လည်း  အထောက်အကူ ဖြစ်စေရေးပါ ဆောင်ရွက်ပေးရန်နှင့် ရေရှည်အတွက်ပါ ဆက်လက်ထိန်းသိမ်းရေး စီမံပေးရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် ကျောက်ပန်းတောင်းမြို့နယ်သို့ ရောက်ရှိခဲ့ပြီး မြို့ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်မည့် မြေနေရာသို့ သွားရောက်ခဲ့ရာ တာဝန်ခံအရာရှိက မြို့ရေပေးဝေရေးစီမံကိန်း ဆောင်ရွက်သွားမည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးများနှင့် ဝန်ကြီးချုပ်တို့သည် လိုအပ်သည်များညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။