(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပနေပြည်တော်       ဇူလိုင်လ ၂၅

၂၀၂၄ ခုနှစ်တွင် ကျင်းပပြုလုပ်မည့်(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ပထမကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၀၉:၃၀ နာရီက နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊  လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများ၊ ဘာသာရပ်ဆိုင်ရာပညာရှင်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

        ရှေးဦးစွာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ရာ ယခုနှစ် ကျင်းပ ပြုလုပ်မည့်ပြိုင်ပွဲကြီးသည် သက်တမ်းအားဖြင့် (၃၁)နှစ်၊ အကြိမ်ရေအားဖြင့် (၂၅)ကြိမ်တိုင် ခဲ့ပြီဖြစ်ပါကြောင်း၊ “(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး”အဖြစ်လည်း သမိုင်းကမ္ပည်းရေးထိုးနိုင်တော့မည်ဖြစ်ပါကြောင်း၊ “(၂၅)ကြိမ်မြောက်ငွေရတု”ဆိုသည့် ဝိသေသနှင့်အညီ ပြိုင်ပွဲကြီး၏ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်း အနားကြီးများကို ထူးခြားသည့် အစီအစဉ်များနှင့် စီစဉ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊  ကြိုတင်ပြင်ဆင်ညှိနှိုင်းမှုများလည်း ပြုလုပ်ထားပြီးဖြစ်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးဘာသာရပ်များကို တောက်လျှောက်လက်ဆင့်ကမ်းခဲ့ကြသည့် ပညာရှင်ကြီးများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင်ရှိကြသည့် ဝါသနာရှင်မျိုးဆက်သစ်လူငယ်များ၏ ကြိုးပမ်းအားထုတ်မှုတို့ကို အခြေခံပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကို လူအား၊ ငွေအား၊ အချိန်များပံ့ပိုးပြီး စဉ်ဆက်မပြတ် ကျင်းပနေခြင်းဖြစ်ပါကြောင်း၊ အချိန်ကာလ တစ်ခု အထိ ရပ်နားခဲ့ရသည့် ပြိုင်ပွဲကြီးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ၂၀၂၂ ခုနှစ်ကစတင်ပြီး ပြန်လည်ဖော်ထုတ်ကျင်းပခဲ့ရာ ယခုနှစ်တွင် (၂၅)ကြိမ်မြောက် ငွေရတု တိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် စတင်ကျင်းပရာတွင် ခမ်းခမ်းနားနားနှင့် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပရန်၊ သက်ဆိုင်ရာ ဘာသာရပ် အလိုက် တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ပြီး  အတွေ့အကြုံရင့်ကျက်မှုနှင့် စည်းမျဉ်းစည်းကမ်း နှင့်အညီမှန်ကန်စွာ သုံးသပ်ဆုံးဖြတ်နိုင်သည့်အပြင်၊ အဂတိတရားကင်းရှင်းသော အကဲဖြတ် ပညာရှင်ကြီးများနှင့်အတူ တိုင်းဒေသကြီးနှင့်ပြည်နယ်များက ရွက်ပုန်းသီးများကို ဖော်ထုတ် မြှင့်တင်နိုင်ရန်ဆိုသည့် ဦးတည်ချက်ကို အလေးထားပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများအနေဖြင့် ပြိုင်ပွဲကြီး ခမ်းနားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် အနုသုခုမဆိုင်ရာ ရှုထောင့်အပြင် လုံခြုံရေး ရှုထောင့်နှင့်  ကျန်းမာရေးဆိုင်ရာ  ရှုထောင့်များကိုပါ ပြည့်စုံစေ့စပ်စွာ ကြိုတင်စဉ်းစားဆောင် ရွက်ခဲ့ကြပါကြောင်း၊   ယခုနှစ်တွင်လည်း ယခင်က ရှိပြီးဖြစ်သော အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်နေရာသတ်မှတ်ချက် များအနေဖြင့် ယခင်နှစ်နည်းတူ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၂)(MICC-II)၊ အမျိုးသားပြတိုက်၊ အမျိုးသားစာကြည့်တိုက်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၊ အနုပညာဦးစီးဌာန၏ လေ့ကျင့်ရေး ဇာတ်ရုံတို့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုနှစ်အတွက် အဆိုနှင့်အတီး ဘာသာရပ်ဆိုင်ရာ စံတေးသီချင်းသတ်မှတ်ချက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များ လေ့ကျင့်နိုင်ရန် ၂၅.၄.၂၀၂၄ ရက်နေ့မှာ ကြိုတင်ဖြန့်ဝေခဲ့ ပြီးဖြစ်ပါကြောင်း၊ အကဘာသာရပ်၏ အဆင့်လိုက်အတွက် တေးသီချင်း(၁၂)ပုဒ်ကိုလည်း အသစ်ရေးစပ်အသံသွင်းကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အချိန်မီ ဖြန့်ဝေခဲ့ပြီးဖြစ်ပါ ကြောင်း၊ ဇာတ်တော်ကြီးပြိုင်ပွဲအတွက် ဇာတ်တော်ကြီးအကဲဖြတ် လုပ်ငန်းအဖွဲ့က တင်ပြ လာသည့်  နန္ဒီသေနဇာတ်၊ ရုပ်စုံသဘင် အဖွဲ့လိုက်ပြိုင်ပွဲ ဝါသနာရှင်(ပထမတန်း)အဆင့် အတွက် ဝေဿန္တရာ ဇာတ်တော်ကြီး၊ ကွက်စိပ်ပြိုင်ပွဲအတွက် မဟာသုတသောမဇာတ်နှင့် သမုဒ္ဒဝါဏိဇဇာတ်တို့ကို ရွေးချယ်သတ်မှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊  ယခုနှစ်အတွက် ထူးခြားမှု အဖြစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်း အမှတ်ပြိုင်ပွဲကြီး၏ ဖွင့်ပွဲအခမ်းအနားတွင် တိုင်းရင်းသားများ၏ ရိုးရာတူရိယာပစ္စည်းများကို ပေါင်းစပ်ပြီး စုပေါင်းတီးမှုတ် ဖျော်ဖြေသွား နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိခြင်းပဲဖြစ်ပါကြောင်း၊ ထိုနည်းတူစွာ တိုင်းရင်းသား များ၏ ရိုးရာတူရိယာများနှင့် အဖွဲ့လိုက်ပါဝင်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီး ဖြစ်ပါ ကြောင်း၊  မိမိတို့၏ ပြည်နယ်အတွင်း၌ရှိသော တိုင်းရင်းသားတို့၏ ရိုးရာတူရိယာများကို အသုံးပြု၍ သက်ဆိုင်ရာတိုင်းရင်းသား ဘာသာစကားများနှင့် ရေးစပ်သီဆိုပြီး အချိန် သတ်မှတ်ချက် ၅ မိနစ်နှင့် ၈ မိနစ်အတွင်း ယှဉ်ပြိုင်သွားကြရမှာဖြစ်ပါကြောင်း၊၅.၇.၂၀၂၄ ရက် နေ့က  ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄) တွင် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာနှင့်ပတ်သက်ပြီး ထိန်းသိမ်းရန်နှင့် တာဝန်ရှိပုဂ္ဂိုလ် များက ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲအား အဆင့်ရှိရှိ ယှဉ်ပြိုင် နိုင်ရေးဝိုင်းဝန်းကူညီပေးကြရန်လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ အဆိုပါ လမ်းညွှန်မှုနှင့် ပတ်သက်၍ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ အကဲဖြတ် ပညာရှင်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အုပ်ချုပ်သူ/နည်းပြများ၊ ပြိုင်ပွဲဝင်များ အပါအဝင် အထူးဂရုပြု လေးစားလိုက်နာကြရမည့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာကို အခြေခံသည့် အဆင့်ရှိရှိ ယှဉ်ပြိုင်နိုင်ရေးဆိုရာတွင် အနုသုခုမဆိုင်ရာ ပညာရပ်များနှင့်  ပတ်သက်ပြီး ယှဉ်ပြိုင်မှုတစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ဘဲ မြန်မာ့ ရိုးရာယဉ်ကျေးမှုဆိုသည့် စကားရပ်ကို အထူးပြုပြီး ကျင်းပပြုလုပ်သော ပြိုင်ပွဲဖြစ်ခြင်းကြောင့် ပြိုင်ပွဲနှင့် သက်ဆိုင်သူ အားလုံးတို့၏ ပြိုင်ပွဲကာလအတွင်း နေထိုင်စားသောက်မှု၊ လှုပ်ရှားသွားလာမှု၊ ဝတ်စား ဆင်ယင်မှု အရာအားလုံးတို့သည် အမျိုးသားရေးစရိုက်လက္ခဏာနှင့် ကိုက်ညီသည့် ပြုမူ ဆောင်ရွက်မှုတို့ဖြစ်စေရန် သတိထားဆောင်ရွက်နိုင်ရေးအတွက်  အားလုံးက ဝိုင်းဝန်းကူညီ ကြဖို့ မေတ္တာရပ်ခံပန်ကြားလိုပါကြောင်း၊(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူအသီးသီးတို့က ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်သွားနိုင်ကြပါရန် တိုက်တွန်း ပြောကြား လိုပါကြောင်းအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ်  မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပြိုင်ပွဲကျင်းပရေးအတွက် ဆောင်ရွက် ထားရှိမှုများကို  ရှင်းလင်းတင်ပြခဲ့ပါသည်။

 ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသော ပြိုင်ပွဲကျင်းပရေး၊ ဦးစီးကော်မတီဝင် နှင့်လုပ်ငန်း ကော်မတီဝင်များဖြစ်ကြသည့် ဌာနဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ တို့က ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆပ်ကော်မတီအသီးသီးမှဥက္ကဋ္ဌများနှင့် အဆို၊ အက၊ အရေး၊ အတီးဘာသာရပ်ဆိုင်ရာအကဲဖြတ်လုပ်ငန်းအဖွဲ့မှ ပညာရှင်များက   (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကျင်းပရေးအတွက် ဆွေးနွေးတင်ပြကြပါသည်။ ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဆွေးနွေးတင်ပြချက်များအပေါ်ပြန်လည် ညှိနှိုင်း ဆွေးနွေးခဲ့ပြီး ယခုနှစ်ကျင်းပပြုလုပ်မည့်(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယခင်နှစ်အားနည်းချက်၊ အားသာချက်များကိုသုံးသပ်၍ ယခုနှစ်တွင် အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် သက်ဆိုင်ရာဆပ်ကော်မတီအသီးသီးအနေဖြင့် ယခုအချိန်မှ စတင်၍ ကြိုတင် ပြင်သင့်သည်များကို အလေးဂရုပြု၍ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လိုအပ်သည်များ ကိုလည်း ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့်ချိတ်ဆက်ဆောင်ရွက်သွားကြရန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။