နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီ (၁/၂၀၂၄) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇူလိုင် ၂၃

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ကော်မတီဝင်ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အကြံပေးပုဂ္ဂိုလ်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်တွင်းပညာရှင်များ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ညောင်ဦးခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစားပေးဆောင်ရွက်

အစည်းအဝေးတွင် ဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၄ ခုနှစ် မေ ၂၅ ရက်နှင့် ၂၆ ရက်အထိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ရေလှောင်တမံများအား ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခြင်း၊ အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ တမံများ၏ ခံနိုင်ရည်စံနှုန်းအရည်အသွေးစစ်ဆေးခြင်းများကို အဆင့်အလိုက် စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရေလှောင်တမံများ၊ ရေလှောင်ကန်များအားလုံး၏ ရေဝင်ရောက်ရာ လမ်းကြောင်းနှင့် ဆည်ရေသောက်ဧရိယာတစ်လျှောက် လမ်းကြောင်းများအတွင်း ရေကြောင်းပိတ်ဆို့မှုမရှိစေရေး၊ ရေဝင်ရေထွက်ကောင်းမွန်စေရေး အသေးစိတ်လေ့လာဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရေသည် အထက်မှ အောက်သို့သာ စီးဆင်းတတ်သည့် သဘောသဘာဝဖြစ်သဖြင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေဝင်ရောက်သည့်အနိမ့်ပိုင်းများ၌ ရေဝင်ထွက်မှုကောင်းစေရန် ဦးစားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရေစီးရေလာကောင်းမွန်မှုရှိစေရေး၊ ရေဝင်ရေထွက် ကောင်းမွန်စေရေး အဓိကထားဆောင်ရွက်ရန် လိုအပ်ကြောင်းကို လမ်းညွှန်မှာကြားခဲ့ပြီးဖြစ်ပါကြောင်း။

ပူးပေါင်းဆောင်ရွက်

ယဉ်ကျေးမှုအမွေအနှစ်ဒေသများတွင် ဖွံ့ဖြိုးမှုလုပ်ငန်များ ဆောင်ရွက်ကြသည့်အခါ ယဉ်ကျေးမှုအမွေအနှစ်အပေါ် ထိခိုက်နိုင်မှုဆန်းစစ်ချက် (Heritage Impact Assessment -HIA) ဆောင်ရွက်ပြီးမှသာ HIA အကြံပြုချက်နှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်သည်ကို အလေးထား ပြောကြားလိုပါကြောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်းတွင် ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကန်များ ပြန်လည်တူးဖော်ရန်တို့ကိုလည်း ဆက်စပ်ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးအစိုးရတို့ ပေါင်းစပ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောက်စာမှတ်တမ်းအထောက်အထားများကို အခြေခံပြီး ပုဂံကမ္ဘာ့အမွေအနှစ်ဒေသတွင်ရှိသည့် ရေကန်များကို ကွင်းဆင်းမှတ်တမ်းစာရင်း ကောက်ယူခဲ့ရာ ရေကန် (၁၀၆) ကန်ကို စာရင်းပြုစုနိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါရေကန်များအနက် ပြုပြင်ထိန်းသိမ်းရန် လိုအပ်သော (၉၁) ကန်အား ရှေးဟောင်းရေစီးလမ်းကြောင်းများတွင် ပို့ကျနေသည့် သဲနုန်းအနည်အနှစ်များကို ပြန်လည်ဖယ်ရှားပြုပြင်ပေးမှသာ ရေစီးရေလာကောင်းမွန်ပြီး ရေထိန်းနိုင်မည်ဖြစ်သည့်အတွက် ကန်ဆယ်ခြင်း၊ ရေလမ်းကြောင်းများ ပြုပြင်ရေးကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရှေးဟောင်းအမွေအနှစ်များ မထိခိုက်စေရန် ဌာနမှဝန်ထမ်းများ ကြီးကြပ်၍ ဆက်စပ်ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးအစိုးရတို့ အကူအညီဖြင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု သိရှိရပါကြောင်း။

ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက သဗ္ဗညုဘုရားကြီး ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသကဲ့သို့ အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာန ASI (Archaeological Survey of India) ကလည်း ၂၀၁၈ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ၁၀ နှစ် စီမံကိန်းဖြင့် ရှေးဟောင်းအဆောက်အအုံပေါင်း ၉၂ ဆူ ပြုပြင်ထိန်းသိမ်းရန် MoU ရေးထိုးပြီး ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း။

မိမိတို့၏ ဦးစီးကော်မတီသည် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသကြီး၏ ပြုပြင်ထိန်းသိမ်းမှုများကို ကြီးကြပ်တာဝန်ယူရသည့်အတွက် တန်ဖိုးရှိသည့် ရှေးဟောင်းအမွေအနှစ်များကို သဘာဝဘေးအန္တရာယ်သာမက မသမာသူများ၏ ခိုးယူဖျက်ဆီးမှုကပါ ကာကွယ်နိုင်စေရန် ပုဂံဒေသတစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် အချိန်ပြည့် လုံခြုံရေးစောင့်ကြည့်မှုစနစ်၊ CCTV အစီ အမံများလည်း လာမည့်နှစ်များတွင် ဆက်လက်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့အတူ စေတီပုထိုး တစ်ဆူချင်း၏ မှတ်တမ်းမှတ်ရာများလည်း ပြုစုထိန်းသိမ်းထားမည်ဆိုပါက နောင်တစ်ချိန်ချိန်တွင် ထိခိုက်ပျက်စီးခဲ့မည်ဆိုပါက ပြန်လည်ပြုပြင်ရန် အထောက်အထားများ ရရှိမည်ဖြစ်သည့်အတွက် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါ ကြောင်း။

ဆက်လက်ကူညီဆောင်ရွက်ပေး

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသည် UNESCO ၏ ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်သည်နှင့်အညီ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ၊ ပြည်တွင်းခရီးသွားဧည့်သည်များ ပုဂံဒေသအတွင်း သွားရောက်လည်ပတ်သည့်အခါတွင် အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် အသုံးပြုသည့်လမ်းများ ကောင်းမွန်စေရန် လိုအပ်သည်ဟု နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားပါကြောင်း၊ ထို့ကြောင့် ပုဂံမြို့အဝင်နှင့် ဆက်စပ်ကျေးရွာများ၏ လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများ၊ ရေကန်ချင်းဆက်လမ်းများ တစ်ဆင့်ပြီးတစ်ဆင့် အဆင့်မြှင့်တင်ဆောင်ရွက်သွားရန် သက်ဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များက စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းနှင့် ယနေ့အစည်းအဝေးကို တက်ရောက်လာကြသူများအနေဖြင့် မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ ဆောင်ရွက်ရန် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ဖိတ်ခေါ်ပါကြောင်း၊ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ တွင်ရှိသည့် ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရာတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ စီမံခန့်ခွဲမှုကိစ္စအဝဝနှင့် လိုအပ်သည့်အကူအညီများကို ဆက်လက်ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ရှေးဟောင်းရေကန် (၉၁) ကန်အား ပြန်လည်ပြုပြင်တူးဖော်မှု အခြေအနေများ၊ ပြည်တွင်း/ ပြည်ပပညာရှင်များဖြင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ ရန်ပုံငွေများ စနစ်တကျစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

ဆွေးနွေးတင်ပြ

ယင်းနောက် ဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများက ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြ ကြသည်။

ဆက်လက်၍ ဦးစီးကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်လင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက ပုဂံဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ရေတို/ ရေရှည်စီမံချက်များချမှတ်၍ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ဦးစီးကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။