ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)မှဖိတ်ခေါ်ပါသည်

အထိမ်းအမှတ်ပြတိုက်(Memorial Museum)ဟူသည် နိုင်ငံ့သမိုင်းကြောင်းတွင် မျိုးချစ် စိတ်ဓာတ်နှင့် စည်းလုံးညီညွတ်မှုကို လှုံ့ဆော်ပေးသည့် ထူးခြားထင်ရှားသည့် အရေးပါသော လူပုဂ္ဂိုလ်များ၊ သမိုင်းဝင် ဖြစ်ရပ်ဖြစ်ပွားခဲ့သည့်   အဖြစ်အပျက်၊ နေရာ၊ အဆောက်အအုံကို အများ ပြည်သူတို့  အမြဲအမှတ်ရနိုင်စေရန် တည်ဆောက်ထားသော ပြတိုက်အမျိုးအစားပင်ဖြစ်ပေသည်။

            ထိုနိုင်ငံ့သူရဲကောင်းတို့၏ မေ့မရဘွယ် အမှတ်တရများကို မမေ့မလျော့ဘဲ အမြဲမှတ်မိစေရန်၊  ထိုသူတို့၏ သမိုင်းဂုဏ်ရောင်ပြောင်မြောက်သည့် ကြိုးပမ်းမှုများကို ဂုဏ်ပြုရန်၊ လာရောက်လေ့လာသူ ဧည့်ပရိတ်သတ်များမှ မိမိနိုင်ငံ၏ မော်ကွန်းတင်သည့် ရာဇဝင်သမိုင်းကြောင်းများကို ပိုမိုနားလည်သိရှိလာစေရန်အတွက် ပြည်သူလူထုအား အသိပညာပေးနိုင်ရန် ရည်ရွယ်၍   အထိမ်းအမှတ်ပြတိုက် (Memorial Museum)တည်ဆောက် ထားခြင်းဖြစ်ပါသည်။

             အထိမ်းအမှတ်ပြတိုက်များ ထွန်းကားလာခြင်းသည်  နိုင်ငံ့သူရဲကောင်းများ၏ ဘဝဖြစ်စဉ်များနှင့် ထိုသူတို့၏အရေးပါမှုကို တစ်ကမ္ဘာလုံးက သိရှိနိုင်သည့်  စုပေါင်းဝိသေသလက္ခဏာ (collective identity) နှင့် စဉ်ဆက်မပြတ် ရှင်သန်လာစေခြင်း (continuity) ပင်ဖြစ်ပေသည်။ ထိုပြတိုက်များသည် ထင်ရှား ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အောက်မေ့ဘွယ် အမှတ်ရစရာများကို ဂုဏ်ပြုရန်နှင့် ထိုသူတို့ကို ကိုယ်စားပြုသည့် သမိုင်းတစ်ခေတ် ရေစီးကြောင်းကို နက်နဲစွာ နားလည်သဘောပေါက်ရန် သိလိုသူများ အတွက် လေ့လာရာနေရာများ ဖြစ်လာပါသည်။ ဆိုရလျှင် ထိုသူတို့သေဆုံးပြီးနောက် အထိမ်းအမှတ် ပြတိုက်အဖြစ် ထိန်းသိမ်းထားသော ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး၏အိမ်သည် ထိုသူတို့နေထိုင်ခဲ့သည့် လူနေမှုဘဝနှင့် ထိုသူတို့၏ ရာဇဝင်တွင်သည့် သမိုင်းကြောင်းဆိုင်ရာ အချက်အလက်မှတ်တမ်းများကို  အများပြည်သူတို့ နှလုံးသားဆီ ထိုးထွင်းသိမြင်မှု ပေးစွမ်းစေနိုင်ပါသည်။

            အထိမ်းအမှတ် ပြတိုက်များ၏ ပြတိုက်ပညာပေးရေးမှာ ဘက်စုံကျယ်ပြန့်ပြီး နိုင်ငံ့ သူရဲကောင်းများ၏ သမိုင်းကြောင်းများ၊ နိုင်ငံ့ခေါင်းဆောင်များကို အမှတ်ရမှုများကို ထိန်းသိမ်းရုံသာမက ထိုသူတို့၏ လုပ်ဆောင်ချက်များနှင့် ထိုသူတို့ရပ်တည်ခဲ့သည့် တန်ဘိုးများအပေါ် နိုင်ငံသားတို့၏ ရောင်ပြန်ဟပ်စေမှုများအပြင် ထိုသူတို့၏ ကြိုးပမ်းမှုများမှတဆင့်၊ ရာဇဝင်သမိုင်း မော်ကွန်းထိုးနိုင်သည့် အမှတ်တရများ၊  မျိုးချစ်စိတ်ဓာတ်နှင့် ခေါင်းဆောင်မှု၏ အရေးပါမှုကို လူ့အဖွဲ့အစည်းအတွင်း ပိုမိုကျယ်ပြန့်စွာ နားလည်သဘောပေါက်လာစေရန် ပြတိုက်ပညာပေးခြင်း အခန်းကဏ္ဍသည် အရေးကြီးလှပေသည်။

            ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သည် အထိမ်းအမှတ်ပြတိုက် အမျိုးအစားတွင် ပါဝင်ပီး မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၅ ခုနှစ် မှ ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့အထိ နေထိုင်ခဲ့သည့်နေအိမ်အား အထိမ်းအမှတ်ပြတိုက် (Memorial Museum) အဖြစ် ဖွင့်လှစ် ခင်းကျင်းပြသထားခြင်းပင် ဖြစ်ပါသည်။ ပြတိုက်၏ တည်နေရာမှာ အမှတ်-၂၅၊ ဗိုလ်ချို(၁)ရပ်ကွက်၊ ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း)၊  ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင်တည်ရှိပြီး ၂.၄၂၃ဧကကျယ်ဝန်းသည့် ဘဲဥပုံသဏ္ဌာန်(Oval Shape) မြေကွက်ပေါ်ရှိ ၁၈ပေမြင့်သော ကုန်းမြင့် ပေါ်တွင် ၂၀ရာစု ဥရောပပုံစံ ဗိသုကာလက်ရာဒီဇိုင်းများဖြင့် ၁၉၂၀-၁၉၂၁ ခုနှစ်ခန့်တွင် တည်ဆောက် ထားသည့် အဆာက်အအုံ ဖြစ်ပါသည်၊။

            ၁၉၅၇ခုနှစ်၊ စက်တင်ဘာလ(၉)ရက်နေ့တွင်  ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ထံမှ ပရိဘောဂ ပစ္စည်း(၅၃)မျိုးနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို စုဆောင်းရရှိခဲ့ပြီး ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ကိုယ်တိုင် ပစ္စည်းများကို မူလပုံစံအတိုင်း နေရာချ ခင်းကျင်းပေးခဲ့ပြီး ၁၉၆၀ပြည့်နှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အဖြစ် စတင် ဖွင့်လှစ်ပြသခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို စတင်လေ့လာရသော်

            ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အဝင်မှ ကုန်းတစ်လျှောက်တက်လမ်းအတိုင်း တက်လျှင် ကုန်းပေါ်တွင် ဆောက်လုပ် ထားသော နှစ်ထပ်အိမ် အဆောက်အအုံသို့ တက်ရမည့် အမိုးမိုးထားသည့် အုတ်လှေကားသို့ ရောက်ပါသည်။ အုတ်လှေကား၏ထိပ် စင်္ကြန်လမ်း၏ ညာဘက်နံရံတွင် ဗိုလ်ချုပ် အောင်ဆန်းပြတိုက် သမိုင်းကြောင်းကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ရှင်းလင်းပြသထားပြီး စင်္ကြန်လမ်း၏ ဘယ်ဘက်နံရံပေါ်တွင် နေအိမ်အောက်ထပ်နှင့် အပေါ်ထပ်ဖွဲ့စည်းပုံ (Floor Plan) ရှိပါသည်။

ထမင်းစားခန်း

            ပထမဦးဆုံး ထမင်းစားခန်းသို့ ဝင်ရောက် လေ့လာသောအခါ ဗိုလ်ချုပ်၏ ဇာတာ၊ ဗိုလ်ချုပ် ငယ်ဘဝက နေထိုင်ခဲ့သော နတ်မောက်မြို့မှ နေအိမ်ပုံစံငယ်၊ ဘုံဘေဘားမား အိမ်ထောင်ပရိဘောဂတိုက်၊ ရန်ကုန်မြို့တံဆိပ်ပါ အပိုင်း သုံးဆက်ဒီဇိုင်း ကျွန်းထမင်းစားပွဲခုံအရှည်နှင့် ကျွန်းကုလားထိုင် (၁၀)လုံး၊ စတုရန်းပုံ နှစ်ထပ်ဗီရိုထဲတွင် ဗိုလ်ချုပ်မိသားစု အသုံးပြုခဲ့သော မူရင်း ပန်းကန်လုံး၊ ပန်းကန်ပြား၊ ကရား၊ ငွေဖြင့် ပြုလုပ်ထားသည့် ဇွန်းခက်ရင်းများ၊ Made in England တံဆိပ်ပါ ပန်းကန်များ စသည့် ထမင်းစားခန်းသုံးပစ္စည်းများ ထည့်သွင်း ပြသထားပါသည်။ ထို့ပြင် ထမင်းစားခန်းအဝင်ဝ၌ ဖြုတ်၍ တပ်၍ ရသော ကျွန်းလင်ပန်း အရှင်တွဲလျက်ပါရှိပြီး အောက်တွင် ရွေ့လျားနိုင်သည့် ဘီးလေးလုံးပါ ကျွန်းသုံးဆင့် ပစ္စည်းတင်စင်ကို တွေ့ရှိရမည်ဖြစ်သည်။ ၎င်းတွန်းလှည်းဖြင့် စားသောက်ဖွယ်ရာများကို စားဖိုဆောင်မှ သယ်ဆောင်လာပြီး တည်ခင်းဧည့်ခံခဲ့သည်ဟု ခန့်မှန်းရပါသည်။ ပန်းကန်များ တစ်ချပ်နှင့်တစ်ချပ်ကြားတွင် မကွဲ‌စေရန် ကြားခံထည့်ထားသည့် ၁၉၅၈- ၅၉ခုနှစ်ထုတ် သတင်းစာများကို တွေ့ရှိရခြင်းဖြင့်  ထိုခေတ်ကာလ၏ နိုင်ငံရေး အခြေအနေပုံရိပ်များကို မြင်တွေ့ရမည် ဖြစ်ပါသည်။ စားပွဲပေါ်တွင် “ကြည် ပဲပြုတ်နှင့်နံပြားရရင် စားချင်တယ်”ဆိုပြီး ဗိုလ်ချုပ်လက်မှတ်ရေးထိုးထားသည့်စာနှင့် အတူ ပဲပြုတ်နှင့် နံပြား ပြင်ဆင်ထားပုံကိုလည်း တွေ့မြင်ရမည်ဖြစ်ပါသည်။  ဗိုလ်ချုပ်၏ ငယ်ဘဝ၊ ကျောင်းသားဘဝ၊ မိသားစုဘဝ၊ နိုင်ငံ့ခေါင်းဆောင်ဘဝ စသဖြင့် ဗိုလ်ချုပ်၏ ဘဝဖြစ်စဉ်များကို  မြန်မာ- အင်္ဂလိပ် နှစ်ဘာသာဖြင့် ရှင်းလင်းပြသထားပါသည်။

            ဤနေရာတွင် ဗိုလ်ချုပ် မွေးဖွားသည်မှ ကျဆုံးသည့်အချိန်ထိ ဘဝဖြစ်စဉ် အကျဉ်းချုပ် ကိုဖော်ပြရသော်-

– “မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ခရစ်သက္ကရာဇ် ၁၉၁၅ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက် မြန်မာသက္ကရာဇ် ၁၂၇၆ခု တပေါင်းလဆန်း(၁)ရက် စနေနေ့ နံနက် (၃)ချက်တီးအချိန်တွင် မကွေးတိုင်း၊ နတ်မောက်မြို့၊ မြို့သူကြီးအိမ်၌ သန့်စင်ဖွားမြင်သည်။ ဗေဒင် ဆရာက ဇာတာတွင် ထိန်လင်းဟု အမည်ရေးသော်လည်း အစ်ကိုဖြစ်သူ အောင်သန်းနှင့် လိုက်ဖက် အောင် အောင်ဆန်းဟုခေါ်တွင်ပါသည်။

–          ၁၉၂၂ အသက်ခုနှစ်နှစ်တွင် နတ်မောက်မြို့ ဆရာတော်ဦးသောဘိတထံတွင် မူလတန်းပညာ စတင်သင်ကြားခဲ့ပြီး ၁၉၃၂တွင် ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းမှ အထက်တန်းအောင်ကာ ရန်ကုန်တက္ကသိုလ် တက်ရောက်ခဲ့သည်။

–          ၁၉၃၇ခုနှစ်တွင် ခုံအမှတ် ၅၆ဖြင့် ဝိဇ္ဇာတန်းအောင်မြင်ခဲ့ပြီး ဥပဒေပညာကို ဆည်းပူး လိုသောကြောင့် ၁၉၃၇-၃၈တွင် ဘီအယ်လ်တန်းကို တက်ရောက်သင်ကြားခဲ့ပါသည်။

–          ၁၉၃၈ နိုဝင်ဘာလ(၃)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် သမဂ္ဂဥက္ကဌအဖြစ်မှ လည်းကောင်း၊ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဌအဖြစ်မှလည်းကောင်း နုတ်ထွက်ကာ တို့ဗမာအစည်း အရုံးဝင် သခင်တစ်ယောက်အဖြစ် နိုင်ငံရေးလောကသို့ ခြေစုံပစ်၍ ဝင်ခဲ့သည်။

–         ၁၉၄၀ခုနှစ်၊ သြဂုတ်လ(၈)ရက်  ညနေစောင်း(၅)နာရီတွင် မြန်မာ့လွတ်လပ်ရေးအတွက် နိုင်ငံခြားအကူအညီယူရန် သခင်အောင်ဆန်းနှင့် သခင်လှမြိုင်တို့သည် နော်ဝေပိုင် ဟိုင်လီ(Hai Lee)သင်္ဘောဖြင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ အမွိုင်သို့ ထွက်ခွာသည်။

–          ၁၉၄၁ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်နေ့တွင် ယိုးဒယားနိုင်ငံ၊ ဘန်ကောက်မြို့၌ ရဲဘော်သုံးကျိပ် နှင့်အတူ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်း၍ ဗိုလ်တေဇ အမည်ကို ခံယူသည်။

–          ၁၉၄၂စက်တင်ဘာ (၆)ရက် နေ့လည်(၂)နာရီတွင် ဂျပန်ခေတ်ဆေးရုံကြီး အရှေ့ဘက်အစွန်ဆုံးခန်းမဆောင်တွင် ဒေါ်ခင်ကြည်နှင့်လက်ထပ်မင်္ဂလာပွဲကျင်းပကာ သားသမီးလေးဦး ထွန်းကားခဲ့ပါသည်။  

–          ၁၉၄၃ခုနှစ်တွင်၊ သြဂုတ်(၁)ရက်နေ့တွင် ဒေါက်တာဘမော်အစိုးရအဖွဲ့၌ စစ်ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။

–          ၁၉၄၆ခုနှစ်၊ စက်တင်ဘာ(၂၆)ရက်နေ့တွင် ဘုရင်ခံ၏အမှုဆောင်ကောင်စီ၌ ဒုတိယ သဘာပတိရာထူးကို လက်ခံသည်။

–          ၁၉၄၇ခုနှစ်၊ ဇန်နဝါရီလ(၂၇)ရက်နေ့တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးစီးကာ ဗိုလ်ချုပ် အောင်ဆန်းနှင့် ဗြိတိသျှအစိုးရ ဝန်ကြီးချုပ် မစ္စတာအက်တလီတို့   ဘိလပ်၌ အောင်ဆန်းအက်တလီ စာချုပ်ကို ချုပ်ဆိုသည်။    

–          ၁၉၄၇ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်တိုင်းရင်းသား သွေးစည်းညီညွတ်ရေးအတွက် ပင်လုံ သဘောတူညီချက်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင် (၂၂)ဦး လက်မှတ် ရေးထိုးသည်။

–          ၁၉၄၇ ဇူလိုင်လ(၁၃)ရက်နေ့တွင် ရန်ကုန်မြို့တော်ခန်းမတွင် လူထုအစည်းအဝေးကျင်းပ၍ ဗိုလ်ချုပ်အောင်ဆန်းက လက်ရှိ တိုင်းပြုပြည်ပြုလွှတ်တော်ပုံသဏ္ဍာန်နှင့် လွတ်လပ်ရေး(၁)နှစ် အတွင်းရ စေရန် အာမခံကြောင်း မိန့်ခွန်းပြောကြားသည်။ (ဤမိန့်ခွန်းသည် ဗိုလ်ချုပ်၏ နောက်ဆုံး မိန့်ခွန်း ဖြစ်သည်။)

–          ၁၉၄၇ ဇူလိုင်လ(၁၉)ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ အစည်းအဝေးပြုလုပ်နေစဉ် ဂဠုန်ဦးစော၏နောက်လိုက် လူသတ်သမားများ လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန် စော်ဘွားကြီးစပ်စံထွန်း၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့ ကျဆုံးသည်။ “

ထမင်းစားခန်းတွင် အထက်ပါအကြောင်းအချက်များကိုလေ့လာပြီးသော်

ဧည့်ခန်း

            ဗိုလ်ချုပ်နေအိမ်၏ ဧည့်ခန်းသို့ ရောက်ရှိရာ ပန်းချီဆရာကြီး ဦးငွေကိုင်ရေးဆွဲခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း စိုက်ပျိုးရေး ပြုလုပ်နေဟန် “အိမ်နောက်ဖေး ဈေးဆိုင်တည်” ဆီဆေး ပန်းချီကားကြီး ၊ ဗိုလ်ချုပ် ကိုယ်တစ်ပိုင်းပုံ ပလာစတာရုပ်တု ၊ ဗိုလ်ချုပ် အသုံးပြုခဲ့သော စားပွဲနှင့် ထိုင်ခုံဆက်တီများ၊ တင်ခုံ ပေါ်တွင် ဗိုလ်ချုပ်နားထောင်ခဲ့သည့် (Philip) အမျိုးအစားရေဒီယို၊ ဗိုလ်ချုပ် စာဖတ်နေဟန် ဆီလီကွန်ရုပ်ထုကို ဗိုလ်ချုပ်အပန်းဖြေစဉ် အသုံးပြုသော နှစ်ဆင့်ပါ စာအုပ်တင်ခုံ၊ လောင်းကုတ်ဝတ်ဆင်ထားသည့် ဗိုလ်ချုပ် အောင်ဆန်းပုံတူ မတ်ရပ်ပန်းချီကား နောက်ခံထားကာ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၊ သားဦးအောင်ဆန်းဦး၊ သားလတ် အောင်ဆန်းလင်းတို့ ရိုက်ထားသော မိသားစုဓာတ်ပုံတို့ကို ပြသထားပါသည်။ ဧည့်ခန်းမှအထွက် လှေကား၏ ဘေးတွင် ဗိုလ်ချုပ်အောင်ဆန်းဖိနပ် ထိုင်စီးရာတွင် အသုံးပြုခဲ့သည့် ကုလားထိုင်ကို လည်း ပြသထား ပါသည်။ ဧည့်ခန်းထောင့်တွင် ဗိုလ်ချုပ်နှင့်အဖွဲ့ အောင်ဆန်း- အက်တလီစာချုပ် ချုပ်ဆိုရန် လန်ဒန်သို့ အသွား အိန္ဒိယနိုင်ငံသို့ ဝင်ရောက်၍ နိုင်ငံရေးကိစ္စများဆွေးနွေးစဉ် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ဂျဝါဟလ်လာ မစ္စတာနေရူးက ဗိုလ်ချုပ်အောင်ဆန်းအား ၅.၁.၁၉၄၇ ရက်နေ့တွင် လက်ဆောင်ပေးအပ်ခဲ့သော  သက္ကလပ်လောင်းကုတ် အင်္ကျီကို မတ်ရပ်မှန်ဗီရိုအတွင်း ပြသထားပြီး၊ ၎င်းကုတ်အင်္ကျီပေါ်ရှိ ကြယ်သီးတွင် အိန္ဒိယဆေးပညာဆိုင်ရာဌာနအမည်နှင့် GRJ စာလုံးအမှတ်အသား ပါရှိပြီး ကုတ်အင်္ကျီသက်တမ်းမှာ (၇၇)နှစ်ကျော်ရှိပြီ ဖြစ်ပါသည်။

ဗိုလ်ချုပ်ဇနီးမောင်နှံအိပ်ခန်း

            အပေါ်ထပ်သို့ လှေကားမှ ဆက်လက်တက်လာရာတွင် လှေကားထိပ် ဘယ်ဘက် ဗိုလ်ချုပ် ဇနီးမောင်နှံအိပ်ခန်းတွင် မှန်တင်ခုံတစ်ခု၊ ကျွန်းသားနှင့် ပြုလုပ်ထားသော လေးဆင့် မှန်ဗီရိုတစ်လုံးထဲတွင် ဗိုလ်ချုပ်ဝတ်ဆင်အသုံးပြုခဲ့သော အဝတ်အစား၊ စစ်ယူနီဖောင်း၊ အသုံးအဆောင် ပစ္စည်းများ၊ ဗိုလ်ချုပ်တို့ ဇနီးမောင်နှံအိပ်သော ကျွန်းခုတင်နှင့် မွေ့ယာ၊ ခေါင်းအုံး နှစ်လုံး၊ ခြင်ထောင် တို့အား ပုံစံမပျက် ခင်းကျင်းပြသထားပြီး ခုတင်ခြေရင်းတွင် အဝတ်လှမ်းစင်တစ်ခုကို တွေ့ရပါသည်။ ၎င်းနှင့် ကပ်၍ ဗီရိုတွင် နိုင်ငံ့ခေါင်းဆောင်တစ်ယောက် အနေဖြင့် နိုင်ငံ့ကိစ္စများအတွက် အရေးပေါ် ခရီးထွက်ရာတွင် ယူဆောင်ရမည့် အဝတ် အစား အသုံးအဆောင်များ အဆင်သင့်ထည့်ထား သည့် သားရေသေတ္တာနှင့် ၎င်းသေတ္တာတွင်းရှိ စစ်အင်္ကျီ(၂) ထည်၊ ပိုးအင်္ကျီ(၁)ထည်၊ စွပ်ကျယ်လက်စက (၂)ထည်၊ ပိုးပုဆိုး (၃)ထည်၊ အတွင်းခံဘောင်းဘီတို(၇)ထည်၊ ဘောင်းဘီတို(၂) ထည်၊ အိပ်ယာခင်း(၁)ထည်၊ စောင်(၁)ထည်၊ ချည်သားစပို့ရှပ် အင်္ကျီ(၂)ထည်၊ စွပ်ကျယ်(၁)ထည်၊ လက်ကိုင်ပုဝါ(၁)ထည် စသည်တို့တွေ့ရပြီး ထူးခြားချက်အနေဖြင့် အချို့သော အဝတ်အစားအသုံးအဆောင်များတွင် ဗိုလ်ချုပ်အောင်ဆန်း၏အမည် အတိုကောက် AS ဆိုသည့် စာလုံး ရေးထိုးထားသည့် အဝတ်အထည်များ ကိုလည်း တွေ့ရပေမည်။

ဘုရားဆောင်

            ဗိုလ်ချုပ်ပြတိုက်၏ သက်တမ်းသည် နှစ်ပေါင်းရာကျော်နေပြီဖြစ်သဖြင့် ပြတိုက်ရေရှည် တည်တံ့စေရန်နှင့် ပြတိုက်၏ ကြံ့ခိုင်မှုအတွက် ဘုရားဆောင်ပေါ်သို့ အများပြည်သူတို့ တက်ရောက် ခွင့်မပြုနိုင်ပါသဖြင့် အခန်းထောင့်တွင် အပေါ်ထပ် ဘုရားဆောင်သို့ တက်သည့် လှေကားဘေးရှိ ဘုတ်ပြားပေါ်တွင် ဗိုလ်ချုပ်နတ်မောက်မြို့၌ နေထိုင်ခဲ့စဉ်က ကိုးကွယ်ခဲ့သော ဗုဒ္ဓဆင်းတုတော်ပုံ၊ ဗိုလ်ချုပ်၏ ဘုရားဆောင်မှ ဘုရားစင်ပုံ၊ ဘုရားဆောင် ပြတင်းပေါက်မှ ဖူးမြင်ရသော ရွှေကြက်ယက် ဘုရားရှုခင်းပုံနှင့် ရွှေတိဂုံ ဘုရားရှုခင်းပုံများအား ကြည်ညိုဖွယ် ပြသထားပါသည်။

စာကြည့်ခန်း

            စာကြည့်ခန်းသို့ ဆက်လက်လေ့လာလျှင် ဗိုလ်ချုပ်စာရေးသော စာရေးစားပွဲခုံနှင့် ထိုင်ခုံတစ်လုံးစီ ခင်းကျင်း ပြသထားရာ စားပွဲခုံကြီး၏ ဘေးတစ်ဘက်စီတွင် စာအုပ်တင်စင် အလွတ်တစ်လုံးစီရှိပါသည်။ စားပွဲခုံ၏ ရှေ့တွင်လည်း ထိုင်ခုံနှစ်လုံး ချထားပါသည်။

စာကြည့်စားပွဲခုံ၏ ဘေးနံရံတွင် အဆင့်လေးဆင့်ပါရှိသော စာအုပ်ဗီရိုကြီးထဲ၌ စွယ်စုံကျမ်းများ၊ စစ်သမိုင်းများ၊ ဘောဂဗေဒကျမ်းများ ၊ နိုင်ငံရေးဆိုင်ရာ၊ သမိုင်းဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ ပထဝီဝင် ဆိုင်ရာစာအုပ်များပြသထားရာ  အများဆုံးမှာ နိုင်ငံရေးဆိုင်ရာစာအုပ်များ ဖြစ်ပီး အင်္ဂလိပ်ဘာသာ (၂၃၉)အုပ်၊ မြန်မာဘာသာ (၂)အုပ် စုစုပေါင်း ပြတိုက်စာရင်းအရ ဗိုလ်ချုပ်ဖတ်ရှုလေ့လာခဲ့သောစာအုပ် (၂၄၁)အုပ် တွေ့ရပေမည်။  မြန်မာဘာသာဖြင့် ရေးသားထားသော စာအုပ်(၂)အုပ်မှာ သုသောဘိသရာဇဝင်နှင့် မဏိကုဏ္ဍလဝတ္ထုတို့ဖြစ်ပြီး အင်္ဂလိပ်ဘာသာစာအုပ်များအနက်  ၁၈၉၇ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေ ထားသည့် With the Jungle Folkစာအုပ်သည် အစောဆုံးပုံနှိပ် ထုတ်ဝေသည့်စာအုပ်ဖြစ်ပြီး မြန်မာ့ကျေးလက်နေပြည်သူများ၏ နေ့စဉ်လူနေမှုဘဝအကြောင်း သရုပ်ဖော်ရေးသားထားခြင်း ဖြစ်သည်။  ဗိုလ်ချုပ်ကျဆုံးချိန်တွင်   အသက် ၃၂နှစ်သာ ရှိသေးသော်လည်း ဗိုလ်ချုပ်ဖတ်ခဲ့သည့် စာအုပ် များမှာ အင်္ဂလိပ်ဘာသာဖြင့် အများအပြား တွေ့ရှိရပြီး ဘာသာရပ်စုံ လေ့လာဖတ်ရှုခဲ့သည်ကို တွေ့ရှိရ သဖြင့် ဗိုလ်ချုပ် ၏စာဖတ်အားကောင်းမှုကို ယနေ့လူငယ်များ အားကျအတုယူဖွယ် ဖြစ်ပါသည်။

ကလေးများအိပ်ခန်း

            ကလေးများအိပ်ခန်းနံရံ၏ ထောင့်တွင် ကိုယ်လုံးပေါ်မှန်၊ အဝတ်လှန်းစင်တစ်ခု၊ အောင်ဆန်းလင်း အဝတ်အစားများထည့်ထားသော ဗီရိုတစ်လုံးတို့ ရှိပါသည်။ ထို့နောက် စိန့်ပေါလ် ကျောင်း(ယခု အ.ထ.က.(၆) ဗိုလ်တထောင်)တွင် ဒုတိယတန်း တက်နေသည့် အောင်ဆန်းလင်း၏ ကျောင်းသင်ခန်းစာဖတ်စာအုပ်များနှင့် လေ့ကျင့်ခန်းစာအုပ်များကို ပြသထားရာ ထိုခေတ်၏ ဒုတိယတန်းတွင် သင်ကြားသော သမိုင်း၊ ပထဝီ၊ သင်္ချာ၊ အင်္ဂလိပ်စာ သင်ရိုးညွှန်းတန်းနှင့် ပညာရေးစနစ်အဆင့် မြင့်မားမှု၊ စနစ်ကျမှုကိုလည်း တွေ့မြင်နိုင်ပေသည်။

            ထိုစဉ်က အသုံးပြုခဲ့သည့် စီးကရက်ဘူးခွံများကို ကလေးများ ကစားရန် ကစားစရာ ကတ်လေးများ (Playing Card) ပြုလုပ်ပေးထားသည့်ကတ်များကိုလည်း ပြသထားပြီး  အချို့ကတ်များတွင် ကလေးများ၏နာမည်  အတိုကောက်စာလုံးများဖြစ်သည့် ASL, ASU ဟုရေးထိုး ထားသည် ကိုတွေ့မြင်ရပါသည်။  ထို့ပြင်အောင်ဆန်းလင်းရေနစ်သေဆုံးသည့် ၁၆.၁.၁၉၅၃ ရက်နေ့တွင် စာသင်ကြားခဲ့သည့် လက်ရေးမူကို မြန်မာ၊ အင်္ဂလိပ်၊ နှစ်ဘာသာဖြင့် မှန်ဗီရိုဖြင့် ထည့်သွင်းပြသထားပါသည်။ ၎င်းအိပ်ခန်းအလယ်တွင် အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်တို့ အိပ်သည့် ခုတင်သုံးလုံးကို မွေ့ယာ၊ ခေါင်းအုံး၊ ခြင်ထောင်များဖြင့် ခင်းကျင်း ပြသထားပါသည်။ ဤအခန်းတွင် ဗိုလ်ချုပ်ပြတိုက်သမိုင်းကြောင်း၊ ဗိုလ်ချုပ်၏ ငယ်ဘဝ၊ ကျောင်းသားဘဝ၊ မိသားစုဘဝ၊ နိုင်ငံ့ခေါင်းဆောင်ဘဝ စသဖြင့် ဗိုလ်ချုပ်၏ ဘဝဖြစ်စဉ်များကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် လည်းကောင်း   ၊မိန့်ခွန်းများ၊ လက်ရေးမူများ၊ ဗိုလ်ချုပ်ပုံဖြင့် ထုတ်ဝေထားသော ငွေစက္ကူပုံများ ကိုလည်းကောင်း  Touch Screen တွင်ထည့်သွင်း၍ Digital နည်းဖြင့် ပြသထားပါသည်။

အထူးအစည်းအဝေးခန်း

            ကလေးများ၏ အိပ်ခန်းမှ ထွက်လျှင် အထူးအစည်းအဝေးခန်းသို့ ရောက်ရှိပါသည်။ အစည်း အဝေးခန်းမတွင် လက်တင်ကျောမှီ ပက်လက်ထိုင်ခုံနှင့် စာအုပ်တင်ခုံတစ်လုံးရှိပြီး အလယ်တွင် စားပွဲဝိုင်းနှင့် ထိုင်ခုံလေးလုံးကို ခင်းကျင်း ထားပြီး စားပွဲဝိုင်း၏ အနောက်ဘက် နံရံပေါ်တွင် ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များကို မြန်မာ- အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားဖော်ပြ ထားပါသည်။ ဗိုလ်ချုပ်အသက်ရှင်စဉ်ကာလ ဤအိမ်ကြီးတွင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက် သမိုင်းဝင် အရေးကြီးသည့် အစည်းအဝေးများကျင်းပခဲ့ကြောင်း  မြန်မာ့ရက်စဥ်သမိုင်းတွင် လေ့လာရပေသည်။

            ကလေးများအိပ်ခန်း၊ စာကြည့်ခန်း၊ အထူးအစည်းအဝေးခန်းတို့တွင် သန့်စင်ခန်း၊ ရေချိုးခန်း တွဲလျက်ပါရှိပါသည်။ ချက်ပြုတ်ရန် မီးဖိုဆောင်ကို အောက်ထပ်အိမ်မကြီး၏ မြောက်ဘက်တွင် ဆောက်လုပ် ထားပါသည်။

            နေအိမ်၏ အနောက်ဘက် ပတ်လမ်းအတိုင်း ဆက်လျှောက်ပါက စိုက်ပျိုးရေး ပြုလုပ်နေဟန် ဗိုလ်ချုပ်ရုပ်တုနှင့် သီးပင်စားပင်များ ဝေဆာနေသော ဗိုလ်ချုပ် စိုက်ခင်းကိုတွေ့ရမည်ဖြစ်ပါသည်။ စိုက်ခင်းဘေးပတ်လမ်းအတိုင်း ကြည့်ပါက ဗိုလ်ချုပ်၏ ဒုတိယသား အောင်ဆန်းလင်း ရေနစ်ကွယ်လွန်ခဲ့သော ရေကန်အား တွေ့ရှိရပါမည်။ ၎င်းရေကန်ရှေ့ တွင် ၁၉၅၃ ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့တွင် ဒုတိယသား အောင်ဆန်းလင်း ရေနစ်၍ ကွယ်လွန်ခဲ့သည့် ရေကန်ဟု ရှင်းလင်း ဖော်ပြထားသည့် ဆိုင်းဘုတ်ကို တွေ့ရပါမည်ဖြစ်ပါသည်။

ဗိုလ်ချုပ် အသုံးပြုသွားခဲ့သည့် မော်တော်ကား

            ၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်ကျဆုံးသည်အထိ အသုံးပြုသွားခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် Wolseleyအမျိုးအစား မော်တော်ကားကို ကားဂိုဒေါင်အတွင်း မှန်ဖြင့်ကာရံ   ပြသထားပါသည်။  Wolsely Motors Limited ကုမ္ပဏီကို ၁၉၀၁ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ဇိမ်ခံကား ထုတ်လုပ်ခြင်းဖြင့် ကားဈေးကွက်ကို လွှမ်းမိုးထားသော ကုမ္ပဏီ တစ်ခုဖြစ်သည်။ မူလစီးနေသော ဂျစ်ကား အမှတ်(၆၆)အစား ပြောင်းလဲပေးအပ်ခြင်း ဖြစ်သည်။

 (၇၇) နှစ်မြောက် အာဇာနည်နေ့ အထူးပြပွဲခင်းကျင်းပြသရေး

            ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ယခုနှစ်တွင် (၇၇) နှစ်မြောက် ရှိခဲ့ပြီဖြစ်သည်။ ယခုနှစ် (၇၇) နှစ်မြောက် အာဇာနည်နေ့ အများပြည်သူများ လာရောက်လေ့လာနိုင်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်(ရန်ကုန်) ကို ထိန်းသိမ်းဆောင်ရွက်ထားရှိမှုများပြုလုပ်ပြီးဖြစ်သလို အထူးပြပွဲခင်းကျင်းပြသရေး (Special Exhibition) ကိုလည်း နည်းလမ်းနှစ်သွယ်ဖြင့် ခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။

(၁) ပုံမှန်ခင်းကျင်းပြသခြင်းပြကွက် (Traditional Exhibition) အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အတက်လမ်းနှင့် အဆင်းလမ်းတွင် ယခင်နှစ် များကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ အသုံးအဆောင်များနှင့် လက်ရေးမူများအား စတစ်ကာ ဗီနိုင်းဘုတ်ပြားများဖြင့် ပြသမည့်ပြကွက်ကို ခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။

(၂) အိုင်တီ နည်းပညာဖြင့်ခင်းကျင်းမှု ပြကွက် (Digital Exhibition) အနေဖြင့်

            (က) အိုင်တီ နည်းပညာဖြင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ဗိသုကာဒီဇိုင်းနှင့် မြေယာရှုခင်းများအား         Animation Video Clip ပြကွက်

            (ခ) 3D Holographic Fan ဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများ ပြကွက်

        (ဂ) အိုင်တီ နည်းပညာဖြင့် Offline Web Page ဖြင့် ပြသမည့် ပြကွက်တွင်

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ အများပြည်သူများ လာရောက်လေ့လာစဉ် သတိမမူမိသည့် (Hiding Objects) ပြသပစ္စည်းများကို ဓာတ်ပုံရိုက်ကူးပြသထားသည့် ပြကွက်၊ အိုင်တီ နည်းပညာဖြင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ဗိသုကာဒီဇိုင်းနှင့် မြေယာရှုခင်းများအား Virtual Tour ပြကွက်၊ အိုင်တီ နည်းပညာဖြင့် နှစ်အလိုက် အထူးပြပွဲခင်းကျင်းပြသသည့် ဓာတ်ပုံမှတ်တမ်းများ ပြကွက်၊

        (ဃ)     အိုင်တီနည်းပညာဖြင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် ဗိုလ်ချုပ်အောင်ဆန်းဘဝအကြောင်း ဗဟုသုတ ရရှိစေရန်  ဥာဏ်စမ်းမေးခွန်းလွှာ ဖြေဆို၍ ဆုလက်ဆောင်များ ပေးခြင်း အပါအဝင် စသည့် အိုင်တီ နည်းပညာဖြင့်ခင်းကျင်းမှု ပြကွက်များကို ခင်းကျင်း ပြသပါမည်။

အိုင်တီ နည်းပညာဖြင့်ခင်းကျင်းမှု ပြကွက် (Digital Exhibition) ဖန်တီးမှုအတွက် 55” Interactive Touch Screen (၆) လုံးကို  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပံ့ပိုးကူညီထားပြီး အမျိုးသားပြတိုက်(ရန်ကုန်)မှ ဝန်ထမ်းများ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဉီးစီးဌာန (နေပြည်တော်)မှ ပံ့ပိုးကူညီမှုနှင့် Myanmar ICT solution Co. ltd တို့ ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါသည်။

            သို့ဖြစ်ပေရာ ယခုနှစ် (၇၇)နှစ်မြောက် အာဇာနည်နေ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)  အထူးပြပွဲခင်းကျင်းပြသခြင်း(Special Exhibition)သည် ယခင်နှစ်များနှင့်မတူ  နည်းပညာအသုံးပြု ခင်းကျင်းပြသထားရာ  ပြည်သူများ လာရောက် လေ့လာပြီးလျှင် ဗိုလ်ချုပ်အောင်ဆန်း ဘဝ ဖြစ်စဉ်နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၏ လေ့လာသိရှိဖွယ် ဗဟုသုတများကို သိရှိနိုင်ပြီး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်များနှင့် တိုင်းပြည်၏ လွတ်လပ်ရေးနှင့် အချုပ်အချာအာဏာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်လိုစိတ် ဖြစ်ပေါ်လာပေမည် ဖြစ်ပေရာ (၇၇)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)သို့ လာရောက်လေ့လာပါရန် ဖိတ်ခေါ်အပ်ပါသည်။

                                                                                                            သီသီသောင်း

ကိုးကား

၁။ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ။  မြန်မာ့ရက်စဉ် သမိုင်း(အကြိုသမိုင်းကာလမှ ၁၉၄၅ အထိ)ပထမတွဲ.

၂။  ကျော်ငြိမ်း၊ဦး၊ မြန်မာ့ သမိုင်းအဖွဲ့။  မြန်မာ့ရက်စဉ်သမိုင်း(၁၉၄၅-၄၈)ဒုတိယတွဲ၊ အပိုင်း(၁).

၃။  သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ။ (၂၀၂၀)၊ မြန်မာ့လွတ်လပ်ရေးဗိသုကာဗိုလ်ချုပ်အောင်ဆန်း.

၄။ သီသီသောင်း၊ ဒေါ်၊ (၂၀၂၁၊ ၂၀၂၂).၊ဆောင်းပါးများ၊ ကြေးမုံ သတင်းစာ၊ မြန်မာ့အလင်း သတင်းစာ. ၅။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ၊ပြတိုက်မှူးဘဝ လေ့လာချက်များ