သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် က မြန်မာနိုင်ငံ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ပြုစုရေးသားလျက်ရှိရာတွင် ပျူခေတ်ဆိုင်ရာ အထောက်အထားအချက်အလက်ဆွေးနွေးပွဲ (ပျူအက္ခရာနှင့် ပျူစာပေ) အဖွင့်အမှာစကား ပြောကြားခြင်း ရန်ကုန် ဩဂုတ်၆

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာသမိုင်းအဖွဲ့မှ ရေးသားပြုစုလျက်ရှိရာ၊ ပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်းများနှင့် ဆက်စပ်လျက်ရှိသည့် လူဆင့်ကဲဖြစ်စဉ်ကာလသမိုင်းစဉ်၊ ကျောက်ခေတ်ကာလ သမိုင်းစဉ်၊ ကြေးခေတ်၊ သံခေတ်ကာလသမိုင်းစဉ်၊ သမိုင်းတင်ခေတ်ဦးပိုင်း ပျူခေတ်ကာလ သမိုင်းစဉ်တို့နှင့် ပတ်သက်၍ မူကြမ်း ပြုစုရေးသားပြီးစီးနေပြီ ဖြစ်ပါသည်။ ရှေးဟောင်းသုတေသန ဆိုင်ရာ တူးဖော်သုတေသနပြု တွေ့ရှိချက်များ၊ ခေတ်မီသိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှုများ၊ ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ သုတေသနပြု‌ ဖော်ထုတ်တွေ့ရှိချက်များကို ပေါင်းစပ်ဖြည့်စွက်၍ ခိုင်မာသော သမိုင်းစဉ်ကို ပြည့်ပြည့်စုံစုံ ရေးသားနိုင်ရန်အတွက် လက်တွေ့ တူးဖော်သုတေသနပြု သည့် ပညာရှင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အတွေ့အကြုံရင့် အရာရှိကြီးများ၊ လက်တွေ့ဆောင်ရွက်နေသည့် ဝန်ထမ်းများနှင့် မြန်မာသမိုင်းအဖွဲ့မှ ပညာရှင်ကြီး များ၊ ပြင်ပမှ ဝါသနာပါသူ ပညာရှင်များ၊ ဝန်ထမ်းများ၏ ပျူခေတ်ဆိုင်ရာ အထောက်အထား အချက် အလက်ဆွေးနွေးပွဲ (ပျူအက္ခရာ နှင့်ပျူစာပေ) ကို ၆.၈.၂၀၂၄ ရက်နေ့မှ ၇.၈.၂၀၂၄ ရက်နေ့တို့ တွင် အမျိုးသားပြတိုက်( ရန်ကုန် )၊ ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

မြန်မာ့သမိုင်းစဉ်အတွက် အရေးကြီးသော ဆွေးနွေးပွဲဖြစ်သည့် အားလျော်စွာ မြန်မာသမိုင်း အဖွဲ့ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ မြန်မာသမိုင်းအဖွဲ့ ပညာရှင်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် အရာရှိကြီးများ၊ အကြံပေး ပညာရှင်များ၊ ပျူခေတ်သုတေသန တူးဖော်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော အရာရှိကြီး များ၊ ပညာရေးဝန်ကြီးဌာနမှ သမိုင်းဌာန၊ ရှေးဟောင်းသုတေသနဌာန၊ မနုဿဗေဒဌာနမှ ပါမောက္ခများ နှင့် ပြင်ပပညာရှင်များ လေ့လာသူများ စုစုပေါင်း (၈၀) ဦး တက်ရောက်ကြပါသည်။

ဆွေးနွေးပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာ စကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာသမိုင်းစဉ်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် မြန်မာသမိုင်းအဖွဲ့တို့က ရေးသားပြုစုလျက်ရှိရာ လူသားအဦးအစ ပရိုင်းမိတ်ကာလ၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ယဉ်ကျေးမှု ထွန်းကားခဲ့သည့် သမိုင်းမတင်မီကာလ၊ သမိုင်းတင်ခေတ်ဦးပိုင်း ပျူခေတ်ကာလ တို့နှင့်ပတ်သက်၍ မူကြမ်းများရေးသားခဲ့ပြီးဖြစ်ပါကြောင်း၊ တစ်ဆက်တစ်စပ် တည်းသော မြန်မာသမိုင်းအတွက် အရေးကြီးသော ဆွေးနွေးပွဲဖြစ်သည်နှင့်အညီ မြန်မာသမိုင်း အဖွဲ့မှ ပညာရှင်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ ပညာရှင်များနှင့် အရာရှိကြီးများ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ သမိုင်း သုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာသမိုင်းစဉ်ကို အထောက်အကူပြုသည့် သုတေသနပြု တူးဖော်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ဌာနတွင်းနှင့် အငြိမ်းစား ပညာရှင်များ၊ ဌာနတွင်းမှလေ့လာသူ မျိုးဆက်သစ်ဝန်ထမ်းများကို ဖိတ်ခေါ်၍ တက်ရောက် ဆွေးနွေးစေခြင်း ဖြစ်ပါကြောင်း၊ တစ်ဆက်တစ်စပ်တည်း​သော သမိုင်းစဉ်ဆွေး​နွေးပွဲနှင့်ပတ်သက်၍ ခေတ်အလိုက် ပျူခေတ်ဆိုင်ရာ အထောက်အထားအချက်အလက် ဆွေးနွေးပွဲကို အမျိုးသားပြတိုက် (ရန်ကုန်)၌ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ၊ ၂၁ ၊ ၂၂ ရက်နေ့များတွင် ပထမအကြိမ် အဖြစ်လည်းကောင်း၊  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၈ ၊ ၂၉ ရက်နေ့များတွင် ဒုတိယအကြိမ် အဖြစ်လည်းကောင်း ပြုလုပ်ခဲ့ပါ ကြောင်း၊ ယနေ့တွင် သမိုင်းတင်ခေတ်ဖြစ်သော ရှေးဦးမြို့ပြ တည်ထောင်သော ပျူခေတ်ကာလ ပျူအက္ခရာနှင့် ပျူစာပေ အထောက်အထားများဆိုင်ရာ တွေ့ရှိချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးအတည်ပြု ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ရှေးဦးမြို့ပြတည်ထောင်ခဲ့ ကြသော ပျူမြို့ဟောင်းများကို နေရာအနှံ့အပြားတွင် တွေ့နိုင်ပါကြောင်း၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပြီးဖြစ်သော ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူရှေးမြို့ဟောင်းများ သာမက အခြားသော ပျူရှေးမြို့ဟောင်းများ ဖြစ်သည့် ပင်လယ်(မိုင်းမော)မြို့ဟောင်း၊ တကောင်းမြို့ဟောင်း၊ ပေါရိသတ် မြို့ဟောင်း(သို့) ကောသမ္ဘီမြို့ဟောင်း၊ ဝတီးမြို့ဟောင်းစသည်ဖြင့် တူးဖော်သုတေသနပြု ဖော်ထုတ် နိုင်ခဲ့ကြသည်ကို တွေ့နိုင်ပါကြောင်း၊ ပျူအက္ခရာနှင့် ပျူစာပေအထောက်အထားများကို သုတေသနပြု တွေ့ရှိခဲ့သော အထောက်အထား အချက်အလက် ခိုင်ခိုင်မာဖြင့် ဖြည့်စွက်၍ ထည့်သွင်းရေးသား ဖော်ပြထားသည့် စာတမ်းမူကြမ်းကို ယခု တက်ရောက်လာသော ပညာရှင်များက အကြံပြုဆွေးနွေး ပေးကြရန် ဖြစ်ပါကြောင်း၊ မြန်မာ့သမိုင်းစဉ်တွင် ခိုင်ခိုင်မာမာ ကိုးကားစရာအဖြစ် လွန်ခဲ့သောနှစ် (၅၀)ကျော်က ရေးသားထားသည့် “အခြေပြ မြန်မာ့နိုင်ငံရေးသမိုင်း” သာ ရှိခဲ့ပါကြောင်း၊ ယခု နောက်ပိုင်းကာလတွင် ပြည်တွင်းပြည်ပ ပညာရှင်များ၏ ဘာသာရပ်အလိုက် ကွင်းဆင်းလေ့လာ သုတေသနပြု အသစ် တွေ့ရှိချက်များ၊ ပြည်ပဓာတ်ခွဲခန်းများမှ သိပ္ပံနည်းကျ သက်တမ်း တွက်ချက်မှုများကြောင့် ပျူခေတ် ကာလ သမိုင်းစဉ်သည်လည်း ပိုမို၍ ရုပ်လုံးပေါ် ပြည့်စုံလာပြီဟု ဖြစ်ပါကြောင်း၊ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်အား ပြန်လည်ဖြည့်စွက် ပြင်ဆင် ရေးသားနိုင်မည့်ရလဒ်ကို မျှော်မှန်းနိုင်ပြီဖြစ်ပါကြောင်း၊ ထို့အတူ ကျောင်းသုံးစာအုပ်များတွင် မပြည့်စုံသေးသော မြန်မာ့သမိုင်းဆိုင်ရာ အမှားများ၊ လိုအပ်ချက်များကိုလည်း ပြန်လည်ပြင်ဆင် ဖြည့်စွက်ပေးရမည် ဖြစ်ပြီး၊ သို့မှသာ ကျောင်းသားလူငယ်များအနေဖြင့် အစဉ်အလာကောင်းသည့် မြန်မာ့သမိုင်းကို ပြည့်ပြည့်စုံစုံ၊ အမှန်အတိုင်း သိရှိမည်ဖြစ်ပါကြောင်း၊ မြန်မာ့သမိုင်းတွင် ယခင် ကတည်းကရှိခဲ့သော မြန်မာအစ တကောင်းကဆိုသော အယူအဆ၊ ပျူခေတ်နှင့် ပုဂံခေတ် တစ်ဆက်တစ်စပ်တည်း ရှိခဲ့သည်ဟူသော အယူအဆကဲ့သို့ စစ်မှန်သည့် မြန်မာ့သမိုင်းအယူအဆ များကို ကျောင်းသုံးစာအုပ်များတွင် ပြန်လည်ထည့်သွင်းကာ အသစ်ပြင်ဆင်သွားရမည် ဖြစ်ကြောင်း၊ ကိုလိုနီခေတ်တွင် အင်္ဂလိပ်သမိုင်းပညာရှင် အချို့က မြန်မာသမိုင်းကို မှေးမှိန်စေခဲ့သော “မြန်မာအစ ကျောက်ဆည်က” ဆိုသော အယူအဆများကို ပြန်လည်ပြင်ဆင်ရမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ တစ်ဆက်တစ်စပ် တည်းသော မြန်မာ သမိုင်းစဉ်ကို အသစ်တွေ့ရှိရသော အထောက်အထားများဖြင့် ပြန်လည်ဖြည့်စွက် ပြင်ဆင်ရေးသားရာတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြသော မြန်မာ့သမိုင်းအဖွဲ့ဝင် ပညာရှင်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ ပညာရှင် ကြီးများ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ ပညာရှင် ကြီးများ၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ပညာရှင်ကြီးများ၊ သက်ဆိုင်ရာ သမိုင်းစဉ်ကို အထောက်အကူပြုသည့် သုတေသနပြုလုပ်ငန်းများ တွင် နှစ်ပေါင်း(၂၀)ကျော် ပါဝင်ဆောင်ရွက်ခဲ့ကြသော ဌာနတွင်းနှင့် အငြိမ်းစားပညာရှင်များ၊ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းတို့အား မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်းနှင့် အထူးကျေးဇူး ဥပကာရ တင်ရှိပါကြောင်း၊ တစ်ဆက်တစ်စပ်တည်းသော ပျူခေတ်ကို သမိုင်းစဉ်တစ်လျောက် လေ့လာလိုက်တဲ့အခါ မြန်မာလူမျိုးက ရှေးယခင်ကတည်းကရှိခဲ့ပြီး ရှေးအစဉ်အလာကြီးမားတဲ့ လူမျိုးစုတစ်စု ဖြစ်တယ်ဆိုတာနဲ့ အဲ့ဒီလူမျိုးစုတွေ ရှေးကတည်းက မတိုင်ခင် ယခုအချိန်အထိ ရှိနေတာဖြစ်တဲ့အတွက် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးကိုလည်း အထောက်ကူပြုစေပါကြောင်း၊ မြန်မာတွေက ဟိုးရှေးယခင်ကတည်းကတိုင် ရှိခဲ့တဲ့ လူမျိုးနွယ်စုဖြစ်ပါကြာင်း၊ ပျူခေတ်ရဲ့ အထောက်အထားတွေကို ကြည့်ခြင်းအားဖြင့် မြန်မာလူမျိုးတွေဟာ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားတဲ့ လူမျိုးဖြစ်ကြောင်း၊ ဒါတွေကို နှောင်းခေတ်လူငယ်တွေကို မှတ်တမ်းတင် သိရှိစေခြင်း အားဖြင့် မိမိရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကိုလည်း သိရှိပြီးတော့မှ အမျိုးဂုဏ် ဇာတိဂုဏ်တွေကို လည်း မြင့်မားစေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က မြန်မာနိုင်ငံ၏ မြို့ပြတည်ထောင်မှု (Urbanization) စတင်ခဲ့ပြီး ပျူခေတ်ကာလနှင့် ပတ်သက်၍ အနောက်တိုင်း သမိုင်းဆရာများနှင့် ယခင်က ရေးသားမှုများစွာရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ အနှံ့အပြားတွင် ပျူခေတ် ဆိုင်ရာ အထောက်အထားများစွာ တွေ့ရပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲသို့ ကြွရောက် လာပါသော ပညာရှင်ကြီးများ၊ ဌာနတွင်းနှင့် အငြိမ်းစားပညာရှင်များ၊ ဦးစီးဌာနမှ ဝန်ထမ်းများ၊ စိတ်ပါဝင်စားသူ ပညာရှင်များအနေဖြင့် ပျူအက္ခရာနှင့် ပျူစာပေအထောက် အထားများနှင့်ပတ်သက်၍ ပါဝင်ဆွေးနွေးရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပျူအက္ခရာနှင့် ပျူစာပေဆိုင်ရာ သုတေသနပြုတွေ့ရှိချက်များနှင့် ပတ်သက်၍ ပျူအက္ခရာများနှင့် ပျူစာပေပညာရှင်၊ ဦးမစ်ကီဟတ်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးစိန်ဝင်း၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ပါမောက္ခ (ဌာနမှူး) ဒေါက်တာမောင်မောင်ဆွေနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပညာရှင်များက ရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများက သိရှိလိုသည်များနှင့် ထပ်မံ ဖြည့်စွက်လိုသည်များကို ဆွေးနွေးခဲ့ကြပါသည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပညာရှင်များ၏ ဆွေးနွေးချက်များအပေါ် သုံးသပ်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ ဆွေးနွေးပွဲကို ၁၆:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။