မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ရေးသားခြင်းနှင့်ပတ်သက်၍ ပျူခေတ်ဆိုင်ရာ အထောက်အထားအချက်အလက်ဆွေးနွေးပွဲ (ပျူအက္ခရာ နှင့်ပျူစာပေ)  ဒုတိယနေ့ဆက်လက်ကျင်းပ ၇.၈.၂၀၂၄

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုရန်အတွက် ပျူခေတ်ဆိုင်ရာ အထောက်အထား အချက်အလက်ဆွေးနွေးပွဲ (ပျူအက္ခရာ နှင့်ပျူစာပေ) ဒုတိယနေ့ကို ၇.၈.၂၀၂၄ ရက်နေ့တွင် အမျိုးသားပြတိုက်(ရန်ကုန်)၊ ဘက်စုံခန်းမ၌ ကျင်းပပြုလုပ် ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာသမိုင်းအဖွဲ့ ပညာရှင်ကြီးများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ အရာရှိကြီးများ၊ ပညာရေးဝန်ကြီးဌာနမှ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ အကြံပေးပညာရှင်များ၊ ပျူခေတ်သုတေသန တူးဖော်မှုလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်ခဲ့သော အရာရှိကြီးများ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ ပျူယဉ်ကျေးမှုနှင့် ပျူခေတ်ကျွမ်းကျင်ပြင်ပပညာရှင်များ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲဒုတိယနေ့တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အမှာ စကားပြောကြားခဲ့ပြီး ပျူအက္ခရာနှင့် ပျူစာပေဆိုင်ရာ တွေ့ရှိချက်များနှင့် ပတ်သက်သည့် အထောက်အထားများအား ပျူအက္ခရာနှင့် ပျူစာပေကျွမ်းကျင်ပညာရှင်များဖြစ်ကြသော ဦးစိန်ဝင်း၊ ဦးမစ်ကီဟာတ်၊ ဦးဘုန်းတင့်ကျော်၊ ဦးနိုင်ဝင်း၊ ဦးဌေးဝေနှင့် ဦးဈာန်သစ်အောင်တို့ကလည်းကောင်း၊ မျိုးရိုးဗီဇပညာရှင် ဦးအောင်ဉာဏ်မိုးမှ သံခေတ်နှင့် ပျူခေတ်အရိုးနမူနာများမှ ကာဗွန် သက်တမ်း နှင့်  DNA Sequencing ဆိုင်ရာ သုတေသနဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ဒုတိယဗိုလ်မှူးကြီး အောင်မျိုးနိုင်က ပျူဘာသာစကားရှိ အရေအတွက်နှင့် အစဉ်ဖော်ပြမှု စနစ်အား လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများက သိရှိလိုသည်များနှင့် ထပ်မံ ဖြည့်စွက်လိုသည်များကို ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပညာရှင် များ၏ ဆွေးနွေးချက်များအပေါ် သုံးသပ်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ပျူခေတ်နှင့် ပတ်သက်၍လည်း ပျူမြို့ဟောင်းများတွင် ပျူတို့၏ ရှေးဦးမြို့ပြ တည်ဆောက်မှုနှင့် အဆောက်အအုံ တည်ဆောက်မှု ဗိသုကာလက်ရာများ၊ ပျူခေတ်ကာလ အုပ်ချုပ်ရေး၊ တရားစီရင် ရေး၊ စီးပွားရေး၊ ရေအသုံးချမှုနှင့် ရေစီမံခန့်ခွဲမှုများ၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုနှင့် ဓလေ့ထုံးစံများ၊ လက်မှုလုပ်ငန်းများ၊ ကျောက်ဆစ်လက်ရာများ၊ ပျူဂီတနှင့် ပျူတူရိယာများ၊ ပျူတို့၏ ဝတ်စားဆင်ယင်မှု၊ စာပေအထောက်အထားများ စသည့်တို့ကို သုတေသနပြုတွေ့ရှိခဲ့သော အထောက်အထား အချက်အလက်ခိုင်ခိုင်မာမာဖြင့် ဖြည့်စွက်၍ ထည့်သွင်းရေးသားဖော်ပြထားသည့် စာတမ်းမူကြမ်းကို ရေးသားပြုစုထားပြီးဖြစ်ကြောင်း၊ ပျူခေတ်ဆိုင်ရာ အထောက်အထား အချက် အလက် ဆွေးနွေးပွဲ၏ ကဏ္ဍတစ်ခုဖြစ်သော ပျူအက္ခရာနှင့် ပျူစာပေဆွေးနွေးပွဲကို နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးမှုများ ပြုလုပ်ရခြင်းဖြင့်  ပြည်သူလူထု အတွက် ပြည့်စုံမှန်ကန်သည့် ပျူအက္ခရာအရေးအသားများနှင့် ပျူစာပေအထောက်အထားများကို ဖော်ပြနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရှင်များ၏ ဆွေးနွေးပြောကြားချက်များအပေါ် တက်ရောက် လာသူများကလည်း ပါဝင်ဆွေးနွေးပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဆွေးနွေး ပြောကြားချက်များကိုလည်း မှတ်တမ်းတင်ထားပြီး အထောက်အထားခိုင်မာမှုအပေါ် စိစစ်၍ ဖော်ပြသွားမည်ဖြစ်ပါကြောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကလည်း ထပ်မံ၍ အထောက်အထားသစ်များ ရရှိနိုင်ရန်အတွက် တူးဖော်သုတေသနပြုမှုများကို စဉ်ဆက် မပြတ် တူးဖော်နေဆဲဖြစ်ပြီး တူးဖော်မှုအသစ်များကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တူးဖော်မှုမှ အထောက်အထားအသစ်များရရှိလာပါကလည်း ထပ်မံထည့်သွင်းသွားမည် ဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲသို့  တက်ရောက်ဆွေးနွေးပေးကြပါသော မြန်မာသမိုင်းအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌနှင့် မြန်မာသမိုင်းအဖွဲ့ဝင် ပညာရှင်များ၊ ပညာရေးဝန်ကြီးဌာနမှ ပညာရှင်များနှင့် အရာရှိကြီး များ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီး များ၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ အရာရှိကြီးများ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ မျိုးဆက်သစ်ဝန်ထမ်းများအား ကျေးဇူးတင်ရှိပါကြောင်း နိဂုံးချုပ်စကားပြောကြားခဲ့ပြီး ဆွေးနွေး ပွဲကို ညနေ ၁၆:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။