သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါ်နုမြဇံ တောင်ငူမြို့ရှိယဉ်ကျေးမှုအမွေအနှစ်များကြည့်ရှုစစ်ဆေးခြင်း၊ တောင်ငူ၊ ဩဂုတ် ၁၃

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ သည် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင် နှင့် ပဲခူးဌာနခွဲတာဝန်ခံတို့လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ ယဉ်ကျေးမှုအမွေအနှစ် များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တာဝန်ရှိ သူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

          ဒုတိယဝန်ကြီးသည် ခရစ်နှစ် ၁၅၁၀ တွင် မင်းကြီးညိုတည်ထောင်ခဲ့သော ကေတုမတီ မြို့ဟောင်း စင်တံခါးအနီးတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သုတေသနပြုဖော်ထုတ်ထိန်းသိမ်းခဲ့သော မြို့ဝင်ပေါက်နှင့် မြို့ရိုးနေရာအား သွားရောက်ကြည့်ရှု စစ်ဆေးရာ၊ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ မြို့ရိုး၏အစိတ်အပိုင်းများ၊ ပြအိုး၊ ပြကလေးများအား နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ  ပုံပေါ်အောင် ရှာဖွေလေ့လာဖော်ထုတ်ရန်နှင့် အရှေ့တောင်ထောင့်စေတီဖြစ်သော သာရမဉ္ဇူစေတီ ပြန်လည် ဖော်ထုတ် ထိန်းသိမ်းရန် လမ်းညွှန်မှာကြားချက်နှင့်အညီ ဆက်လက်ဆောင်ရွက်ရန် မှာကြားခဲ့ ပါသည်။ ထို့နောက် ခရစ်နှစ် ၁၈၆၄ ခုနှစ် တွင် တည်ဆောက်ခဲ့သော မြို့လေးခံတပ်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ခံတပ်အုတ်ရိုးနံရံများပေါ်တွင် ပေါက်နေသော ညောင်ပင်များအား စနစ်တကျ ဖယ်ရှားရှင်းလင်းရန်နှင့် မူလကတည်ဆောက်ခဲ့သော ခံတပ်ပန္နက်ခုံအား ပြန်လည် ဖော်ထုတ်ထိန်းသိမ်းရန် မှာကြားခဲ့သည်။

          ထို့နောက် ကေတုမတီမြို့ဟောင်း ကျုံးနှင့်မြို့ရိုး၏ လက်ရှိအခြေအနေကို မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အနောက်တောင်ထောင့်ရှိ မြသိန်းတန်စေတီနှင့် အနောက်မြောက်ထောင့်ရှိ မဉ္ဇူသာရစေတီများကို သွားရောက်ဖူးမြော်ကြည်ညိုပြီး မပြုပြင်မီက မှတ်တမ်းဓာတ်ပုံများအား ပြန်လည်ရှာဖွေထားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးသည် ၂၀၁၉ ခုနှစ်က ပြန်လည်ဖော်ထုတ် ထိန်းသိမ်းထားသော ကေတုမတီမြို့ဟောင်း ရေကျုံးအား ရန်အောင်မြင်တံခါးနေရာမှ ကြည့်ရှုစစ်ဆေးပြီး ကျုံးအမြဲ သန့်ရှင်းသာယာလှပစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် မြို့ရိုးကို ပြန်လည် ဖော်ထုတ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

၂ ထို့နောက် ခရစ်နှစ် ၁၆၀၀ တွင် ဖြစ်ပွားခဲ့သောစစ်ပွဲတွင် တောင်ငူဘုရင် မင်းရဲသီဟသူနှင့် နတ်သျှင်နောင်တို့၏ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်မှုကြောင့် ယိုးဒယားဘုရင် ဖရာ့နရေဆွန် (ဗြနရာဇ်) ၏တပ်များ ကျုံးအတွင်းမှ ရေများဖောက်ထုတ်သည့် တူးမြောင်းနေရာ (ယိုးဒယားပေါက်) အား အများပြည်သူလေ့လာနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြုပြင်မွမ်းမံဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အထောက်အထားပိုမိုပြည့်စုံအောင်ရှာဖွေရန်နှင့် ရှေးယခင် ကာလကတည်းက အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားခဲ့သည့် ဆောင်ရွက်မှုများကို ပြည်သူများသိရှိအောင် ထပ်မံဖြည့်စွက် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။