အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) တက္ကသိုလ်အဆင့်ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပခြင်း

        အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၂၀၂၃-၂၀၂၄ပညာသင် နှစ်အတွက် ကျင်းပပြုလုပ်သည့် တက္ကသိုလ်အဆင့် ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်း ဖတ်ပွဲကို ၁၇-၆-၂၀၂၄ ရက်နေ့ နံနက် (၁၁)နာရီ (၁၅)မိနစ်၌ စွယ်တော်ဆောင်၊ ယဉ်ကျေးမှုခန်းမတွင်ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဖိတ်ကြား ထားသော ပညာရှင်များ၊ စာတမ်းသဘာပတိများ၊ စာတမ်းရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ကြပါသည်။

          အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အဖွင့်အမှာစကားပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က မုဒိတာစကား ပြောကြားခြင်းနှင့် ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက စာတမ်း ဖတ်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားတို့ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါစာတမ်းဖတ်ပွဲကို ၁၇-၆-၂၀၂၄ ရက်နေ့နှင့် ၁၉-၆-၂၀၂၄ ရက်နေ့ (၂)ရက် ကျင်းပမည်ဖြစ်ပြီး ၁၇-၆-၂၀၂၄ ရက်နေ့တွင် သဘင်ပညာဌာနမှ နည်းပြ  ဦးကျော်စွာဝင်း က “ဝတ္ထုမှသည် စင်တင်ဇာတ်ကြီးအဖြစ် ပြောင်းလဲခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာဌာနမှ ကထိက ဦးသက်ဦး က “ရုပ်ရှင်နှင့် အမျိုးသားရေး အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဂီတပညာဌာနမှ ကထိက ဒေါ်မာမာမြင့် က “အငြိမ့် တီးမျိုး (၆)ပါးတွင် ပါဝင်သော တူရိယာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်း(၃)စောင်ကို ဖတ်ကြားပါသည်။ ၁၉-၆-၂၀၂၄ ရက်နေ့တွင် ပန်းပုပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဦးမြင့်လွင် က “အင်္ဂတေဖြင့် ထုလုပ်ထားသည့် ပန်းပုလက်ရာများ ပြင်ဆင် ထိန်းသိမ်းခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပန်းချီပညာဌာနမှ ကထိက ဦးကျော်လှမောင် က “ပန်းချီအနုပညာဖန်တီးမှုတွင် အရေးပါသော ထားသို ဖွဲ့စည်းတည်ဆောက်ခြင်း အခြေခံသဘောတရားများ”‌ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာပေပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာနိုင်နိုင်ဦး က “ဗုဒ္ဓယဉ်ကျေးမှုကို ဖော်ဆောင်သည့် မြန်မာလူ့အဖွဲ့အစည်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါ်မျိုး က “ခေတ်အဆက်ဆက် ပြောင်းလဲလာသော မြန်မာ့ရိုးရာ ရှင်ပြုမင်္ဂလာကို လေ့လာခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်းအသီးသီး ဖတ်ကြားကြပါသည်။