သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ မျက်နှာစုံညီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိ ရန်ကုန် ဩဂုတ် ၁၅

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ  ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပခဲ့သည့် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ၏ မျက်နှာစုံညီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ မျက်နှာစုံညီအစည်းအဝေးကို လာအိုနိုင်ငံ၊ အာဆီယံလူမှု – ယဉ်ကျေးမှုဝန်ကြီးဖြစ်သူ ယဉ်ကျေးမှု၊ ခရီးသွားနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီး Mrs. Suansavanh Viyaket က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံလူမှု – ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၊ ဆက်စပ် လုပ်ငန်းအစုအဖွဲ့များမှ အလှည့်ကျဥက္ကဋ္ဌများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တီမောလက်စတေနိုင်ငံမှလေ့လာသူများ တက်ရောက် ခဲ့ကြပါသည်။

၁၂-၈-၂၀၂၄ ရက်နေ့(အစည်းအဝေးပထမနေ့)တွင် ကျင်းပသည့် အာဆီယံနိုင်ငံများမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် မျက်နှာစုံညီအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဆွေးနွေးပြောကြားရာတွင် လာအိုနိုင်ငံ၏ ၂၀၂၄ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကာလအတွင်း အောင်မြင်မှုများအတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းအတွက် လာအိုနိုင်ငံ၏ ဦးစားပေးကဏ္ဍများသည် အာဆီယံ ဒေသကြီး၏ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်း မြှင့်တင်ရေးတို့သည် များစွာအရေးပါပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လာအိုနိုင်ငံ၏ ဦးစားပေးကဏ္ဍများနှင့် ၂၀၂၅ အလွန် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း မဟာဗျူဟာအစီအစဉ် ရေးဆွဲရေးတို့အား အပြည့်အဝထောက်ခံပါကြောင်းနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ကျင်းပပြုလုပ်သည့် အာဆီယံ၏ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များနှင့် မျက်နှာစုံညီအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် လာမည့် ၁၀ နှစ်မှ နှစ် ၂၀ အတွင်း ပထဝီဝင်နိုင်ငံရေးနှင့် လူမှု စီးပွားပြောင်းလဲမှုများအပေါ် အတွေးအမြင်များသည် အာဆီယံ၏ ဒေသတွင်း ဝိသေသ လက္ခဏာနှင့် ဗဟိုကျမှုတို့အား လိုက်လျောညီထွေဖြစ်စေမည့် မဟာဗျူဟာများအား မီးမောင်းထိုးပြနေကြောင်းကို ပြောကြားလိုပါကြောင်း၊ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၏ ဆွေးနွေးချက်များသည် အာဆီယံပြည်သူများအတွက် ရေရှည်တည်တံ့သော ဖွံဖြိုးတိုးတက် ရေးနယ်ပယ်များအပေါ် ဦးစားပေးခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အားမြှင့်တင်ရန် ရည်မှန်းချက်နှင့် ကိုက်ညီ ပါကြောင်းပြောကြားခဲ့ပါသည်။

ယင်းနေ့ ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့အား လာအိုနိုင်ငံ၊ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှတည်ခင်းဧည့်ခံသော ကြိုဆိုညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

၁၃-၈-၂၀၂၄ ရက်နေ့ (အစည်းအဝေးဒုတိယနေ့)တွင် ကျင်းပသည့် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင် လုပ်ငန်းအစုအဖွဲ့များမှ အလှည့်ကျဥက္ကဋ္ဌများနှင့် မျက်နှာ စုံညီအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် ASCC Post-2025 မဟာဗျူဟာစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်လုပ်ငန်းစုအဖွဲ့များမှ အလှည့်ကျဥက္ကဋ္ဌများ မျှဝေထားသော အတွေး အမြင်များနှင့် ဆွေးနွေးမှုများအတွက် ကျေးဇူးတင်ပါကြောင်း၊ အနာဂတ်အတွက် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအပေါ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်သုံးသပ်ရန် လိုအပ်ပါကြောင်း၊ မဟာဗျူဟာမြောက် အမြော်အမြင်ရှိမှု၊ လိုက်လျောညီထွေရှိမှုနှင့် ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှုအပေါ် အလေးပေးမှုသည် ASCC ၏ အစီအစဉ်များ အပြန်အလှန် ဆက်စပ်မှု ရှိပြီး ထိရောက်မှုရှိစေရန် အရေးကြီးပါကြောင်း ပြောကြားခဲ့ပါသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ၁၄.၈.၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ မြန်မာနိုင်ငံသံရုံးသို့ သွားရောက်၍သံရုံးဝန်ထမ်းများနှင့် တွေ့ဆုံကာ တို့တာဝန် အရေးသုံးပါးဦးထိပ်ထား၍ နိုင်ငံတော်နှင့်ပြည်သူများအပေါ် သစ္စာရှိရန် လိုအပ်ကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာအကျိုးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ် ကြရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် သည် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပပြုလုပ်သည့် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီ၏မျက်နှာစုံညီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး  ၁၄-၈-၂၀၂၄ ရက်နေ့၊ ၂၀:၀၅ နာရီတွင် မြန်မာနိုင်ငံသို့ Myanmar Airways International လေကြောင်းလိုင်းဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။