အာဆီယံနိုင်ငံများရှိ စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ ရန်ကုန် ၈-၈-၂၀၂၄

၂၀၂၄ ခုနှစ်အတွက် အာဆီယံယဉ်ကျေးမှုရန်ပုံငွေ အထောက်အပံ့ဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှကြီးမှူး၍ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် အာဆီယံ နိုင်ငံများရှိ စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက် (၉:၀၀)နာရီတွင် ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel ၌ ကျင်းပ ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးတာဝန်ခံများ၊ ပြည်တွင်း၊ ပြည်ပ စာကြည့်တိုက်ပညာရှင်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ လုပ်ငန်းကော်မတီနှင့်ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအတွင်းရှိ စာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနား၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အဖွင့်အမှာစကားပြောကြားရာ ယနေ့ဆွေးနွေးပွဲသည် အာဆီယံဒေသအတွင်းရှိ စာပေအမွေ အနှစ်များ ထိန်းသိမ်းရေးစီမံခန့်ခွဲမှုကဏ္ဍတွင် ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများကို ဖြေရှင်း ရန်အတွက် မရှိမဖြစ် လိုအပ်သည့် ဆွေးနွေးပွဲတစ်ခု ဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲ၏ ဆောင်ပုဒ်မှာ           “အာဆီယံစာပေ အမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ စိန်ခေါ်မှုအသစ်များနှင့် မတူကွဲပြား သော စာပေပစ္စည်းပြုပြင် ထိန်းသိမ်းရေးနည်းလမ်းများ၊ အကောင်းဆုံးရှာဖွေတွေ့ရှိချက်များ” ဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲ၏ ဆောင်ပုဒ်နှင့်အညီ ပေါ်ထွက်လာသော စိန်ခေါ်မှုအသစ်များကို ဖြေရှင်းနိုင်ရန်အတွက် သက်ဆိုင်ရာနယ်ပယ်၌ အတွေ့အကြုံရှိသော ကျွမ်းကျင်ပညာရှင်များကို စုစည်း၍ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ စာပေပစ္စည်းထိန်းသိမ်းရေးလုပ်ငန်းသည် စာကြည့်တိုက်များ အတွက် အဓိကလုပ်ငန်းစဉ် တစ်ခုဖြစ်ပါကြောင်း၊ စာကြည့်တိုက်များသည်  ပြည်သူများအတွက် အသိပညာ ဖြန့်ဝေပေးရာ နေရာဖြစ်သည်နှင့်အညီ အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင်လည်း တန်ဖိုးကြီး စာပေအမွေအနှစ်များကို ကျယ်ပြန့်စွာ ပိုင်ဆိုင်ထားရှိပါကြောင်းနှင့် စာကြည့်တိုက်များရှိ စာပေ အမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရာတွင် ရုပ်ပိုင်းဆိုင်ရာ၊ ဓာတုဗေဒဆိုင်ရာနှင့် ဇီဝဗေဒဆိုင်ရာ အန္တရာယ်များ၊ မှားယွင်းစွာကိုင်တွယ်မှုများ၊ ခိုးယူမှုနှင့် သဘာဝဘေးအန္တရာယ်များစသည့် အမျိုးမျိုးသော ခြိမ်းခြောက်မှုများကို ရင်ဆိုင်လျက်ရှိပါကြောင်း၊ အာဆီယံနိုင်ငံများရှိ စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေး ဆိုင်ရာခေါင်းစဉ်နှင့်ဆက်နွယ်သည့် စာတမ်း ဖတ်ကြားသူများ၏ ကျွမ်းကျင်မှုများ၊ အသိပညာရပ်များကို လက်ဆင့်ကမ်းဖြန့်ဝေပေးနိုင်ခြင်း အတွက် မိမိတို့အနေဖြင့် ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း၊ ယခုစာတမ်းတင်ပြမှုများအနက်မှ တန်ဖိုးရှိသော အတွေးသစ်၊ အမြင်သစ်များကိုရရှိမည်ဟု ယုံကြည်မိပါကြောင်း၊ မိမိတို့ အာဆီယံ ဒေသတွင်းရှိ စာကြည့်တိုက်လုပ်ငန်းနယ်ပယ်တွင် အာဆီယံအဖွဲ့ဝင်များ၏ အတွေ့အကြုံဗဟုသုတ များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားအချင်းချင်း အသိပညာမျှဝေပေးခြင်းသည် စာကြည့်တိုက် များ ဖွံ့ဖြိုးတိုးတက်မှုများအတွက် အကောင်းဆုံးနည်းလမ်းများပင် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့၏ အတွေ့အကြုံများကို တက်တက်ကြွကြွဖြင့် ဆွေးနွေးကြရန်တိုက်တွန်းလိုပါကြောင်း၊ ယခုဆွေးနွေးပွဲသည် တစ်ရက်တည်း ကျင်းပခြင်းဖြစ်သော်လည်း ဒေသတွင်းနှင့် နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များအကြား သတင်းအချက်အလက်များနှင့် အတွေ့အကြုံများ ဖလှယ်ရန်နှင့် အာဆီယံနိုင်ငံများ အကြားအပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရန် အခွင့်အလမ်းကောင်းများကို ယူဆောင်လာမည်ဟု ယုံကြည်မိပါကြောင်း၊ မိမိတို့နိုင်ငံရှိ စာပေအမွေအနှစ်ပစ္စည်းများကို ခေတ် အဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပါကြောင်း၊ အနာဂတ်မျိုးဆက်သစ်များထံသို့ မိမိတို့၏ တာဝန်များကို လွှဲပြောင်းပေးရာတွင် “မူရင်းတန်ဖိုးကို သိမ်းဆည်းပါ” ဟူသော ဆောင်ပုဒ်နှင့်အညီ အာဆီယံစာပေအမွေအနှစ်ပစ္စည်းများ အရေးပါ တန်ဖိုးရှိမှုကို ဆက်လက်မြှင့်တင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယခု ဆွေးနွေးပွဲသည် မိမိတို့၏ လုပ်ငန်းများအတွက် စိတ်ကူးသစ်များနှင့် တန်ဖိုးရှိသော ရလဒ်များကို စာပေပစ္စည်းထိန်းသိမ်းရေး ဆောင်ရွက်နေကြသူများသာမက မော်ကွန်းထိန်းသိမ်းရေး ဆောင်ရွက်နေသူများကိုပါ အထောက် အပံ့ကောင်းများ ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ယခု ရရှိလာသည့် အခွင့်အရေးကို အသုံးချပြီး မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များကို မျှဝေပေးရန် လိုအပ်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ရလဒ်ကောင်းများကို ဦးတည်သည့် အတွေးအမြင် များနှင့် အတွေ့အကြုံသစ်များကို ဖလှယ်ကြရန် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များအားလုံးကို တိုက်တွန်းလိုပါကြောင်း၊ ယခုဆွေးနွေးပွဲကာလအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ရလဒ် ကောင်းများရရှိစေမည့် ချိန်ဆက်ဆွေးနွေးမှုများကိုရရှိရန် မျှော်လင့်မိပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ အာဆီယံနိုင်ငံများရှိ စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို Pyay Room  ၌ ကျင်းပခဲ့ရာ ပြည်တွင်း၊ ပြည်ပစာကြည့်တိုက်ပညာရှင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသားစာကြည့်တိုက်များ၊ တက္ကသိုလ်များဗဟိုစာကြည့်တိုက်၊ ရန်ကုန်တက္ကသိုလ်စာကြည့် တိုက်၊ စာပေဗိမာန်စာကြည့်တိုက်နှင့် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်တို့မှ စာကြည့်တိုက် မှူးများနှင့် မော်ကွန်းပညာရှင်များ တက်ရောက်ခဲ့ကြပြီး အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များက တစ်နိုင်ငံလျှင် စာတမ်း (၁)စောင်စီဖတ်ကြားဆွေးနွေးခဲ့ကြရာ နိုင်ငံတကာပညာရှင် ထိုင်းနိုင်ငံရှိ SEAMEO SPAFA မှ Senior Researcher  ဒေါ်ဥမ္မာမျိုးနှင့် ပြည်တွင်းစာကြည့်တိုက်ပညာရှင် ဆီမီယိုဒေသဆိုင်ရာသမိုင်းနှင့်ရိုးရာဓလေ့ဌာနမှ ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာခင်လေးစိုး တို့ကဖတ်ကြားခဲ့သည့် စာတမ်းများအပေါ် သုံးသပ်ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အာဆီယံနိုင်ငံများမှ တက်ရောက်လာကြ သော စာတမ်းရှင်များနှင့် ကိုယ်စားလှယ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့ တွင် အမျိုးသားစာကြည့်တိုက်၊ အမျိုးသားပြတိုက်၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်နှင့် ရွှေတိဂုံဘုရားတို့သို့ လေ့လာရေးသွားရောက်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။