သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ တူးဖော်ပြုပြင်ထိန်းသိမ်းမှုနှင့် ရှေးဟောင်းအဆောက်အအုံများပြုပြင်ထိန်းသိမ်းမှုအခြေအနေတို့ လှည့်လည်စစ်ဆေး နေပြည်တော်၊ ဩဂုတ်၁၁

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု)  ဒုတိယဝန်ကြီး ဒေါ်နုမြဇံ သည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ  လိုက်ပါလျက် ဩဂုတ်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ တူးဖော်ပြုပြင်ထိန်းသိမ်းခြင်း၊ ရှေးဟောင်းအဆောက် အအုံများပြုပြင်ထိန်းသိမ်းခြင်းတို့ကို  လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

          ဒုတိယဝန်ကြီးသည် သာသနာ‌ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့သည့် ခရေလောကန် ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်  သမ္ဘူလကန် ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ ဆောင်ရွက်ခဲ့သည့်  ကန်သစ်ကန် (ပြာသာဒ်ကန်) တို့သို့ သွားရောက်၍ ရှေးဟောင်းရေကန်များ ဆယ်ယူထိန်းသိမ်းမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပါသည်။ ဒုတိယဝန်ကြီးက အဆိုပါ ရေကန်များသည်  ပုဂံခေတ် ရေအသုံးချမှုတွင် အရေးပါခဲ့သော ရှေးဟောင်းရေကန်များ ဖြစ်သည့်အပြင်  ဒေသခံများ၏ သောက်သုံးရေ၊ စိုက်ပျိုးရေတို့တွင် အထောက်အကူဖြစ်ခြင်း၊ ကျေးငှက်တိရစ္ဆာန်များ သောက်သုံးရေ  အသုံးပြုနိုင်ခြင်းတို့ကြောင့် ရေရှည်အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်နှင့် ရှေးဟောင်းအမွေအနှစ်များ ထိခိုက်မှုမရှိစေရေး အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက် (HIA) စစ်ဆေးပြီးမှ ဆောင်ရွက်ရန်၊ သမ္ဘူလကန်ရှိ ရေပိုလွှဲသည်  မြင့်နေသဖြင့် အနည်းငယ် နှိမ့်ချပေးရန် မှာကြားပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သာသနာ‌ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရေလမ်းကြောင်း အမှတ် – ၁ ရှိ ရေမြောင်းများ ပြန်လည်ဆယ်ယူ ထိန်းသိမ်းထားမှု ကြည့်ရှုစစ်ဆေးရာ အဆိုပါလုပ်ငန်းများသည် ပုဂံခေတ်ရေစီမံခန့်ခွဲမှုစနစ် ရေလမ်း ကြောင်းများဖြစ်သဖြင့် ရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်ရာတွင် Topographic Map များ ရေးဆွဲ၍ စနစ်တကျဆောင်ရွက်ရန်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ညောင်ဦးခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့တို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်၊ လုပ်ငန်းများကို ဘဏ္ဍာငွေအလေအလွင့် မရှိစေရေး၊ သတ်မှတ်အချိန်မီ ပြီးစီးစေရေး စနစ်တကျ ဆောင်ရွက်ရန် မှာကြားပါသည်။

          ၎င်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့သည့် နန္ဒာကန် တူးဖော် ဆယ်ယူပြီးစီးမှု  နှင့် အကာအရံဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး   နန္ဒာကန်၏ အကာအရံ ဆောင်ရွက်ထားမှုအား အာနန္ဒာဘုရားဂေါပကအဖွဲ့က ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားပါသည်။

          ပုဂံမြို့ဟောင်း အရှေ့ဘက်ကျုံး တူးဖော်မှုနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနမှဆောင်ရွက်မည့် မြောက်ဘက်ကျုံးတူးဖော်ရန် နေရာသို့ ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ က ရှင်းလင်းတင်ပြပါသည်။ ဒုတိယဝန်ကြီးက   ပုဂံခေတ်ရေလမ်းကြောင်းများနှင့် ချိတ်ဆက်လျက် ရှိသည့်  ကျုံးဖြစ်သဖြင့် တူးဖော်မှုမဆောင်ရွက်မီ အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက် (HIA) စစ်ဆေး၍ အမွေအနှစ်များထိခိုက်မှုမရှိစေရေး စနစ်တကျ ဆောင်ရွက်ရန်၊  တူးဖော်သုတေသနပြုပြီး မှတ်တမ်းထားရှိကာ ဘဏ္ဍာရေးနှစ်အလိုက် နှစ်စဉ် စဉ်ဆက်မပြတ် တူးဖော်သုတေသနပြုနိုင်ရေး တင်ပြဆောင်ရွက်ရန်၊  ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသည် ကမ္ဘာ့အမွေအနှစ်ဒေသတစ်ခု ဖြစ်သဖြင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ စနစ်တကျတူးဖော်သုတေသနပြုမှတ်တမ်းထားရှိနိုင်ရေး အလေးထားဆောင်ရွက်ရန်မှာကြားပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်   အာနန္ဒာဘုရား ဖူးမြော်ကြည်ညိုပြီး  နိုင်ငံတော် အကြီးအကဲ လမ်းညွှန်မှာကြားချက်များအား ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့တို့က အာနန္ဒာဘုရား၏လိုဏ်အတွင်း တောင်ဘက်နှင့် မြောက်ဘက်ရှိ ဆင်းတုတော်(၂)ဆူအား ရွှေသင်္ကန်းကပ်လှူ ပူဇော်ပြီးစီးမှုနှင့် စေတီတော်ပြင်ပမှ မိုးရေကာကွယ်နိုင်ရန် ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းစမ်းသပ် ဆောင်ရွက် လျက်ရှိသည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ရာ  ဒုတိယဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ အားလုံးပြီးစီးအောင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကလည်း ကြပ်မတ်၍ ဆက်စပ် ဌာနများက တွန်းအားပေး ဆောင်ရွက်သွားရန်၊ အပြင်လိုဏ်ပတ်လမ်းပတ်လည်ရှိ ဗုဒ္ဓဝင် ဇာတ်တော်များ၏ Caption များတွင် အင်္ဂလိပ်ဘာသာဖြင့်ပါ ရေးသားရန်၊ မြန်မာဘာသာ Cap Board ကို အနုလက်ရာလှပသေသပ်စွာ ပြုလုပ်ရန်၊ ဗုဒ္ဓခြေတော်ရာပေါ်တွင် အလှူငွေတင်လှူမှုများ မပြုစေရေး တားမြစ်၍ အလှူခံပုံး သီးသန့်ထားရှိ ဆောင်ရွက်ရန်မှာကြား‌ပါသည်။

          ထို့နောက် အိန္ဒိယနိုင်ငံအစိုးရ အကူအညီဖြင့် Archaeological Survey of INDIA (ASI) အဖွဲ့မှ ပြုပြင်ထိန်းသိမ်းလျက်ရှိသည့် ရှေးဟောင်းအဆောက်အအုံအမှတ် (၁၇၉၁) ရွာဟောင်းကြီး ဘုရားတွင် နံရံပန်းချီပိုင်းနှင့် အဆောက်အအုံကြံ့ခိုင်မှုဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများနှင့် ပတ်သက်၍ အိန္ဒိယပညာရှင်အဖွဲ့က အသေးစိတ်ရှင်းလင်းတင်ပြရာ လက်ရာကောင်းကောင်းဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဌာနကပါ ပူးပေါင်းဆောင်ရွက်ရန်နှင့် အိန္ဒိယအဖွဲ့၏ ပညာရပ်ဆိုင်ရာများပါ ရရှိအောင် လေ့လာရန် မှာကြားပါသည်။ ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် ရွာဟောင်းကြီးကန်အား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပါသည်။ ဒုတိယဝန်ကြီးက   ရွာဟောင်းကြီးရေကန်သည် ဘုရားအစုအဝေး Complex အတွင်း တည်ရှိခြင်း၊ ရေသွင်းမြောင်းများ၊ ‌ရေကန်အတွင်း နံရံတွင် အုတ်စီထားမှုများ၊ ရေကန်တွင်းသို့ ဆင်းသည့် အုတ်လှေကားများကို ထူးခြားစွာ တွေ့ရှိရသဖြင့် တန်ဖိုးဖြတ်မရသောအမွေအနှစ်ဖြစ်သည့်အတွက် အချိန်ယူ၍ စနစ်တကျ တူးဖော်ထိန်းသိမ်းသွားရန် မှာကြားခဲ့ပါသည်။           ထို့နောက် ဒုတိယဝန်ကြီးသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဆောင်ရွက်လျက် ရှိသည့် ရေတော်မုနိကန် တူးဖော် ဆယ်ယူမှု ကြည့်ရှုစစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန တာဝန်ရှိသူက ရေတော်မုနိကန် တူးဖော်ရာတွင်  မူလအုတ် ရေကန် များ၏ အုတ်ရိုးများ တူးဖော်တွေ့ရှိသဖြင့် ထိခိုက်ပျက်စီးမှုမရှိစေရေး အချိန်ယူ၍ တူးဖော် ဆောင်ရွက် လျက်ရှိပြီး   ရှေးမူမပျက် စနစ်တကျပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည့်အခြေအနေကို ရှင်းလင်းတင်ပြပါသည်။ ဒုတိယဝန်ကြီးက ရှေးဟောင်းရေကန်များ ပြန်လည်ဆယ်ယူတူးဖော်ရာတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသည် ကမ္ဘာ့အမွေအနှစ်ဒေသ ဖြစ်သည်နှင့်အညီ ယဉ်ကျေးမှုအမွေအနှစ်မထိခိုက်စေရန် စိစစ်အကြံပြုချက်များနှင့်အညီ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။