သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ၂ဝ၂၃ – ၂ဝ၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်၊ ဝန်ထမ်းများ၏ ကျောင်းနေ သား/သမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ် နေပြည်တော် ဇူလိုင်လ ၈ ရက်

         သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ ကျောင်းနေသားသမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက် (တနင်္လာနေ့)၊ ၁၁:၀၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ဆုချီးမြှင့်ခံကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြပါသည်။

          ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာတွင် ယနေ့အခမ်းအနားသည် အနာဂတ် နိုင်ငံတော်၏တာဝန်များကို လက်ဆင့်ကမ်းရယူကြမည့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူ များ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုခြင်းဖြစ်သည့်အပြင် ရှေ့ဆက်ပညာသင်ကြား ရာတွင်လည်း မလျှော့သောလုံ့လဝီရိယနှင့် ဆက်လက်ကြိုးစားအားထုတ်ကြရန်အတွက် ချီးမြှင့် ထောက်ပံ့သည့် အခမ်းအနားဖြစ်ကြောင်း၊ ပညာရေးဆိုသည်မှာ အောင်မြင်သည့် လူတစ်ဦးအဖြစ် ပုံသွင်းပေးရန် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်ပြီး အနာဂတ်တွင်တည်ငြိမ်သောဘဝ ရရှိရန်အတွက် အာမခံချက်တစ်ခုဖြစ်ကြောင်း၊ မိမိတို့ဘဝ၏ရည်မှန်းချက်၊ စိတ်ကူးစိတ်သန်းများ အမှန်တကယ် ဖြစ်လာစေရန် ပညာရေးဖြင့် အကောင်အထည်ဖော်နိုင်ကြောင်း၊ ပညာတတ်သော ကြောင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ကောင်းမွန်စွာချမှတ်နိုင်ပြီး ကောင်းမွန်သောအလုပ်နှင့် ကောင်းမွန်သောဂုဏ်သတင်းများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ မြန်မာ့လူ့ဘောင်တွင် ခေတ်အဆက်ဆက် ဆိုစမှတ်ပြုခဲ့သော ဆိုရိုးစကားတစ်ခုမှာ “ပညာရဲရင့် ပွဲလယ်တင့်” ဆိုသည့် ဆိုရိုးစကားအတိုင်း ပညာကို ကျွမ်းကျင်တတ်မြောက်သောသူသည် ပရိသတ်အလယ် ရဲရဲရင့်ရင့် ပြောဆိုဝံ့၍ တင့်တယ်မည်ဖြစ်ကြောင်း၊ ပြောင်းလဲတိုးတက်နေသည့် နည်းပညာခေတ်တွင် လူငယ်များအနေဖြင့် ဘာသာစကားကျွမ်းကျင်ရန်၊ နည်းပညာများကို နားလည်တတ်ကျွမ်းစေရန် နှင့် သင်ယူထိုက်သည်များကို သင်ယူတတ်မြောက်မှသာလျှင် အရည်အချင်းရှိသည့် လူငယ်များ ဖြစ်လာပြီး မိမိအကျိုး၊ မိမိပတ်ဝန်းကျင်နှင့် နိုင်ငံအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်သည့် စွမ်းရည်ပြည့်ဝသော လူချွန်လူကောင်းများဖြစ်လာအောင် ကြိုးစားသွားကြရန် တိုက်တွန်း ပြောကြားလိုကြောင်း စသည်ဖြင့် ပြောကြားပါသည်။

          ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ(၆)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၃၃)ဦးတို့ကို ဂုဏ်ပြု ချီးမြှင့်ရာတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ၅ ဘာသာဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူ(၂)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒုတိယ ဝန်ကြီး ဦးအေးထွန်းနှင့် ဒုတိယဝန်ကြီး ဒေါ်နုမြဇံတို့က ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူ (၄)ဦး တို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ ကျောင်းနေသားသမီး စုစုပေါင်း ၁၉၅၅ ဦး တို့ကို ပညာသင်ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ရာ စုစုပေါင်း ပညာသင်ချီးမြှင့်ငွေကျပ် ၁၇,၁၈၃,၀၀၀ အား ချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကိုယ်စား ထူးချွန်ဆုရ ၅ ဘာသာ ဂုဏ်ထူးရှင် ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ပြီး အခမ်းအနားကို ၁၂:၀၀ တွင် ရုပ်သိမ်းကြောင်း သိရသည်။