အာဆီယံနိုင်ငံများရှိ စာပေပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီအစည်းအဝေးကျင်းပ နေပြည်တော်၊ ၄-၇-၂၀၂၄

၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အာဆီယံယဉ်ကျေးမှုရန်ပုံငွေ အထောက်အပံ့ဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှကြီးမှူး၍ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပမည့် အာဆီယံနိုင်ငံများရှိ စာပေပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက်(၁၀:၀၀)နာရီ၌ အမျိုးသားစာကြည့်တိုက်(နေပြည်တော်) Orientation  ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

          အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အဖွင့်အမှာစကားပြောကြားရာတွင် အာဆီယံနိုင်ငံများရှိ စာပေပစ္စည်းများပြုပြင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၇-၈-၂၀၂၄)ရက်နေ့မှ (၁၀-၈-၂၀၂၄)ရက်နေ့အထိ နိုဗိုတယ်ဟိုတယ်၊ ရန်ကုန်မြို့၌ ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲစီမံကိန်းကို ၂၀၂၄ အာဆီယံယဉ်ကျေးမှုရန်ပုံငွေ အထောက်အပံ့ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ပြီး၊ အာဆီယံနိုင်ငံများရှိ အမျိုးသားစာကြည့်တိုက်နှင့် အမျိုးသားမော်ကွန်းတိုက် တို့မှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်၊ ပြည်တွင်း၊ ပြည်ပမှ စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် စာကြည့်တိုက်ပညာရှင် များကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းသည်  အာဆီယံမျှော်မှန်းချက်(၂၀၂၅)နှင့် အာဆီယံ ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာ မဟာဗျူဟာစီမံချက်ပါ ရည်ရွယ်ချက်၊ ရည်မှန်းချက် များကို ပြည်စုံအောင် အကောင်အထည်ဖော်ရာတွင် များစွာ အထောက်အကူပြုမည်ဖြစ်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍများကိုလည်း များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့ဝန်ကြီးဌာန အနေဖြင့် အာဆီယံနှင့်ပတ်သက်ပြီး လူကိုယ်တိုင်ပါဝင် တက်ရောက်သည့် အိမ်ရှင်အဖြစ် လက်ခံ ဆောင်ရွက်ရမည့် ဒုတိယအကြိမ် အစည်းအဝေးလည်း ဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် အာဆီယံ နိုင်ငံများရှိ စာကြည့်တိုက်များနှင့် မော်ကွန်းတိုက်များမှ စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေကြသည့် ပညာရှင်များ၏ နည်းပညာများနှင့် အတွေ့အကြုံများကို လက်ဆင့်ကမ်း ဝေမျှသွားမည် ဖြစ်သည့်အတွက် မတူကွဲပြားသည့် စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ နည်းပညာရပ်များနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိမှာဖြစ်ကြောင်း၊ ထို့ပြင် အာဆီယံနိုင်ငံများရှိ စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေး ပညာရှင်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ၊ အတွေ့ အကြုံများ၊ နည်းပညာများ ဖလှယ်ခြင်းအားဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည် ရင်းနှီးမှုများကို ပိုမိုခိုင်မာလာစေမှာ ဖြစ်ကြောင်း၊ ဒါ့ကြောင့် ဒီအလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မိမိတို့ဝန်ကြီးဌာနနှင့် ဆက်စပ်ဆောင်ရွက်ရမည့် ဝန်ကြီးဌာနများအကြား လိုအပ်သည်များ ကြိုတင်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက်  ယခုအစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများရှိ စာပေပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဆပ်ကော်မတီ အသီးသီးတွင် ပါဝင်သော အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုဆွေးနွေးစေလိုကြောင်းပြောကြားခဲ့ပြီး သမိုင်းသုတေသန နှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က အာဆီယံနိုင်ငံများရှိ စာပေပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ် များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

          ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ဆောင်ရွက်ရမည့် လုပ်ငန်းအလိုက် ဆွေးနွေး တင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။