သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု)ဒုတိယဝန်ကြီး မန္တလေးတိုင်းဒေသကြီးယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဩဂုတ် ၁၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည်  ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်  လိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ဩဂုတ် ၁၀ ရက်တွင် ရောက်ရှိပြီး ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲမှ တာဝန်ယူဆောင်ရွက် နေသော ယဉ်ကျေးမှုအမွေအနှစ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊  မန္တလေးဌာနခွဲ တာဝန်ရှိသူတို့က လိုက်ပါ ရှင်းလင်းတင်ပြသည်။

          ဒုတိယဝန်ကြီးသည် အင်းဝရှေးဟောင်းဒေသအတွင်း အင်းဝရှေးဟောင်းသုတေသနပြတိုက်၊ ဆင်ကျုံးခံတပ် ၊ လောကသရဖူဘုရား ၊ ဗားကရာကျောင်း၊ ညောင်ရမ်းဘုရားစု (ကြောင်လိန်ဘုရား၊ လောကဒုဿမာန်အောင်ဘုရား၊ မြင်းမိုရ်တောင်ဘုရား၊ ဝင်္ကပါဘုရား၊ ငကျွဲနားဋောင်းဘုရား)တို့ကို လှည့်လည်ကြည့်ရှုပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ နည်းလမ်းအမျိုးမျိုးဖြင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ထား ရှိရန်၊ စဉ်ဆက်မပြတ်စစ်ဆေးရန်နှင့် ဘုရားအပေါ်နှင့် ဘုရားပရဝဏ်အတွင်းအပြင် သန့်ရှင်းသပ်ရပ်မှု ရှိစေရေး ပေါင်းပင်မြက်ပင်များ ရှင်းလင်းရေးတို့အား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောင်မြေဘုံစံအုတ်ကျောင်း(မယ်နုအုတ်ကျောင်း) ပြုပြင်ထိန်းသိမ်းနေသည့် အခြေအနေကို သွားရောက်စစ်ဆေးခဲ့ရာ  ရှေးဟောင်းသုတေသနနှင့်  အမျိုးသားပြတိုက်ဦးစီးဌာန၊မန္တလေးဌာနခွဲ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက မယ်နုအုတ် ကျောင်း ဆေးရောင်သုတ်သည့် လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ၌ မယ်နုအုတ်ကျောင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့ပါကြောင်း၊ မယ်နုအုတ်ကျောင်းသည် နှစ်ပေါင်းနှစ်ရာနီးပါးခန့် ရှိပြီဖြစ်သဖြင့် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင်  ရှေးမူမပျက်ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများမှာ ဓာတုဗေဒနည်းဖြင့်အပင်သတ်ခြင်း၊ အမိုးအက်ကွဲကြောင်း များဖာထေးခြင်း၊ အမိုးရေပိတ်လွှာလောင်းခြင်း ၊ ရေချိုးရေညှိတက်သည့်‌နေရာများကို ကော်ပတ်စား သန့်ရှင်း‌ရေးပြုလုပ်ခြင်းနှင့် မူလအရောင် မြေဝါမှုန့်ကို ရေလုံဓာတုဗေဒဆေးပါ ရောစပ်၍ ရေစိမ့်ဝင်မှု ကာကွယ်ရန် သုတ်လိမ်းခြင်း အဆင့်ဆင့် ဆောင်ရွက်ရပါကြောင်း၊ ဆေးသုတ်ရာတွင် ယခုမှ မြေဝါရောင် သုတ်လိမ်းခြင်းမဟုတ်ဘဲ ၁၉၂၀ ခုနှစ်၊ ၁၉၉၄ ခုနှစ် နှင့် ၂၀၁၃ ခုနှစ်များတွင် ယခုသုတ်လိမ်းသော မြေဝါရောင် ထုံး၊ ကော်ရည် တို့ဖြင့် အက်ကြောင်းများအတွင်း ရေစိမ့်ဝင်မှုမှ ကာကွယ်နိုင်ရန် အစဉ်အဆက် သုတ်လိမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ မူလအရောင်ရရှိရန် အကြိမ်ကြိမ် စမ်းသပ်ပြီးမှ သုတ်လိမ်းခဲ့ခြင်းဖြစ်ကြောင်း ၊ မြေဝါမှုန့် သုတ်လိမ်းသည့်အတွက် အဆောက်အအုံ၏ နံရံများမှိုစွဲကပ်ခြင်း၊ရေညှိတက်ခြင်းတို့ကိုလည်း ကာလတစ်ခုထိကာကွယ်နိုင်ပါကြောင်း ရှင်းလင်း တင်ပြခဲ့ပါသည်။ အဆိုပါဆေးသုတ်လိမ်းခြင်းအပေါ် ဒုတိယဝန်ကြီးက ဆေးရောင်တစ်ပြေးညီ သုတ်မည့်အစား မုခ်ကပ်နေရာများတွင် အဖြူသုတ်ရန် နှင့် ဆေးမသုတ်မီ ချေးချွတ်မှုများ ယခုထက် ပိုမိုတိကျစွာဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

          နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးနန်းမြို့အတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်သို့ ရောက်ရှိခဲ့ပြီး နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ချက်များ ဆောင်ရွက်ထားရှိသည့် အခြေအနေများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် မန္တလေးနန်းမြို့ရိုး ပြာသာဒ်များထိန်းသိမ်းရေးလုပ်ငန်းများနှင့် ဒုတိယကမ္ဘာစစ်ကာလတွင် ဗုံးဒဏ်ကြောင့် ပျက်စီး ခဲ့သည့် ပြန်လည်တည်ဆောက်ခဲ့ခြင်းမရှိသော အနောက်ဘက်နန်းမြို့ရိုးအလယ်ပေါက်၏ စည်ရှည် တံတားနေရာကိုကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက စည်ရှည်တံတားကို ပြန်လည်တည်ဆောက် မည်ဆိုပါက မူလတံတားပုံစံအတိုင်း၊ အရွယ်အစားအတိုင်း ရှေးမူမပျက်ပြန်လည် တည်ဆောက် နိုင်ရေးအတွက် ခိုင်မာသည့်အထောက်အထားများ၊ ဓာတ်ပုံမှတ်တမ်းများ ပြည့်စုံစွာပြုစုစီမံပြီး ပူးပေါင်း ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။