ပြည်ထောင်စုဝန်ကြီးများ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ပုဂံခေတ်ရေအရင်းမြစ်ဆိုင်ရာ ရေလမ်းကြောင်း၊ ရေကန်များ ၊ ရှေးဟောင်းသာသနိကအဆောက်အအုံများ၊ ပုဂံမြို့ဟောင်း ကျုံးတူးဖော်ထိန်းသိမ်းမှုများနှင့်ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်စစ်ဆေး နေပြည်တော်၊ ဇူလိုင်  ၂၈

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာ ဝန်ကြီး ဦးရွှေဇင်တို့သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် (၂၈.၇.၂၀၂၄)ရက်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အင်တော ကျေးရွာ ၈လက်မ စက်ရေတွင်းတူးဖော်မှု၊  ဆည်ပေါက်ရှိ စက်ရေတွင်းများ တူးဖော်ရန် လျာထားမှု၊ မြို့‌‌ရေပေးဝေမှု၊ ကျောက်ပန်းတောင်းမြို့၏အနောက်မြောက်ဘက် (၆)မိုင်ခန့်အကွာရှိ ကျွန်းခင်းကြီး ရေလှောင်တမံအမှတ် (၂) (အလျား ၂၇၀၀ပေ၊ အမြင့် ၇၀ ပေ) တည်ဆောက်ရန်လျာထားမှု အခြေအနေတို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး မြို့ရေပေးဝေရေး၊ ပိုက်လိုင်းများ ပြန်လည် သွယ်တန်းနိုင်ရေး Plan ရေးဆွဲဆောင်ရွက်ရန်၊ မြို့နေလူထုအနေဖြင့်လည်း ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ပေးရန်နှင့် တည်ဆောက်ဆဲ ကျွန်းခင်းကြီး ရေလှောင်တမံတွင် ဂါလန် (၁) သိန်း ဆံ့ ကန်ကို တည်ဆောက်၍ ဆိုလာစနစ်ဖြင့် ရေစုပ်ယူရန်နှင့် ကျောက်ပန်းတောင်း မြို့ ရေပေးဝေရေး ဆောင်ရွက်ရန်  မှာကြားပါသည်။

          ပြည်ထောင်စုဝန်ကြီးများသည် ညောင်ဦးမြို့နယ်ရှိ မြကန်ပြုပြင်ထိန်းသိမ်းနေမှုများကို ကြည့်ရှု စစ်ဆေး၍ နိုင်ငံ‌တော်အကြီးအကဲ၏လမ်းညွှန်ချက်ဖြစ်သည့် မြကန်ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက် ခြင်းနှင့် တုရင်တောင်စိမ်းလန်းစိုပြည်ရေးအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဒေသမျိုးရင်း သစ်မျိုးများဖြင့် ကွန်တိုဘောင် စိုက်ပျိုး‌ဆောင်ရွက်ခြင်းများကို  (၅) နှစ် စီမံကိန်းဖြင့် ဆောင်ရွက်ရာတွင် ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်၌ (၂၃၅) ဘောင်တွင်   (၇၇၉) ပင် စိုက်ပျိုး ထားပြီးဖြစ်ပါကြောင်း တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ စနစ်တကျ အရည်အသွေး ကောင်းကောင်းနှင့် အောင်မြင်စွာစိုက်ပျိုးပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားပါသည်။

          ထို့နောက် နိုင်ငံတော်ကြီးအကဲ၏ လမ်းညွှန်ချက်အရ သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာနမှ ဆောင်ရွက်သည့် ကုန်းတန်းကြီးကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း (၁) မိုင် (၄) ဖာလုံ နှင့် ဆက်စပ်လုပ်ငန်းများ၊ ဖျောက်ဆိပ်ပင်ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၃) ဖာလုံ၊ အရှေ့ဖွားစော ကျေးရွာအဝင်မှ ဇယဝေရီကန်အထိ ဂျင်းကျောက်ခင်းခြင်းလုပ်ငန်း (၁) မိုင် (၂.၃) ဖာလုံ နှင့် ဆက်စပ်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ  ပြည်ထောင်စုဝန်ကြီးများက ဖြည့်စွက် မှာကြားပါသည်။

          ထို့နောက် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေဖြင့် ဆယ်ယူပြုပြင် ထိန်းသိမ်းခဲ့သည့် ဖျောက်ဆိပ်ပင်ကန် (၁)၊ (၂)၊  (၃) နှင့် ကျောက်အိုး ကန်တို့ကို ကြည့်ရှုစစ်ဆေးရာ  တာဝန်ရှိသူများက ရေကန် (၈) ကန် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊  ရေကန် (၁၀) ဆက်လက်တူးဖော်လျက်ရှိသည့် အခြေအနေ၊ ရေလမ်းကြောင်း အမှတ် (၂) အား ပြုပြင်ထိန်းသိမ်းမည့် အစီအမံနှင့် လမ်း (၁၃) လမ်း ပြုပြင်ထိန်းသိမ်းဆောင်ရွက်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ မှာကြားပါသည်။

          ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆယ်ယူ ထိန်းသိမ်းခဲ့သည့်  ဇယဝေရီကန် နှင့် မင်္ဂလာကန် (၃) တို့သို့ သွားရောက်  ကြည့်ရှုစစ်ဆေးပါသည်။   နိုင်ငံတော် အကြီးအကဲ လမ်းညွှန်ချက်အရ ရှေးဟောင်းရေကန် ကန်ပေါင်နှင့် အနီးဝန်းကျင်နေရာများတွင် မူလ သစ်ပင်ချုံနွယ်များနေရာ၌ မန်ကျည်းပင်၊ တမာပင်များ အစားထိုးစိုက်ပျိုးရန် စီစဉ်ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေး၍ အပင်များ ရှင်သန်စေရေး အလေးထား စိုက်ပျိုးရန် မှာကြားပြီး ပြည်ထောင်စု ဝန်ကြီးများနှင့်အဖွဲ့သည်  ဇယဝေရီကန် နှင့် မင်္ဂလာကန် (၃)  ပတ်ဝန်းကျင်တွင် မန်ကျည်းပင် နှင့် တမာပင်များ စိုက်ပျိုးပေးကြပါသည်။

          ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မင်းနန်သူကျေးရွာ အဝင်လမ်း (၂) မိုင် (၃) ဖာလုံ မှ အာနန္ဒာဘုရားသို့ သွားသောလမ်းပေါ်၌ ဂျင်းကျောက်လမ်းနမူနာ ခင်းခြင်းအား တာဝန်ရှိသူက လုပ်ငန်းဆောင်ရွက်မှုအခြေအနေကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးများက ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်သည်နှင့်အညီ ယဉ်ကျေးမှုအမွေအနှစ် မထိခိုက်စေရန် စိစစ်အကြံပြုချက်များနှင့်အညီ ဆောင်ရွက်ရန်နှင့် ပုဂံခေတ်ရေစီမံခန့်ခွဲမှုစနစ်အား သုတေသနပြုရင်း  ထိန်းသိမ်းမွမ်းမံမှုကိုပါ ပူးတွဲဆောင်ရွက်ရန်၊  နိုင်ငံတော်အကြီးအကဲသည် ယဉ်ကျေးမှုအမွေအနှစ် များကို အလေးထား၍ တန်ဖိုးထား ထိန်းသိမ်းအားပေးသည်နှင့်အညီ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးတို့ကို ဟန်ချက်ညီညီဖြင့် ဆောင်ရွက်ရန်၊ မပြီးပြတ် သေးသော ဆောင်ရွက်ဆဲ လမ်းညွှန်ချက်များကို တွန်းအားပေး ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

          ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တူးဖော်ဆယ်ယူလျက် ရှိသည့် ပြာသာဒ်ကန် (ကန်သစ်ကန်) သို့ သွားရောက်ကြည့်ရှုရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေ များကို ရှင်းလင်းတင်ပြပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများသည်  ပုဂံမြို့ဟောင်းအရှေ့ဘက်ကျုံး (တောင်ဘက် ခြမ်း) တူးဖော်မှု နှင့် မြောက်ဘက် ကျုံးတူးဖော်ရန် လျာထားဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ရာ ကျုံးတူးဖော်မှုနှင့်ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ရှင်းလင်း တင်ပြပါသည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ရှေးဟောင်း သုတေသနဆိုင်ရာ အထောက်အထားများကို နှစ်စဉ်သုတေသနပြု၍ ပြန်လည်ဖော်ထုတ် ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခြင်းသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသများ၏လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သဖြင့် နိုင်ငံတကာစံနှုန်းများကို လိုက်နာ၍ စနစ်တကျတူးဖော်သုတေသနပြုပြီး မှတ်တမ်းထားရှိကာ  နှစ်စဉ်အပိုင်းလိုက် ခွဲခြား လျာထား ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရေကန်(၉၁)ကန်အား ပထမအဆင့် (၄၆) ကန်နှင့် ဒုတိယ အဆင့်(၄၅)ကန် သတ်မှတ်ပြီး ပြန်လည်တူးဖော်ကန်ဆယ်ခြင်းလုပ်ငန်းများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကုန်မှစ၍ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရေကန်များတူးဖော် ကန်ဆယ်ရာတွင် ၁၀၀% ဆောင်ရွက်ပြီးသော ရေကန် (၂၂) ကန်၊ ဆောင်ရွက်ဆဲရေကန် (၇) ကန် ဖြစ်ပါကြောင်း၊  ၎င်းရေကန် (၉၁) ကန်အား ဝန်ကြီးဌာနများ၏ ဘတ်ဂျက်ဖြင့် လည်းကောင်း၊    အလှူရှင်များ၏လှူဒါန်းငွေဖြင့် လည်းကောင်း၊ ဒေသခံများ၏ အစီအစဉ်ဖြင့် လည်းကောင်း စုစုပေါင်း (၇၂) ကန် နှင့် အလှူရှင် မရှိသေးသော ရေကန်(၁၉)ကန်တို့ကို ဆက်လက်တူးဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ‌ရေလမ်း ကြောင်း ပြန်လည်ဖော်ထုတ်ခြင်းတွင် ရေလမ်းကြောင်း(၃)ကြောင်း ခွဲခြားဆောင်ရွက်မှု၊ ကွင်းဆင်း၍ အသေးစိတ်တိုင်းတာတွက်ချက်ရရှိလာသော ရေလမ်းကြောင်း (၃)ခုလုံး၏ Topographic Map အချက်အလက်များအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပုံစံဒီဇိုင်း ထုတ်ယူ နိုင်ရေးအတွက် ရေးဆွဲပေးနေပါကြောင်း၊ အဆိုပါအချက်အလက်များကိုလည်း ကမ္ဘာ့အမွေအနှစ် စင်တာသို့ ပေးပို့မည့် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၏ State of Conservation အစီရင်ခံစာတွင် ထည့်သွင်းသွားရန် မှာကြားပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးများသည် ရေလမ်းကြောင်းအမှတ်(၁)၏အဆုံးဖြစ်သော ပုဂံမြို့ဟောင်းမြောက်ဘက်ကျုံးမှ ဧရာဝတီမြစ်အတွင်းသို့ စီးဆင်းသည့်လမ်းကြောင်းတစ်လျှောက် အတိုင်း သွားရောက်ကြည့်ရှုခဲ့ပြီး ရေလမ်းကြောင်းအမှတ် (၂)၏ အဆုံးဖြစ်သည့် ဧရာဝတီမြစ်တွင်း သို့ စီးဝင်သော ဝက်ကြီးအင်းချောင်း (အရှည် ၃၀၇၅ ပေ၊ အောက်ပိုင်း အကျယ် ၈၀ ပေ နှင့် အပေါ်ပိုင်း ၅၀ ပေ) အား စိုက်ပျိုးရေး၊ မွေးမြူ‌ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တူးဖော်ထိန်းသိမ်း ထားရှိမှုများကို  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မြစ်ရေတိုးမှု ကာကွယ်နိုင်ရန် စီမံဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။