အမျိုးသားပြတိုက်(နေပြည်တော်) (၉ )နှစ်ပြည့် အထိမ်းအမှတ် မြန်မာ့ရက်ကန်းလက်မှုအနုပညာ အထူးပြပွဲ ဖွင့်လှစ်ခြင်း နေပြည်တော်  ဇူလိုင်  ၁၅

မြန်မာ့ရက်ကန်းလက်မှုအနုပညာ  အထူးပြပွဲ  ဖွင့်ပွဲကို အမျိုးသားပြတိုက်( နေပြည်တော် ) ဖွင့်လှစ်ခြင်း (၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ ဖွင့်ပွဲ အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဝန်ကြီးဌာန လက်အောက်ရှိ ဌာနအဖွဲ့ အစည်းများမှ အကြီးအကဲများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ မူဝါဒနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ရွယ်ပြီး အမျိုးသားပြတိုက်(နေပြည်တော်)ကို ၂၀၁၁ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့တွင် စတင်ဖွင့်လှစ်ပြသခဲ့သဖြင့် ယနေ့တွင် (၉)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ အမျိုးသားပြတိုက်(နေပြည်တော်)တွင် အဆောင်(၅)ဆောင်ပါဝင်ကာ ပြခန်း(၁၃)ခန်းကို အများပြည်သူအား ဖွင့်လှစ်ပြသလျက်ရှိကြောင်း၊ ယနေ့ဖွင့်လှစ်သည့် မြန်မာ့ရက်ကန်းလက်မှုအနုပညာ အထူးပြပွဲ၌ မြန်မာ့ရိုးရာရက်ကန်းများ ရက်လုပ်ပုံအဆင့်ဆင့်နှင့် အချိတ်ဒီဇိုင်းများ၊ ပုဂံခေတ် နံရံဆေးရေးပန်းချီ ရေးဆွဲခဲ့သည့် အဝတ်စများ၊ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှုပြ ရုပ်တု၊ ရုပ်လုံးများ၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးကြီး (၈)မျိုး၏ ဝတ်စားဆင်ယင်မှုများ၊ ကြာချည်ရက်လုပ်ပုံများ၊ Eco Print နှင့် ပြုလုပ်ထားသည့် အဝတ်အထည်များကို ပြသသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် နှစ်ပေါင်း သုံးထောင်ခန့် ကြေးခေတ် – သံခေတ် ယဉ်ကျေးမှုထွန်းကားခဲ့သည့် လူ့အဖွဲ့အစည်းများက ချည်ထည်ယက်လုပ် သုံးစွဲခဲ့ကြသည့် အနုပညာပေါ်ထွန်းနေပြီဖြစ်ကြောင်း၊ ထို့နောက် ခေတ်အဆက်ဆက် တိုးတက်ထွန်းကားခဲ့ကြောင်းကို  ရုပ်တု၊ ရုပ်ကြွများ၊ သမိုင်းမှတ်တမ်းများ၊

ကျောက်စာများ၊ နံရံဆေးရေးပန်းချီများအရ သိရှိနိုင်ပါကြောင်း၊ အဆင့်အတန်း မြင့်မားခဲ့သည့် မြန်မာ့ရက်ကန်း လက်မှုအနုပညာ မတိမ်ကော မပပျောက်စေရန်၊ ပြည်သူလူထုအနေဖြင့် မိမိတို့နိုင်ငံ၏ ထုတ်ကုန်ပစ္စည်းများကို အားပေးကြရန်နှင့် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ် များကို ထိန်းသိမ်းမြှင့်တင်လိုစိတ်များ ဖြစ်ပေါ်လာကြစေရန်အတွက် ပြတိုက်များက ပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

          ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင် က အထူးပြပွဲ ပြသရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်သူများက အထူး ပြပွဲအတွင်း ခင်းကျင်းပြသထားသည့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ တူးဖော်တွေ့ရှိမှုအထောက်အထားများအရ မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင့် ငါးရာ-သုံးထောင်ခန့်က ပေါ်ထွန်းခဲ့သည့် ကြေးခေတ်၊ သံခေတ်ထွန်းကားခဲ့သည့် လူမျိုးစုအဖွဲ့ အစည်းများတွင် ချည်ထည်များကိုရက်လုပ်သုံးစွဲခဲ့ကြသည့် အထောက်အထားများပြကွက်၊ ပျူခေတ်တွင်တွေ့ရှိရသော ဝတ်စားဆင်ယင်မှုအထောက်အထားများအရ ချည်ထည်ရက်လုပ် သုံးစွဲမှု တိုးတက်ထွန်းကားလာခဲ့သည့် အထောက်အထားများ ပြကွက်၊ ပုဂံခေတ် အဝတ်ပန်းချီ များ၊ နံရံပန်းချီများမှ တွေ့ရှိရသော မြန်မာ့ရိုးရာ ချည်ထည်ရက်လုပ်သုံးစွဲမှုအဆင့်ဆင့် ပြကွက်များ၊  အချိတ် ဒီဇိုင်းများ၊ ကြာချည်ရက်လုပ်ပုံများ၊ စာစည်းကြိုးများ၊ ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယ၊ အင်းဝနှင့် ရတနာပုံခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှုပြ ရုပ်တု၊ ရုပ်လုံးရုပ်ကြွများ၊ မြန်မာ နိုင်ငံရှိ တိုင်းရင်းသားလူမျိုးကြီး(၈) မျိုးတို့၏ ဝတ်စားဆင်ယင်မှု ပြသထားသည့် ပြကွက်များကို စိတ်ဝင်တစား လှည့်လည် ကြည့်ရှုခဲ့ကြပါသည်။

မြန်မာ့ရက်ကန်းလက်မှုအနုပညာ အထူးပြပွဲကို ဇူလိုင်လ(၁၆)ရက်နေ့မှ (၂၈)ရက်နေ့အထိ အများပြည်သူများအား အခမဲ့ (၁၀)ရက် ကြာ ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိပါ သည်။