သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း၊ မြို့ရိုး၊ ကျုံး၊ မြို့ဝင်တံခါးပေါက်များ ထိန်းသိမ်းစောင့်ရှောက်မှုများ ကြည့်ရှုစစ်ဆေး တောင်ငူ၊ ဇွန် ၂၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်းအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူကေတုမတီမြို့ဟောင်း အနောက်ဘက်မြို့ရိုး စင်တံခါးအနီးရှိ ကေတုမတီမြို့ဟောင်း မြို့ရိုးပြန်လည်တူးဖော်ထိန်းသိမ်းထားရှိမှု အခြေအနေကို သွားရောက်စစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညိုမြင့်ထွန်းက ကေတုမတီတောင်ငူမြို့၏ သမိုင်းကြောင်း၊ မြို့ရိုး၊ ကျုံးများ နှင့် မြို့ဝင်တံခါးပေါက်များ၏ လက်ရှိအခြေအနေ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ကျုံးနှင့်မြို့ရိုး ဖော်ထုတ်ထိန်းသိမ်းထားမှု အခြေအနေများ၊ ကျုံးနယ်နိမိတ် သတ်မှတ်စိုက်ထူထား သည့်တိုင်များ  ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူကေတုမတီမြို့ဟောင်း မြို့ရိုး အနောက်မြောက်ဘက်ထောင့်မှနေ၍ မြို့ရိုးနှင့်ကျုံးတို့၏ လက်ရှိအခြေအနေကို ကွင်းဆင်းကြည့်ရှု သည်။ ထို့နောက် တောင်ငူကေတုမတီမြို့ဟောင်း မြို့ရိုးနှင့်ပန်းချီတံခါးပေါက်အနီးရှိ ယိုးဒယားပေါက် သို့ ရောက်ရှိပြီး  ပဲခူးတိုင်းဒေသကြီးအစိုးရရန်ပုံငွေနှင့် ထိန်းသိမ်းစောင့်ရှာက်ထားရှိမှုကို ကြည့်ရှု ပြီးနောက် တောင်ငူကေတုမတီမြို့ရိုး ပန်းချီတံခါးပေါက်မှတစ်ဆင့် ကေတုမတီမြို့ရိုး၊ ကျုံးနှင့် မြို့ဝင် တံခါးပေါက်များ၏ လက်ရှိအခြေအနေများကို လိုက်လံကွင်းဆင်းကြည့်ရှုခဲ့ပါသည်။

ရှင်းလင်းတင်ပြချက်များနှင့် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေး ကြည့်ရှုမှု၏ အခြေအနေများအရ ပြည်ထောင်စုဝန်ကြီးက တောင်ငူကေတုမတီမြို့ဟောင်းသည် ယခု အချိန်တွင်(၅၁၄)နှစ်  သက်တမ်းကြာမြင့်နေပြီဖြစ်သော်လည်း ခန့်ညားထည်ဝါသော မြို့ရိုးနှင့် ကျုံးများ တည်ရှိနေသေးသည်ကို တွေ့ရပါကြောင်း၊ ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ကြသည့် တာဝန်ရှိ သူများနှင့် ဒေသခံများကို အထူးကျေးဇူးတင်ပါကြောင်း၊ မြို့ရိုးနှင့်ကျုံးများသည် မိမိတို့၏ ဇာတိသွေး၊ ဇာတိမာန်ကို ဖော်ပြနိုင်သည်သာမက အတိတ်က တောင်ငူဘုရင်များ၏ ဘုန်းတန်ခိုး၊ လက်ရုံးရည်၊ နှလုံးရည်တို့ကို ပြသနေသောကြာင့် တောင်ငူကေတုမတီမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မြို့ရိုး၊ ကျုံးနှင့် မြို့ဝင်တံခါးပေါက်များကို ပြန်လည်ဖော်ထုတ်ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန် အနာဂတ်မျိုးဆက်သစ်များကို လက်ဆင့်ကမ်းပေးရမည်ဖြစ်ကြောင်းမှာကြား ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စုပေါင်းခန်းမတွင် ကျင်းပသည့် တောင်ငူကေတုမတီမြို့ရိုးနှင့်ကျုံးကို ထိန်းသိမ်းမှုဆိုင်ရာ အစည်းအဝေးသို့  တက်ရောက်ပြီး အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပဲခူးမြို့၊ ဟံသာဝတီ မြို့ဟောင်းရှိ မြို့ရိုးနှင့်ကျုံးတည်ရှိရာဒေသကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ပါကြောင်း၊ တောင်ငူမြို့ ကေတုမတီမြို့ဟောင်းကိုလည်း ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် ထိန်းသိမ်းသွား ရမည်ဖြစ်ပါကြောင်း၊ တောင်ငူကေတုမတီမြို့ဟောင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၅၁၄နှစ် အေဒီ ၁၅၁၀ တွင် မင်းကြီးညိုက သာသနာ့တံခွန်စိုက်ထူ၍ မြို့ပြကြီးတည်ဆောက်ခဲ့သော နန်းမြို့တော် တစ်မြို့ဖြစ်ပါကြောင်း၊ ရေကျုံး၊ နွံကျုံး၊ မြို့ရိုး၊ မြို့တံခါး၊ မြို့ထောင့်စေတီ၊ သိမ်၊ ဘုန်းတော်ကြီး ကျောင်းစသည်ဖြင့် စည်ကားစွာ ထွန်းကားခဲ့သော မြို့ဖြစ်ပါကြောင်း၊ မြို့ဟောင်းသည် စတုဂံပုံ သဏ္ဌာန်ရှိပြီး အရှေ့အနောက်(၁.၄) မိုင် (၇၃၉၂ပေ)၊ တောင်မြောက် (၁.၂)မိုင် (၆၃၃၆ပေ)တည်ရှိသဖြင့် အရှေ့မှ အနောက်သည် အနည်းငယ် ပိုကျယ်ပါကြောင်း၊ မြို့ရိုးတံတိုင်းကို အုတ်ဖြင့်တည်ဆောက်ခဲ့ပြီး အတွင်းဘက် မြေသားမြို့ရိုးအဖြစ် မြေဖို့ပြီး လျောဆင်းထားပြီး တည်ဆောက်ထားပါကြောင်း ပြောကြားပါသည်။

             တောင်ငူကေတုမတီမြို့ဟောင်းကို ရေကျုံး၊ နွံကျုံး၊ မြို့ရိုးတံတိုင်း၊ မြို့ထောင့်စေတီ(၄)ဆူ၊ တံခါးပေါက် (၂၀)၊ မြို့ရိုးအတွင်း အလယ်တည့်တည့်နေရာတွင် နန်းတော်ရာကို တည်ဆောက်ခဲ့ပါ ကြောင်း၊ မြို့မတည်ဆောက်မီ မူလရှိပြီးခဲ့သော ကြာအင်းကို မြို့ရိုးတံတိုင်းအတွင်းပါဝင်စေပြီး အင်းကို ထပ်မံမွမ်းမံကာ ကျွန်းလေးကျွန်းဖော်၍ လေးကျွန်းကန်တော်လို့ ခေါ်တွင်စေခဲ့ပါတယ်။ ရေကျုံးသည် အကျယ် ၂၅ တာ (၂၆၂)ပေကျယ်၍ ရေသွင်းရန် အနက် ၁၂ တောင်(၁၈ ပေ) တူးထားခဲ့ပြီး ရေကို ၇ တောင်(၁၀.၅ ပေ)ခန့် အနက်ရှိအောင် သွင်းထားပါကြောင်း၊ ကျုံးမှ မြေသား ၁ တာ(၁၀.၅ ပေ)ခန့်ချန်လျက်ထားသည့် နွံကျုံးသည် ၃ တာ(၃၁.၅ ပေ)မျှ အကျယ်ရှိပါကြောင်း၊နွံကျုံးမှ ၂ တာ (၂၁ ပေ) ခန့်အကွာတွင် ၇ တောင်(၁၀.၅ ပေ) ကျယ်သော မြို့ရိုးကို တည်ဆောက်ခဲ့တာ တွေ့ရ ပါကြောင်း၊ ရေကျုံးမှ အုတ်မြို့ရိုးအထိ စုစုပေါင်းအကျယ်သည် ၃၃၅.၅ ပေ ရှိပြီး မြို့ရိုးသည် မြေပြင်မှ အမြင့် ၁၂ တောင်(၁၈ ပေ)၊ မြေဝင် ၄ တောင်(၆ ပေ) ရှိပါကြောင်း၊ မြို့ရပ် (မြို့ရိုးအပြင်ဘက်) အမြင့်မှာ ၁၆ တောင်(၂၄ ပေ) ရှိကြောင်း၊ မြို့ရိုးတွင် ပြအိုးပေါင်း ၂၄ ခု နှင့် ထန်းပင်ပေါင်း ၂၀၁၂၄၆၀ စိုက်ပျိုးခဲ့သည်ဟု သမိုင်းမှတ်တမ်းများအရ မှတ်သားရပါကြောင်း၊ မြို့ရိုးတစ်ဘက်တွင် တံခါး ၅ ပေါက်စီရှိပြီး တံခါး၏ အကျယ်မှာ ၁၂ တောင်(၁၈ ပေ) ရှိပြီး  တံခါးတစ်ပေါက်တိုင်းတွင် သိမ်တစ်ခုစီ တည်ဆောက်ခဲ့ကြောင်း၊  မြို့ရိုးလေးဘက်တွင် တံခါးစုစုပေါင်း ၂၀ နှင့် သိမ်ပေါင်း ၂၀ ရှိသည်ဟု လေ့လာတွေ့ရှိ ရကြောင်း ပြောကြားပါသည်။

             တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း မြို့တည်၊ နန်းတည် နှစ် ၅၀၀ ပြည့် အထိမ်းအမှတ် ပွဲတော်ကို ၂၀၁၀ ပြည့်နှစ်မှစ၍ ပဲခူတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံမိဘပြည်သူများက နှစ်စဉ်နှစ်တိုင်း ခမ်းခမ်းနားနား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ ရှိကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ကျော်က မင်းကြီးညို တည်ထောင်ခဲ့သော ကျုံး နှင့် မြို့ရိုးများ၊ အဆောက်အအုံများကို လက်ရှိအနေအထားထက် ပိုမို ပျက်ယွင်းမှုမရှိအောင် ပြန်လည် ဖော်ထုတ် ကာကွယ်ထိန်းသိမ်းသွားရမည် ဖြစ်ပါကြောင်းနှင့် မင်းကြီးမဟာသီရိဇေယျသူရ မင်းကြီးညို (အေဒီ ၁၄၈၆-၁၅၃၁) တည်ထောင်ခဲ့သည့် တောင်ငူကေတုမတီမြို့ဟောင်း မြို့ရိုးနှင့် ကျုံးနေရာများ၊  ရှေးဟောင်းအဆောက်အအုံများကို ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် ထိန်းသိမ်းသွားနိုင်ရေးအတွက် ယခုတက်ရောက်လာသူများ အပါအဝင် တာဝန်ရှိသူများ အားလုံးအနေဖြင့် ပူးပေါင်းဆောင်ရွက် ပေးကြပါလို့ မေတ္တာရပ်ခံ တိုက်တွန်းပါကြောင်းစသည်ဖြင့် အမှာစကားပြောကြားပါသည်။

             သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံက မြန်မာနိုင်ငံရှိ ရှေးမြို့ ဟောင်းများနှင့် မတူသည့် မြို့ရိုးမှာ စတုဂံပုံသဏ္ဌာန်ဖြစ်ပြီး မြို့ရိုးတစ်ဘက်တွင် တံခါးပေါက်(၅)ပေါက်၊ သိမ်(၅)ခု၊ စုစုပေါင်း မြို့ဝင်တံခါးပေါက်(၂၀)၊ သိမ်(၂၀)ခုရှိသည့် ထူးခြားချက်ဖြစ်ပါကြောင်း၊ တောင်ငူ မြို့၊ ကေတုမတီမြို့ကို ၁၅၁၀ ခုနှစ်တွင် မင်းကြီးညိုက တည်ထောင်ခဲ့ပြီး ယခုအခါ နှစ်ပေါင်း ၅၁၄ နှစ် ရှိပြီဖြစ်ပါကြောင်း၊ ရှေးဟောင်းအမွေအနှစ်ဖြစ်သော တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း၊ မြို့ရိုး၊ ကျုံး၊ မြို့ဝင်ပေါက်များကို ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းသွားရန်လိုအပ်ပါကြောင်းစသည်ဖြင့် ဆွေးနွေးတင်ပြပါသည်။

             ဆက်လက်ပြီး ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ်၊ ဦးညိုမြင့်ထွန်းက တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း၊ မြို့ရိုး၊ ကျုံး၊ မြို့ဝင်တံခါးပေါက်များနှင့် ဆိုင်ရာ သမိုင်းကြောင်းများနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးတင်ပြပါသည်။

             ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးက တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း မြို့ရိုး၊ ကျုံး၊ မြို့ဝင်တံခါးပေါက်များ တူးဖော်ထိန်းသိမ်းမှုအခြေအနေများကို ဆွေးနွေးပါသည်။ 

             သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် က တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်းသည် သမိုင်းအထောက်အထား ခိုင်မာမှုရှိကြောင်း၊ အထောက် အထားများစွာ ကျန်ရှိနေသေးကြောင်း၊ ဆက်လက်၍ သမိုင်းဆိုင်ရာသုတေသနပြုရန်လိုအပ်ပါကြောင်း ဆွေးနွေးပါသည်။

             ဆက်လက်၍ သမိုင်းသုတေသီဒေါက်တာမြသောင်းက တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း ဆိုင်ရာ သုတေသနဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်လက်ဆောင် ရွက်သင့်ပါကြောင်း စသည်ဖြင့် တင်ပြပါသည်။

             သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးက တင်ပြသည်မှာ တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း ကျုံးနှင့် မြို့ရိုး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအဖွဲ့လက်ထက် ၁၉၉၁-၁၉၉၂ ခုနှစ်တွင် အရှေ့ဘက်ပန်းချီတံခါးမှ တောင်ဘက် ပုန်းဘက်တံခါးအထိ ပေ ၆၀၀၀ ကျော်  ကျုံးဆယ်ထိန်းသိမ်းခဲ့ကြောင်း၊ ၁၉၉၄-၁၉၉၅ ခုနှစ်တွင် အနောက်ဘက် ပေါရိသတ်တံခါးမှ စင်တံခါးကြား ပေ ၅၀၀ ခန့် မြို့ရိုးဖော်ထုတ်ခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့လက်ထက်တွင် စင်တံခါးမှ မြောက်ဘက် ရန်အောင်မြင် တံခါးအထိ ပေ ၁၀၀၀၀ ကျော် ကျုံးအတွင်း အမှိုက်သရိုက် ဗေဒါပင်များ ရှင်းလင်းခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဦးဆောင်မှုဖြင့် အနောက်ဘက် စင်တံခါးမှ အရှေ့ဘက်ပန်းချီ တံခါးအနီးရှိ ယိုးဒယားပေါက်အထိ ကျုံးအတွင်းရှိ အမှိုက်သရိုက်ဗေဒါပင်များကို ရှင်းလင်းခဲ့ကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်ဘဏ္ဍာရေးနှစ်တွင်လည်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် စင်တံခါး၊ စစ်ရင်းတံခါးကြား မြို့ရိုးဖော်ထုတ်ထိန်းသိမ်း ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါကြောင်းနှင့် မြို့ရိုး၊ ကျုံးများ မြို့ဝင်တံခါးပေါက်များကို တူးဖော် ထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပါကြောင်းစသည်ဖြင့် တင်ပြပါသည်။

             ဆက်လက်၍ တက်ရောက်လာသူများက ဆွေးနွေးတင်ပြပါသည်။

             ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး မှာကြားပြီး တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း မြို့ရိုး၊ ကျုံး၊ မြို့ဝင်တံခါးပေါက်များ ထိန်းသိမ်းခြင်း လုပ်ငန်းကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။