အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၃၀)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပခြင်း

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၃၀)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် လှူဒါန်းမှုအစုစုအား ရေစက်ချသာဓုအနုမောဒနာ ခေါ်ဆိုပွဲအခမ်းအနားကို ဇူလိုင်လ ၁၈ ရက်နေ့ ၀၉:၃၀ နာရီတွင်  အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၁၈)ရပ်ကွက်၊ ပုလဲကျွန်းလမ်း၊ ရွှေစေတီဝိစာရဓမ္မရိပ်သာကျောင်းတိုက်ကြီး၏ ပဓာနနာယက ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ဓမ္မသာရ ဦးစီးသော သံဃာတော် (၁၀)ပါးတို့အား ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါသည်။

          အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း၊ ရွှေစေတီဝိစာရ ဓမ္မရိပ်သာကျောင်းတိုက်ကြီး၏ ဒုတိယဆရာတော်၊ သဒ္ဓမ္မဇောတိကဓဇ သာသနဓဇဓမ္မာစရိယ၊ ဒေါက်တာ ဘဒ္ဒန္တ ဝိစာရ အရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူခြင်း၊ သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ပဓာနနာယက ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ဓမ္မသာရ အရှင်သူမြတ်က တရားချီးမြှင့်ခြင်း၊ ရေစက်ချအမျှပေးဝေခြင်းနှင့် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်အးနားကိုရုပ်သိမ်းခဲ့ပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

          အခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း အင်အား ၃၀၀ ခန့် တက်ရောက်ခဲ့ပါသည်။